မိုဃ်းကောင်းပါစေသတည်း


မိုးကိုရော ဘာကြောင့် ရှေးခေတ်စာပေတွေထဲကလို မိုဃ်းလို့ မရေးတော့ပါသလဲ ဆရာ


အဲဒါမျိုးက ခေတ်သဘောအရ ပြောင်းလဲခြင်းမည်တယ်။ ခက်တာကို လွယ်စေတယ်။ ရှင်းလင်းစေတယ်။ ဆိုလိုချက် မပြောင်းလဲပါ။


မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ ယ္ခု၊ မိမ္မ၊ ဆုမ္မ စသည်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။


ဝစ္စနှစ်လုံးပေါက်တွေနဲ့ အောက်မြစ်တွေ ဖြုတ်ရေးလာတာ ကြာပြီ။ ၁၉၅၃ နဲ့ ၁၉၅၄ ခုနှစ်ထုတ် သတ်ပုံကျမ်းတွေမှာ ပါသေးတယ်။ ၁၉၆၁ ခုနှစ်ထုတ် ဝဏ္ဏဗောဓနသတ်အင်းမှာ မပါတော့ပါ။


ကင်းဝန်မင်းကြီး ရေးသားခဲ့တဲ့ နေမိရကန်

တပွဲတလမ်း၊ ထမ်းမည်ရွက်မည်၊ ဆက်ဆပ်မည်တိ၊ ကြံစည်ရှိရင်း၊ နှလုံးသွင်းဟု၊ ပျံ့သင်းကြူထုံ၊ ပဒုမုံနှင့်၊ နေရုဏ် နှိုင်းလျော်၊ အမိန့်တော်လဲ၊ စေ့ဆော်ခန့်သင့်၊ ကြိမ်သဖြင့်၊ ပွင့်တော့မည် ရွှေနားချိုလော့။


ရွှေဘုန်းတော်ရိပ်၊ မြန့်တဆိပ်လည်း၊ အကျိပ်ကယ်ဆယ်ဆူ၊ မင်းထီးမူသမျှကို၊ လွယ်ကူဧကန်၊ ရမည်မှန်သောကြောင့်၊ ရကန်တဆူ၊ အသစ်မူဆဲတွင်၊ လူတလုံးမှတ် နတ်ဆယ်ကိုးလုံး၊ ကူ၍ကုံးသည့်နှယ်၊ မှတ်ကြုံးကျယ်ချဲ့၊ ပြီးလွယ်တဲ့ လွန်းလို့၊ စာဘွဲ့ရင်း စိတ်ကတင်းသည်။   ။ ရောင်ရှင်လေးရပ်၊ တလျှပ်လျှပ်နှင့်၊ တပ်ချပ်ရစ်ခြံ၊ ခုနှစ်တန့်ပေသည်၊ တောင်ပြန့်နှင့် သီဒါ၊ ဗွေချက်ချာတွင် မဟာမြင့်မိုရ်၊ နတ်ပေါင်းခို၍၊ ဂြိုဟ်တာရာမြတ်၊ ကြယ်နက္ခတ်တို့၊ လှည့်ပတ် ရစ်ခွေ၊ ကြက်သရေတိ၊ မြေတောင်ပို့ပြို၊ နွားချိုခန့်သာ၊ တဆိပ်စာများက၊ စွာဝံ့မည်လား၊ ကြွားဝံ့မည်ခွင့်၊ သင့်မသင့်၊ ထောက်ချင့်စရာ၊ ရှာစမ်းဘွေစမ်း၊ နှမ်းတလုံးရှိ၊ သတိမမြော်၊ မော်ခွင့်လည်မမြင်၊ သူပြိုင်ချင်ကတဲ၊ ဂုဏ်မထင်လောက်ဘူး၊ မနူးမနပ်၊ မလိမ္မာကမ်းခပ်၊ ကသတ်မိုက်ပိုင်း၊ ဂုဏ်တပူးရိုင်း၊ လူတိုင်းမုန်းစရ၊ ထုံးပမာဏကဲ့သို့၊ အမရရန်ချွေ၊ မြေနက်သန်မြင့်၊ ဦးကင့်ဓိပတိ၊ နန်းဇာတိများမှာ၊ ရာဇာဓိရာဇိန္ဒ၊ ပဉ္စမဘုန်း၊ မိုဃ်းသို့ချုန်းရက်ကို၊ တောပုန်း တောင်သူ၊ လူမည်ကာများ၊ မိုက်ဂုဏ်နှင့်ကြွားမချည်း၊ စကားနက်တံ၊ အစီမံကို၊ ကာရန်သင့်သင့်၊ မချင့်နိုင်ဘဲ၊ ရွှေနန်းပွဲမှာ၊ သုံးစွဲမဝင်၊ ပြစ်တင်ဘွယ်ရာ။   ။ တုတုပပ၊ ယမ်းဆဟုတ်နိုး၊ ဆင်ကန်း တိုးသည့်နှယ်၊ အကျိုးနှင့် စပ်သမျှလည်း၊ အပ်ဖျားခန့်ပမာ။   ။


တဖျင့်ရှောင်၊ တဖျင့်ရှား၊ မိုဃ်းတဖျင့် သုန်ရွာသည်၊  (အင်းဝခေတ်ပေါ် ဆရာတော်ရှင်ဣန္ဒဂုတ္ထရေး နဝရတ်ပျို့)


အရင်က (မြောံ) ဆိုတာ မြောက်။ (င်) ဆိုတာ မောင်။


အစဉ်အလာရှိတာတွေကိုတော့ မပြင်သင့်ပါ။ မန္တလေး၊ မုတ္တမ၊ မိတ္ထိလာ (မိတ္ထီလာ)၊ ပခုက္ကူ၊ ဟုမ္မလင်း၊ နတ္တလင်း၊ မုပ္ပလင်၊ အလ္လကပ္ပ၊ သခွတ္တနယ်၊ သေတ္တရာရွာ၊ သာဝတ္ထိ၊ စေတုတ္တရာ၊ နမ္မတူ၊ သရေခေတ္တရာ၊ ဇန္နဝါရီ၊ ဧပြီ၊ စက်တင်္ဘာ၊ နိုဝင်္ဘာ၊ ဒီဇင်္ဘာ၊ ကမ္ဘာ၊ အင်္ကျီ၊ ယောက်ျား၊ သင်္ကြန်။


အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေး၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ စတာတွေကို အဆင့်မပါလည်း မှားစရာ မရှိပါ။


မြန်မာ့စွယ်စုံကျမ်းထဲက ရေးခဲ့တာတွေကိုလည်း ပြင်လာကြတယ်။ ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ။ ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား။ ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား။ ယန်ဆီမြစ် = ယန်စီမြစ်။ ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို။ ဗဲလဂျီယမ် = ဗယ်လဂျီယန်။ ကွန်မျူနစ် = ကွန်မြူနစ်။ တီဗီရောဂါ = တီဘီရောဂါ။ ပိုမှန်တယ်။


(တ) ကို မလိအပ်ဘဲ (တစ်) ရေးတာ လျှာရှည်တာ။ အပိုတွေ မမှန်။ အလိုတွေ မှားတယ်။


တရုပ်ပြေးမင်းကို အရင်က တရုက်ပ္လိယ်မင်းလို့ ရေးခဲ့တယ်။ တချို့အပြောင်း ကောင်း၏။ တချို့အပြောင်း မကောင်း။


သကျမုနိ မိုဃ်းကောင်းဘုရားကြီး

ရွှေဘုံသာ မိုဃ်းကောင်းစေတီတော်

ပညာဒါန မိုဃ်းကောင်းကျောင်း

မိုဃ်းမခ ပိုးထည် ချည်ထည်

မိုဃ်းကောင်းကင်ပန်းချီ

မိုဃ်းဝေ ကဗျာများ 


မြန်မာတပြည်လုံးမှာ မိုဃ်းကောင်းပါစေသတည်း။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ