စုတ်ပြဲနေသော သတ်ပုံကျမ်းများ

၁။ ဆရာခင်ဗျား ရှေးယခင်က သတ်ပုံစာအုပ်တွေက ယခုချိန်မှာ အရမ်းကိုရှားပါးပြီး ဈေးလည်းကြီးပါတယ်။ မရှိသလောက်လည်း ရှာပါးနေတာကြောင့်၊ သတ်ပုံစာအုပ်တွေကို ဈေးနူန်းချိုသာစွာနဲ့ ပြန်လည်ထုတ်ဝေပေးနိုင်မည့်သူကို မျှော်လင့်နေပါတယ် ခင်ဗျ။

၂။ ဆရာရှင့် မြန်မာစာသတ်ပုံမှန်ဖို့ ဘယ်စာအုပ်ဖတ်ရမလဲ လမ်းညွှန်ပေးပါဦးရှင့်

မကြာခဏ ဖြေရတယ်။ အဖြေကို လက်ခံနိုင်သူ အတော်ကို နည်းမယ်။ ၁၉၈၀-၉၀ နောက်မှာစာသင်ရသူတွေက ပေါ်လစီသတ်ပုံကိုသာ သိကြတယ်။ ပြန်ထုတ်စာအုပ် ၉၀% က လျှာရှည်သတ်ပုံတွေ။ ဒေါင်းလုဒ်စာအုပ် ၉၀% ကလည်း တမင်တကာ မှားအောင်ပြင်ထားတာတွေ။ လွတ်လပ်ရေးရပြီးနောက်ထုတ်တဲ့ ဟံသာဝတီတိုက်ထုတ်တွေ အားလုံး ကောင်းတယ်။ ၁၉၈၀ မတိုင်မီထုတ် ကျောင်းသုံးစာအုပ်တွေ အကုန်ကောင်းတယ်။ မူရင်း မြန်မာ့စွယ်စုံကျမ်း (၁၅) အုပ် ကောင်းတယ်။ စွယ်စုံကျမ်းအနှစ်ချုပ်တွေ အကြောင်းအရာရော သတ်ပုံပါ တအုပ်တလေမှ မမှန်။ ဆဋ္ဌသံဂါယနာတင် ပါဠိပိဋကတ်တော် မြန်မာပြန် မူရင်းအုပ်ရေ ၃၀ ကျော် အားလုံးမှန်တယ်။ ကောင်းတယ်။ 

သတ်ပုံကျမ်းအဟောင်းတိုင်းတော့ မလိုပေမဲ့ လိုတဲ့စာအုပ်တွေရှိတယ်။

၁။ ရှင်ဥက္ကံသမာလာ ပြုစုထားတဲ့ ဝဏ္ဏဗောဓနသတ်အင်း (၁၉၆၁) ဟာ တချိန်က ကျောင်းသုံးမှီငြမ်းစာအုပ်ဖြစ်တယ်။ သိလိုတာ ရှာရတာတော့ နည်းနည်းခက်တယ်။

၂။ စိုက်ပျိုးဝန် ဦးသာမြတ်ပြုစုတဲ့ မြန်မာစာရေးထုံးကျမ်း (၁၉၅၃) လည်း ကောင်းတယ်။

၃။ ဟင်္သာတ ကျောင်းဆရာကြီး ဦးစံချစ်ပြုစုတဲ့ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) အကောင်းဆုံးလို့တယ်။

၎။ မင်းလက်ဝဲနော်ရထာပြုစုတဲ့ မြန်မာသံယောဂဒီပနီကျမ်း (၁၉၆၂) ရှိတယ်။

၅။ ကျော်အောင်စံထားဆရာတော်ပြုစုတဲ့ ဝေါဟာရတ္ထဒီပနီ ကောက်နုတ်ချက် (၁၉၆၉) ရှိတယ်။

မှန်တဲ့ သတ်ပုံကျမ်းတွေ စုတ်ပြဲနေပြီ။ အသစ်တွေက ကမောက်ကမ။ ကျွန်တော်တင်ပြတာကို လက်ခံနိုင်သူ အတော်ကို နည်းမယ်။ အမတ်ရွေးတာ မဟုတ်။ ဆယ်လီဖြစ်ချင်တာ မဟုတ်။ လိုက်ခ် များချင်တာ မဟုတ်။ သတ်ပုံစာ ရန်ရှာသူများတယ်။ ဘလော့မယ်။ ကန်တော့။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၃-၆-၂၀၂၀
၃၁-၈-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး