ဉ နဲ့ ဥ မတူပါ





ဆရာ ဥာဏ်လိုပေါင်းရသလားညာဏ်လိုပေါင်းရသလာဗျာ


ဉ နဲ့ ဥ အတော်ကို မတူပါ။ (ဉ) က ည အောက်ကဖြစ်တယ်။ (ဥ) က အ အောက်ကဖြစ်တယ်။ သရအက္ခရာ ၁၂ လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။


ပုံနှိပ်စာအုပ်တွေမှာ ကွဲလွဲနေတာတွေရှိတယ် အရင်က ခဲစာလုံးစီပြီးပုံနှိပ်ရစဉ်က (ဉ) နဲ့ ရေးရမှာကို လွယ်တဲ့ (ဥ) နဲ့ ရိုက်ခဲ့တာတချို့တွေ့ရတယ်။ ခုခေတ်မှာ ကီးဘုတ်တွေကနေ လွယ်တာယူရိုက်နေကြတယ်။ 


အလွမ်းပြေ အမေရေးတဲ့

ကောက်ကွေးကွေး အက္ခရာ။

ခဲတံကို တံတွေးဆွတ်လို့

ဖျက်ပွတ်ရာ အစုံစုံနဲ့

စာသတ်ပုံ မမှန်ကန်လဲ

အမေ့ဥာဏ် ဘယ်လိုကောင်းပါလိမ့်

ပျောင်းညွတ်သည့်စာ။ (တင်မိုး)


ဟယ် ကိုယ့် လူက သိပ်ဟုတ်နေပါပြီလား။ ကိုသိန်းမောင်က ကိုယ်ပိုင်ဥာဏ် သိပ်ပြီး မပွင့်လင်းပေမယ့် ဥာဏ်ဓာတ် ကူးနိုင်တဲ့လူမျိုး ထင်ပါရဲ့။ ကိုယ့်လူနဲ့ပေါင်းရတာ တခါတခါမှာ ကျုပ်အဖို့ သိပ်ပြီး ဥာဏ်တိုးစေတယ်ဗျာ။ ကျေးဇူးပါဘဲ။ (ရွှေဥဒေါင်းရေးသားတဲ့ စုံထောက်ဦးစံရှား)


၂။ တနင်္ဂနွေသားများသည် သူတပါးထက် ထူးကြသဖြင့် စူးရှသောဉာဏ်အဟုန်ဖြင့် ပြည့်စုံသည်ဟူသော လျှောက်ထားဟန်ကို ထောက်ခံဖြေဆိုတော်မူခြင်း (သင်္ဂဇာဆရာတော်ကြီး စကားပုံနှင့် သတ်ပုံ)


ဇာတ်ဉာဏ်ခိုင်၊ တပင်တိုင်ဖြင့်၊ မယိုင်မညွတ်၊ ခေါင်တမွတ်သို့၊ လတ်လတ်ဘုန်းရင့်၊ မတ်မတ်တင့်လျက်၊ သာပွင့်လင်းလင်း၊ ပြိုင်ဆွယ်ကင်းသား၊  လူမင်းစည်းစိမ်၊ ဗိမာန်အိမ်၌၊ ချမ်းငြိမ်စံပယ်၊ တန်ခိုးကြွယ်မှ၊ သုံးဆယ်ပါရမီ၊ ဖြည့်ညီများထွေ၊ သုံးလူ့ဆွေတို့၊ ကုဋေတွက်ကျိန်း၊ တသိန်းစကြာဝဠာ၊ အာဏာဖြန့်ချဲ့၊ တုမဲ့ဓမ္မရာဇ်၊ ဖြစ်စိမ့်သောငှာ၊ မဟာသီရိ၊ ဇောဓိပလ္လင်၊ ရွှေနန်းတင်က၊ (ရှင်မဟာရဋ္ဌသာရရေးသားခဲ့တဲ့ သံဝရပျို့)


လွတ်ကြောင်း ရန်သာ - လက်စုံဖြာ၍

ညာကြေ တခွင် - မြန်မြေပြင်ဝယ်

မွေရှင် ဆူဆူ - ပုထိုး ဂူနှင့်

ကြည်ဖြူ ညွှတ်တွား - စေတီများမှ

ရုပ်ပွား စုစု - မြတ်ဆင်းတုအား

တခု မကျန် - ချစ်ဆုပန်လည်း

မပြန် ဆိတ်ဆိတ် - နှုတ် ပိတ်ပိတ်နှင့်

နိမိတ် မထင် - ချစ် မပြင်၍

မခင် စက်ဆုပ် - ကျွန့် နာမ်ရုပ်ကို

ငြိမ်းချုပ် စေရန် - နိဗ္ဗူ ပန်သည်


ဘယ်ဥာဏ် ဘယ်ဟိတ် ဘယ် ဗိုလ်နည်း။ (လက်ဝဲမင်းညို ရေးသားတဲ့ ပဒေသာရတုများ)


ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အဝါခြယ်၍

မာလာအလယ်မှာ နွဲ့ချင်တဲ့နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့

မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့

အရေး အခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။ (ဇော်ဂျီ)


ဦးဘဥာဏ် (ပန်းချီ) ကတော့ လူအမည်ဖြစ်တယ်။ လူအမည်ကို ကိုယ်သဘောကျ ရေးကြတယ်။


ဒေါက်တာတင့်ဆွေ

၁၈-၈-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး