ရွေးကောက်ပွဲများ နှင့် စစ်တပ်

တိုင်းပြည်လွတ်လပ်ရေးမှာ ရှေ့တန်းကပါခဲ့တဲ့ ဖဆပလ ကို အင်္ဂလိပ်လို Anti-Fascist People's Freedom League (AFPFL) ခေါ်တယ်။ ၁၉၅၈ မှာ ၂ ခြမ်းကွဲတယ်။ ဦးနုနဲ့ သခင်တင်အုပ်စုကို သန့်ရှင်း ဖဆပလလို့ခေါ်ပြီး ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းအစုကို တည်မြဲ ဖဆပလ လို့ခေါ်တယ်။


တတိယအုပ်စုကို National United Front ပမညတ လို့ခေါ်တယ်။ ဖဆပလ နှစ်ခြမ်းကွဲတော့ ပမညတ နဲ့ တသီးပုဂ္ဂလ အမတ်တွေထောက်ခံမှုရလို့ ဦးနုက ဝန်ကြီးချုပ်ဆက်လုပ်နိုင်တယ်။


၁၉၅၈ စက်တင်္ဘာမှာ ဝန်ကြီးချုပ် ဦးနုက ဗခ နေဝင်းကိုအာဏာလွဲပေးတယ်။ ၁၉၆၀ မှာ ရွေးကောက်ပွဲသစ်ကျင်းပတယ်။ ဗခ နေဝင်းကိုယ်တိုင်က မပါသလိုနေခဲ့ပြီး စစ်တပ်က ပြောင်ပြောင်တင်းတင်း တည်မြဲ ဖဆပလ ဘက်လိုက်တယ်။ တည်မြဲဆောင်ပုဒ်က နိုင်လည်း နိုင်ရမယ်၊ ရှုံးလည်း နိုင်ရမယ်။


ရွေးကောက်ပွဲမှာ သန့်ရှင်းက အောက်လွှတ်တော်မှာ ၁၅၈/၂၅၀  နဲ့ အထက်လွှတ်တော်မှာ ၅၃/၁၂၅ နေရာနိုင်တယ်။ တည်မြဲက အောက်လွှတ်တော်မှာ ၄၁/၂၅၀ နေရာနဲ့ အထက်လွှတ်တော်မှာ ၂၉/၁၂၅ နေရာနိုင်တယ်။ 


စစ်တပ်က မကျေနပ်တော့ ၁၉၆၂ မတ်လ ၂ ရက်မှာ အာဏာသိမ်းပြီး ၂၆ နှစ်ကြာအုပ်ချုပ်တယ်။


၁၉၉၀ ရွေးကောက်ပွဲမှာ အင်နယ်လ်ဒီနဲ့ မဆလ တဖြစ်လဲ တစည တို့ ပြိုင်ရတယ်။ တစည ရဲ့ ဆောင်ပုဒ်က ရှုံးလည်း နိုင်ရမယ်၊ နိုင်လည်း နိုင်ရမယ်။ အင်နယ်လ်ဒီအဖြစ်က နိုင်လည်းရှုံး ရှုံးလည်းရှုံး။


မြန်မာပြည်ကရွေးကောက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ နိုင်ငံရေးပိုဆန်လာတယ်။ အာဏာ၊ နေရာ၊ ပိုက်ဆံ။ သိက္ခာ နည်းနည်းလာတယ်။ ပြောရဲ လုပ်ရဲတာတွေ လွန်ကဲလာတယ်။ အလားအလာ မကောင်းပါ။ 


စစ်တပ်က အာဏာအတွက် သူ့အပေါင်းပါတွေနဲ့ ကြိုးစားနေပြန်တယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ သာမန်မဲပေးသူ အများစုရဲ့ နိုင်ငံရေးအသိအပေါ်မှာ မူတည်တယ်။ တိုင်းပြည်ရဲ့ ကံတရားလည်း ဖြစ်တယ်။ 


အမိမြန်မာပြည်ကြီး ကံကောင်းပါစေသတည်။


ဒေါက်တာတင့်ဆွေ

၁၄-၈-၂၀၂၀


Comments