Black Ghost and White Ghost ကနေ့မြန်မာ့နိုင်ငံရေး
မက်ဆေ့ခ်ျတခုရတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရတယ် စစ်တပ်က အာဏာမပေးဘဲ ပါတီဝင်တွေကို ဖမ်းတယ်။ တချို့က ထွက်ပြေးတယ်။ ကျနော်သိချင်တာ အဲချိန်တုံးက NLD ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရတယ် အဲတာပြေးဖို့ အချိန်မရတာလား မပြေးတာလား။ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ အကြာကြီးနေရတယ် အဲတာ အကျိုးမရှိဘူး ထင်တယ် ထွက်ပြေးရမှာ စစ်အာဏာရှင်ကို တစ်နည်းနည်းနဲ့ တော်လှန်ရမယ်မဟုတ်လား။ ခေါင်းဆောင်ပိုင်းတွေ ထောင်ထဲရောက်နေတော့ အပြင်ကလူတွေက အလုပ်မဖြစ်ဘူးထင်တယ်။ ၁၉၉၀ ကနေ ၂၀၁၀ထိ စစ်အာဏာရှင် အုပ်ချူပ်တာ ခံရတယ်။ NLD ခေါင်းဆောင်ပိုင်းတွေ ထွက်ပြေးပြီး တော်လှန်သင့်တယ်။ ထွက်မပြေးတာလား ထွက်ပြေးဖို့ အချိန်မရတာလား သိချင်ပါတယ် တဲ့။
၁၉၉၀
ရွေကောက်ပွဲနောက်ပိုင်းမှာ အင်နယ်လ်ဒီတွေ အများကြီး အဖမ်းခံရတယ်။ တချို့ ထပ်ခါထပ်ခါ
အဖမ်းခံရတယ်။ တချို့ ထောင်ထဲမှာ ၂၅ နှစ်ကျော်နေခဲ့ရတယ်။ တချို့ ထွက်ပြေးတယ်။ ပါတီအမျိုးမျိုးက
အမတ်စုစုပေါင်း ၃၅ ယောက် တခြားနိုင်ငံတွေကို ရောက်ကြတယ်။ ကျွန်တော်လည်းပါတယ်။
စင်ပြိုင်အစိုးရထူထောင်ရေးမှာ
စိတ်သဘောတူသူတွေနဲ့ လုပ်ကြတယ်။ အထဲမှာ နေသူတွေမှာလည်း သူတို့ စဉ်းစားချက် သူတို့အခြေအနေတွေအရ
အပြင်မထွက်ကြပါ။
အထဲမှာအားလုံးနေလို့လည်း
စစ်အစိုးရကို ဖယ်ချလို့မရနိုင်။ အပြင်ကိုအကုန်ထွက်လည်း ဖြုတ်ချလို့မရနိုင်ပါ။ ကျွန်တော်တို့နောက်မှာ
အင်အားစုသစ်တွေကြိုးစားနေတယ်။ အဲဒါလည်း စစ်အုပ်စုက တွယ်ကပ်ပြီး ထိပ်တက်နေဆဲ။
ထောင်ကျခံရသူတွေကိုရော
အပြင်ထွက်သူတွေကိုပါ အပြစ်တင်လိုကတင်နိုင်တယ်။ စစ်အုပ်စုကို အပြစ်တင်ခြင်းကသာ ရာနှုန်းပြည့်
မှန်တယ်။
စစ်အုပ်စုဆိုတာ
ယူနီဖေါင်းဝတ်တွေရော၊ ချွတ်ပြီး အာဏာရခဲ့သူတွေရော၊ အာဏာပြန်ရချင်နေသူတွေအပြင် သူတို့နဲ့ကပ်ပြီး
သာပေါင်းညာစား အရပ်ဝတ်တွေလည်းပါတယ်။ သူတို့ကိုမဲပေးချင်သူတွေကလည်း မနည်းလှသေး။ အင်နယ်လ်ဒီထွက်
နည်းနည်းရော ဒီမိုထွက်တချို့ပါ စစ်အုပ်စုနဲ့ အမြီးစားဘက်ခေါင်းစားဘက်တွေပါ ပါတယ်။ အဲဒါ
ကနေ့မြန်မာ့နိုင်ငံရေး။
ကျွန်တော်တို့တတွေ
စည်းဝါးကွဲနေကြတာ ဆယ်စုနှစ်တွေကြာပြီ။ ပြည်တွင်းမှာ လက်မဲကြီးလွှမ်းမိုးနေချိန်မှာ ပြည်ပက
လက်ဖြူကြီးက ဝါးမျိုနေပါပြီ။
ဒေါက်တာတင့်ဆွေ
၁၃-၈-၂၀၂၀

Comments
Post a Comment