ဖေါ်မြူလာဆိုတာ ထွင်လုံးသာ
မြန်မာစာရေးထုံးမှာ ဖေါ်မြူလာမရှိခဲ့ပါ။ နောက်မှာ ပုံသေနည်းတွေနဲ့ သင်ပေးလာကြတယ်။
(၁) မ နောက် ဘဲ လိုက်။ နေရာတိုင်းမှာ မမှန်ပါ။
(၂) ခင်ငူဂေါဒေါပုံဝ။ နေရာတိုင်းမှာ မမှန်ပါ။
(၃) ရေတွက်လို့ရရင် တစ်။ နေရာတိုင်းမှာ မမှန်ပါ။
မြန်မာစာမှာ ဖေါ်မြူလာ ခေါ် ပုံသေနည်းနဲ့ သင်ပေးရေးသား ဟောပြောနေတာတွေတိုင်းဟာ နေရာတိုင်းမှာ အသုံးကျတာ မဟုတ်ပါ။
(၁) မ နောက် ဘဲ လိုက်။
မြန်မာအဘိဓာန်မှာ -
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။
ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။
ကဝိဓဇသတ်ပုံကျမ်း
ပဲ (ပဲး) = ပဲကြီးဟင်း၊ ပဲကြော်၊ ပဲလှော်၊ ပဲစဉ်းခုန်၊ ပဲချဉ်ပေါင်၊ ပဲစောင်းလျှား၊ ပဲပိစပ်၊ ပဲတီချဉ်၊ ပဲလင်းမြွေသီး၊ ပဲပုစွန်၊ စားတော်ပဲ၊ ဗိုလ်စားပဲ၊ မြေပဲ၊ ပဲစိမ်းစားဥ၊ ဝမ်းပဲငှက်၊ တပဲလေးရွေး၊ မပြောပဲ၊ မဆိုပဲ၊ မလာပဲ၊ မလုပ်ပဲ၊
ဘဲ (ဘဲး) = ဘဲဥ၊ ဘဲသား၊ ဘဲငန်း၊ ဝမ်းဘဲဟင်္သာ၊ မသွားဘဲ၊ မလာဘဲ၊ မလုပ်မကိုင်ဘဲ၊ မခေါ်ဘဲ၊ သနခါးဘဲကျားရိုက်၊
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ)
ဂုဏ်ထူးဦးသိန်းနိုင်က ဆယ်တန်းကနေ ဝိဇ္ဇာတန်းခေါ် ဘီအေဘွဲ့ပြီးတဲ့အထိ တန်းစဉ်တိုင်းမှာ မြန်မာစာဂုဏ်ထူး ရခဲ့သူဖြစ်တယ်။ သူက ကျွန်တော်ဆယ်တန်းအထိနေခဲ့တဲ့ မုံရွာမြို့ အထက (၂) ကနေ ပဌမဆုံးဂုဏ်ထူးရတဲ့ ကျောင်းသား။ သူနဲ့ ကျွန်တော်တို့ရဲ့ မြန်မာစာဆရာက ဦးချစ်မောင်ဦး ခေါ် ဘုတလင်ချစ်လေး။ သူရေးတဲ့ ခက်ဆစ်ဘဏ်စာအုပ်အစမှာ နဲနဲဘဲပြောမယ်လို့ ရေးတယ်။ ခုခေတ်မှာလို ပဲ နဲ့ ဘဲကို ဖေါ်မြူလာမထုတ်ပါ။
ရေသည်ယောက်ျားဆို
ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်။ လူမြင်သမျှ၊ စိတ်ပျက်အောင် လှပါတဲ့၊ မရေသယ်။ ။ ကုန်သွယ်ရေရောင်း၊ စီးပွားကြောင်းနှင့်၊ လူကောင်း ကိုယ့်မောင်၊ ရုံးလှဆောင်၊ ဝအောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်-ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့်၊ လုံးစွာထား၊ ငွေသားလေးရွေးရှိပါတယ်။ ။ သည်ပစ္စည်းတွေ၊ လေးရွေးငွေကြောင့်၊ စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး၊ ညမှုညလူ၊ သူခိုးများ ပူလွန်းလို့၊ ကိုယ်ထူ-ကိုယ်ထ၊ ကင်းဝတ်လှဲ့၍၊ စောင့်ခဲ့ရ၊ ကာလ မနည်းကြာပါပြီ။ ။ ညစာနံနက်၊ စားရရက်မှာတော့၊ မြက်သီးရောရါ၊ မုရင်းဆိုတဲ့၊ ဆန်အိုတာကို၊ ရတနာချဉ်ပေါင်၊ ငါးပိအရှင်း၊ ဆီမဆင်းတဲ့၊ ဟင်းများနောင်နှင့်၊ အာခေါင်ကိုဆွတ်၊ မဝင်မချင်း၊ လည်ချောင်းကိုစင်းပြီးလျှင်၊ အတင်းသာသွတ်ရတယ်။ ။ ခါးဝတ်လဲမှာ၊ မျက်မြင်ပါဘဲ။ ဥစ္စာပြည့်စုံ၊ ဓနဂုဏ်နှင့်၊ ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲ မမှတ်ပါနှင့် အမိငယ်။
ဦးပုညရေးသားတဲ့ ရေသည်ပြဇာတ်ထဲက ဖြစ်ပါတယ်။ ကျွန်တော်တို့ဆယ်တန်းမှာ ပြဋ္ဌာန်းတယ်။ ခုခေတ်မှာတော့ ဆံထုံးတော်ကြီး၊ တစ်မာသီးတဲ့။
ပဲလည်းကောင်းတယ်။ ဘဲလည်းစားကောင်းတယ်။ အဆင်သင့်တဲ့အခါစား၊ အဆင်သင့်သလို ရေးနိုင်တယ်။ သတိဆွဲမိန့် ပေးခံထားရလို့ အခုထိ သက်သာအဆင့်မရောက်ကြသေးသူတွေ အတော်ညောင်းညာကြရှာမယ်။
ဒေါက်တာတင့်ဆွေ
၂၂-၈-၂၀၂၀
Comments
Post a Comment