ကျွန်တော်တို့ တော်သလား

ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာထဲမှာ စစ်ရေးအတွက်သာ လေ့ကျင့်သင်ကြားတတ်မြောက်သူတွေက တိုင်းပြည် အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ အုပ်စီးခဲ့လို့ တိုင်းပြည်ကြီးဟာ ၂၆ နှစ်အတွင်း ဆီကိုရေချိုး ဆေးရိုးမီးလှုံတဲ့အဆင့်ကနေ အယ်လ်ဒီစီ ဖြစ်လာတော့တယ် လို့ရေးခဲ့တယ်။ ကွန်မင့်တွေထဲက တခုကတော့ အကြွေးတပုံနဲ့ရခဲ့တဲ့ လွတ်လပ်ရေး နောက်ပိုင်း မြန်မာပြည် တကယ်ချမ်းသာခဲ့တာ မ မှန်ပါ။ 

ဟုတ်။ အရင်က တိုင်းပြည် ဒိထက် ချမ်းသာခဲ့သလား ပြောရတာ ခက်ပါတယ်။ ကျွန်တော်က တိုင်းပြည် လွတ်လပ်ရေးထက် ၈ လသာငယ်တယ်။ ငယ်ဘဝ ဖဆပလ ခေတ်ကို လူငယ်သိတော့ သိတယ်။ မြေပဲဆီနဲ့ နှမ်းဆီစစ်တာတွေ သိတယ်။ ကြက်ဆင်ဖဲထီး၊ ဟံသာအေးနိုင်လွန်၊ ပွင့်ကောင်း ငါးပိငံပြာရည်၊ ရွှေကျီးမုံ့ကျွတ် သိတယ်။ ကျောင်းနေတော့ ကမ္ဘာမှာ ဆန်တင်ပို့မှု ထိပ်ဆုံးနိုင်ငံလို့သိတယ်။

လွတ်လပ်ရေးရတော့ ဦးနုက (နိုင်ငံတကာ) ဆိုရှယ်လစ်စီးပွါးရေးလုပ်တယ်။ မြေတွေကို တိုင်းပြည်ပိုင်လုပ်တယ်။ စီးပွါးရေး လုပ်ငန်းတချို့ကို ပြည်သူပိုင်လုပ်တယ်။ ဗဟိုချုပ်ကိုင်စီးပွါးရေးပေါ်လစီလုပ်တယ်။ ဆန်ပို့တာတွေ ကျဆင်းလာတယ် ထုတ်ကုန်တွေ ကျဆင်းလာတယ်။ ပုဂ္ဂလိကစီးပွးရေးဖွင့်ပေးလာရတယ်။ တရုပ်ဖြူအရေးအခင်းကြောင့် အမေရိကန်က မကူညီ။ ကူလည်းမယူခဲ့။ ၁၉၅၈ လောက်မှာ ပြည်တွင်းရေးနဲ့ စီးပွါးရေး ပြန်တက်လာတယ်။ ဖဆပလ ၂ ခြမ်းကွဲတယ်။ 

၁၉၆၂ ဗခ နေဝင်း အာဏာသိမ်းတော့ (မြန်မာ့) ဆိုရှယ်လစ်လုပ်တယ်။ ရှိရှိသမျှ ပြည်သူပိုင်သိမ်းတယ်။ စီမံခန့်ခွဲမှု ညံ့လွန်းတာကြောင့် ၁၉၈၇ မှာ LDC ခံယူလိုက်ရတယ်။ 

လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်လို့ခေါ်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်တယ်။ အဲတာဟာ တိုင်းပြည် ဆင်းရဲခြင်းရဲ့ အကြောင်းခံ အကြီးစားဖြစ်တယ်။ ကနေ့ ပိုများ ပိုဆိုးနေတယ်။ 

နေအိမ်တွေ ညအချိန်တံခါးမပိတ်ပဲ အိပ်လို့ရတယ်။ သူခိုး မပေါလို့။ အဲတာကို ကျွန်တော်နယူးဒေလီရောက်တော့ မြန်မာပြည်ပြန် အိန္ဒိယလူမျိုးတွေက ပြန်ပြောကြတာ။

ဆရာအောင်သင်းဟောတာတခုရှိတယ်။ ဖဆပလ ဝန်ကြီးတွေ တိုင်းပြည်ဘဏ္ဍာငွေတွေကို သုံးရကောင်းမှန်း မသိလို့ ဘဏ်မှာသာထားသတဲ့။ ဒါက ဝန်ကြီးတွေညံ့တာလည်း ပါတယ်။

ကျွန်တော်တို့ ညံ့ခဲ့ပါသည်။ အခုလည်း ဆက်ပြီး ညံ့နေကြပါသည်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ