Tagged politics ရောင်းဈေးတပ်ထားတဲ့ နိုင်ငံရေး
(မနှစ်က ဒီနေ့မှာရေးခဲ့တာ)
ကျွန်တော် ပိုက်ဆံမယူဘဲ ဆေးကုပေးဘူးတာ၊ အခမဲ့မေးတာဖြေတာလုပ်နေတာကြောင့် ပြည်သူ့ဆရာဝန်၊ ဘာညာ စသဖြင့် ပြောကြတယ်။ တယောက်ကတော့ ကျွန်တော့်မိဘတွေကဆင်းရဲလို့ ကျွန်တော်လုပ်တာတွေက ဆင်းရဲသားတွေအတွက် များတယ်၊ လက်ဝဲဆန်တယ်တဲ့။ မိုက်ပါ့။ ကျွန်တော်က လူနာဘဏ်စာရင်း မေးမကြည့်ပါ။ ဘာဖြစ်နေသလဲ ၁-၂-၃ ပဲမေးတယ်။
ကျွန်တော် ဝေါဟာရတွေနဲ့ ရန်ဖြစ်နေတာကြာပြီ။ ဘားမားကနေ မြန်မာလုပ်တာလည်းပါတယ်။ အဲဒီကတည်းက မြန်မာမှာ၊ မြန်မာပြန်တော့လို့ ပြောလိုက်ကြတယ်။ အရင်က တိုင်းပြည်မရှိခဲ့သလိုပဲ။ မြန်မာပြန်တော့လို့ဆိုရင် ဘာသာပြန်တယ်ပဲ မှတ်တယ်။
ဒိအရင်ကလည်း တောင်သူလယ်သမားတွေကို ဦးကြီးခေါ်တာလည်းပါတယ်။ နေရာတကာ ပြည်သူလို့ နာမည်တပ်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်က။ စစ်အစိုးရလက်ထက်မှာ ပြည်ထောင်စုလို့ လုပ်လာတယ်။ ကျွန်တော်က နာမည်တပ်ပြီး လုပ်ပြတာကို အကောင်းမထင်တတ်ပါ။
နာမည်တခုခု တပ်လိုက်ရင် သွားပြီ။ အဟုတ်ကြီးမှတ်ပြီး နာမည်နောက်သာလိုက်တော့တယ်။ သိပ်ကြာကြာမစောင့်ရပါ အခြောက်တိုက် ချီးမြှောက်တာလား၊ အထင်ကြီးအောင် အမွှမ်းတင်တာလား ပေါ်လာမယ်။
အဲလိုပြောတော့ လက်ဝဲလို့ မစွပ်စွဲနဲ့အုန်း။ လက်ဝဲတွေက လူအများကိုစည်းရုံးနည်းမှာ တဖက်ကမ်းခတ်တတ်တယ်။ နောက်တက်တွေက ခြေဖျားတောင်မမီကြဘူး။ မြန်မာပြည်မှာဖြစ်ခဲ့တာတွေကို မသိတော့ရင် မြောက်ကိုရီးယားကိုကြည့်။ လက်ဝဲနဲ့လက်ျာကို ရေးထားတယ်။ လက်နှစ်ဖက်လုံး သုံးသင့်ကြောင်း။ လက်ဝဲလည်းမဟုတ်၊ လက်ျာလည်းမဟုတ်လို့ မပြောနဲ့ဦး။ ဒုက္ခိတမဟုတ်ပါ။ နှစ်ခုလုံးသုံးတတ်ရတယ်။
ဒေါက်တာတင့်ဆွေ
၃-၁-၂ဝ၁၆

Comments
Post a Comment