Intestinal Tuberculosis အူ (တီဘီ)

၁။ မင်္ဂလာပါဆရာ ကျွန်တော် အူမကြီး tb အကြောင်းလေးမေးချင်လို့ပါ။


အူတီဘီလား၊ အူမကြီးတီဘီလား။


ကျွန်တော် အသက်(၂၂)နှစ်ရှိပါပြီ။ အူုမကြီးတီဘီဖြစ်နေမှန်းသိတာ (၁)လ ရှိပါပြီ။ တီဘီဆေးလဲသောက်နေပါတယ်။ (၁) အူမကြီးတီဘီကကူးစက်တတ်သလား။ ဆေးရုံကသလိပ်စစ်ခိုင်းနေလို့ပါ။ (၂) တီဘီဆေးသောက်ရင် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးလဲသိချင်ပါတယ်။ (၃) အူမကြီးမှန်ပြောင်းမစစ်ဘဲနဲ့ အူမကြီးတီဘီ ပျောက်သွားပြီဆိုတာ သိနိုင်ပါသလား။


ဆေးစစ်ချက်စာ (ပုံ မဟုတ်) သိပါသလား။


ပို့တဲ့ပုံမှာ တီဘီ စတာ မပါ။


ဒါရောဟုတ်ပါသလား။


နောက်ဆုံးပုံမှာပါ။ Ileum အီလီယမ်ဆိုတာ အူသိမ်နောက်ဆုံးပိုင်းဖြစ်တယ်။ အူတီဘီလို့သာခေါ်တယ်။


ဟုတ်ဆရာ။ မှားရေးမိသွားလို့ပါ။တောင်းပန်ပါတယ် ဆရာ။


၂။ ကျမက အသက် ၃၉ နှစ်ရှိပြီး အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။့ မှာနေတာ ၆ နှစ်ကျော်ပါပြီ။ ဓမ္မတာလည်း ပုံမှန်လာပါတယ်။ သားသမီးမရှိသေးပါ။ ပြီးခဲ့တဲ့သုံးပတ်ကျော်က ဝမ်းသွားရာ သွားမရ၊တခါသွားလျှင် နာရီဝက်ကျော် ထိုင်ပြီး ကြိုးစားရပါတယ်။ ပြီးလျင် ဝမ်းကျန်သလိုခံစားရပြီး ဗိုက်မှာလည်း မအီမလည်ဆိုးရွားစွာခံစားရပါတယ်။ အူတွင်း မှန်ပြောင်းကြည့်ရပါတယ်ရှင်။ အူမကြီးမှာ ၁ စင်တီမီတာနဲ့ ၅ မီလီမီတာ အနာ၂ ခု တွေ့ရပါတယ်။ အခုအသားစ အဖြေရတော့ အူတီဘီလို့ပြောပါတယ်ရှင်။ ကျမရဲ့ ဆေးရီပို့စ်တွေ ဆရာ့ဆီကို တွဲပေးလိုက်ပါတယ်။ အူတီဘီက ဘာကြောင့်ဖြစ်တာပါလဲဆရာ။ ကျမ ဘယ်မှခရီးမထွက်တာ တနှစ်လောက်ရှိပါပြီဆရာ။ ဆေးရုံကတော့ မနက်ဖြန် စနေနေ့မှ တီဘီဆရာဝန်နဲ့တွေ့ဖို့ ရှိပါတယ်ဆရာ။ အဲ့ဒါ အူတီဘီက တခြားသူတွေကို ကူးတတ်ပါသလားရှင်။ အစားအစာ ကျမချက်ပြုတ်ပြင်ဆင်ပေးလို့ ရမရလည်းသိချင်ပါတယ်ရှင်။ ရှောင်ရန်ဆောင်ရန်တွေလည်း သိချင်ပါတယ်ရှင်။ အိမ်ထောင်သည်ဖြစ်တဲ့အတွက် ရှောင်စရာတွေရှိရင်လည်း ပြောပြပေးပါရှင်။ ကျမက ချောင်းမဆိုးပါ။ ကိုယ်အလေးချိန်လည်းမကျပါ။ ၅ဝ kg ရှိပါတယ်။


၃။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က၊ ချောင်းဟန့်လိုက်တာသွေးစလေးတွေပါလာတယ်။ ဆရာဝန်ပြတော့ ဓာတ်မှန် ရိုက်ရတယ်။ အဆုတ်မှာတော့ ဘာမှမဖြစ်ဘူးတဲ့၊ သလိပ်စစ်ရအောင်လဲ၊ သလိပ်ကမထွက်တော့ဘူး။ ကိုယ်အလေးချိန်တော့ ကျတယ်ဆရာ။ အူတီဘီဆိုတာ ဘယ်လိုသိနိုင်လဲဆရာ။ ကျနော်က ဝမ်းခဏခဏ ပျက်တတ်တာနဲ့ ဆိုင်ပါသလား။ နည်းနည်းလောက်အစာမှားတာနဲ့ ပျက်တတ်တာ၊ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။


၎။ ကျွန်တော် အမေက အသက် ၆၂ ရှိပါပြီ။ ညာဖက်မှာ ဗိုက်မှာနာနာနေလို့ ဆေးစစ်တာ ဗိုက်ထဲမှာ အကျိတ်တွေ့တယ် ပြောပါတယ်။ ကင်ဆာတော့ မဟုတ်ဘူးတဲ့။ ဆေးတော့ပေးလာတာ သောက်ပြီးပါပြီ။ တောင်ကြီးရောက်မှ ဆေးစစ်ချက်ကို မေးလ်ပို့ ပေးလာတယ်။ အူတီဘီရှိတယ်လို့ ပြောပါတယ်။ အဲဒါ တီဘီဆေး ခြောက်လသောက်ပြီးပါပြီ။ ဆရာဝန်ကြီးက နောက်ထပ် သုံးလဆေးဆက်သောက်ခိုင်းပါတယ်။ ဗိုက်နာတာတော့ ကောင်းကောင်း မပျောက်သေးပါဘူးဗျ။ အဲဒါ အူတီဘီအကြောင်း သိချင်လို့ပါခင်ဗျာ။


၅။ ဗဟုသုတအနေနဲ့မေးချင်လို့ပါရှင့်။ ပြီးခဲ့တဲ့ ၂ လလောက်က မိတ်ဆွေတယောက်ရဲ့သမီးအသက် ၂၈ နှစ်က အူတီဘီနဲ့ ဆုံးသွားပါတယ်။ တနိုင်ငံဆီမို့ ဖြစ်ပျက်ပုံ အသေးစိတ်မသိလိုက်ရပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ်လောက်ကလဲ သူငယ်ချင်းသားလေး အူတီဘီနဲ့ဘဲ ဆုံးသွားပါတယ်။ သူတုံးက တော့ ရင်းနှီးလို့ အူလမ်းကြောင်းအထူးကုနဲ့ ကုနေတာ သိခဲ့ပါတယ်။ တော်တော် ပိန်ချုံးသွားလို့ ဘာရောဂါလဲလို့တောင် အထင်လွဲမိပါတယ်။ တီဘီရောဂါက အူမှာဖြစ်ရင် ကုမရတာပါလားရှင့်။ သူတို့မိဘတွေကလဲ့ ငွေကြေးတတ်နိုင်ပြီး ပညာတတ်များမို့ စိတ်မကောင်းဘဲ ဖြစ်ရပါတယ်။ တီဘီရောဂါဟာ ကုသပျောက်ကင်းနိုင်တယ်လို့ဘဲသိထားတာပါ။ သမီးတယောက်ကလဲ အစာအိမ်ခဏခဏ အောင့်တတ်လို့ စိတ်ပူလို့ပါရှင့်။ ကျေးဇူးတင်ပါသည်ဆရာရှင့်။


အူ (တီဘီ) ကိုလည်း အဆုပ်မှာဖြစ်စေတဲ့ Mycobacterium tuberculosis ဗက်တီးရီယားကနေဖြစ်စေတယ်။ အဆုပ်နဲ့မတူတာက ဒီမှာဖြစ်ရင် မသိမသာလေးပဲဖြစ်လာတယ်။ (တီဘီ) ဟာဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ အရိုးတွေမှာလည်းဖြစ်နိုင်တယ်။ အူသိမ်၊ အစာအိမ်၊ ဘေလုံး၊ ဝမ်းတွင်းဖုံးအလွှာ၊ ဝမ်းတွင်းတက်စေ့၊ သရက်ရွက်တွေမှာလည်း ဖြစ်နိုင်တယ်။ HIV အဖြစ်များရာကတေ တီဘီရောဂါလည်း ခေါင်းထောင်လာတယ်။


တခြားအစာလမ်းရောဂါတွေနဲ့ မှားတတ်တယ်။ ရောဂါဟုတ်-မဟုတ် လုပ်ရတာ ပိုခက်တယ်။ အများအားဖြင့် အာဖရိကနဲ့ အာရှမှာ ဖြစ်တယ်။ ခုနောက်ပိုင်းမှာ HIV/AIDS တွေကြောင့် ချမ်းသာတိုးတက်တဲ့ နိုင်ငံတွေမှာလဲ ပိုတိုးလာနေတယ်။ အဆုပ်မှာ ဖြစ်နေရာကနေ သွေးနဲ့ (လင့်ဖ်) ကတဆင့် အူကိုရောက်လာတာလည်းရှိတယ်။ အူမှာတိုက်ရိုက်လာဖြစ်တာက Bovine strain of mycobacterium tuberculosis ခေါ်တဲ့ပိုးကြောင့်ဖြစ်လာတယ်။ တီဘီပိုးပါနေတာကို စားသောက်မိရာကနေ ကူးစက်လာနိုင်တယ်။ နွားနို့ကို မကျိုချက်ဘဲ သောက်ရာကနေ ဖြစ်တာအများဆုံးဘဲ။ သွေးကလည်း ကူးလာနိုင်တယ်။


အူတီဘီ ရောဂါလက္ခဏာတွေကို တချို့ ဘာမှမခံစားရဘူး၊ တချို့က ကိုယ်ပူ၊ ဝမ်းမမှန်၊ ဗိုက်အောင့်၊ ညချွေးထွက်၊ အစားအသောက်ပျက်၊ အားယုတ်၊ ပျို့ချင်၊ လေထ-လေတက်၊ အစာတချို့ကို လက်သင့်မခံနိုင်၊ စားပြီးရင် ဗိုက်တင်း၊ ကိုယ်အလေးချိန်ကျဆင်း။ ဒီရောဂါလက္ခဏာမျိုးတွေက အူကင်ဆာနဲ့ Malabsorption syndromes အစာကို မစုပ်ယူနိုင်တဲ့ ရောဂါတွေမှာလည်းရှိတယ်။


ဝမ်းသွားတာ အရင်လိုမဟုတ်တာကနေ စသိနိုင်တယ်။ ဝမ်းပျက်တာ။ ဝမ်းချုပ်တာဖြစ်လို့ပေးရမဲ့ ရိုးရိုးဆေးတွေနဲ့ မသက်သာရင် ဒါကိုသံသယရှိရတယ်။ နာတာရှည်ဖြစ်တယ်။ ပြန်ဖြစ်တာလဲရှိနိုင်တယ်။ ဗိုက်အောင့်သလို နာနေမယ်။ ဖြစ်တဲ့နေရာအပေါ်မူတည်ပြီး ဗိုက်နေရာအမျိုးမျိုးမှာနာမယ်။ စားပြီးရင် အစာမကျေသလိုနေမယ်။ စားရက်နဲ့ ဝမလာဘူး။

ညချွေးထွက်တာ၊ ညနေခင်း ကိုယ်နဲနဲပူတာတွေ အူ (တီဘီ) မှာမတွေ့ရတတ်ဘူး။ အားယုတ်ပြီး အာဟာရချို့တဲ့လို့ ဆေးလာကုမှ သိရတာလဲရှိတယ်။


အသားစဖြတ်ယူစစ်ဆေးတာလုပ်မှသာရောဂါမှန်းသိတယ်။ အနုကြည့်မှန်ဘီလူးနဲ့ ကြည့်တာသာမက ပိုးမွေးမြူနည်းနဲ့လဲ စမ်းနိုင်တယ်။ အဆုပ် (တီဘီ) လိုမျိုး ပိုးကို တိုက်ရိုက်ကြည့်တာနဲ့ မတွ့တတ်လို့ လုပ်ရတာ ဖြစ်တယ်။ Complete blood count, ESR, X-ray, Tuberculosis antibody, Sputum for AFB, Ultrasound, Barium meal, MRI လုပ်နိုင်တယ်။


ရောဂါဗေဒအရ (၃) စားခွဲထားတယ်။

၁။ Ulcerative form အူမှာအနာဖြစ်နေသူ ၆ဝ% ရှိတယ်။ အနာအလျားကအူရဲ့ အလျားကိုဒေါင့်မှန်ကျနေတဲ့ အနာဟာ Epithelial surface မှာဖြစ်နေတယ်။

၂။ Hypertrophic form ထူထဲနေတဲ့အနာမျိုးကို ၁ဝ% မှာတွေ့ရတယ်။ အူနံရံထူနေမယ်။ အမာရွတ်လိုဖြစ်နေမယ်။ မာနေမယ်။ ကင်ဆာနဲ့ မှားတတ်တယ်။

၃။ Ulcerohypertrophic form အမျိုးအစား (၁) နဲ့ (၂) တွဲဖြစ်နေတာမျိုးကို ၃ဝ% မှာတွေ့ရတယ်။


အများဆုံးသုံးတဲ့ဆေးတွေကတော့ Isoniazid, Rifampin, Ethambutol နဲ့ Pyrazinamide တွေဖြစ်တယ်။ ဆေးပေးတာကို ၆ လအထိပေးတတ်တယ်။ ပျောက်တယ်။ တချို့ကိုတော့ ၁၂-၁၈ လအထိပေးရတယ်။


ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ ခံစားလာရနိုင်တယ်။ ဥပမာခြေထောက်တွေ ပူလောင်သလိုခံစားရရင် Isoniazid ကြောင့်ဖြစ်လာတာမို့ ဗီတာမင် ဘီ-၆ လိုနေပြီ။ မစားချင်မသောက်ချင်ဖြစ်တာ၊ အသားဝါတာ၊ မျက်စိကြည့်မကောင်းတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးကို မဖြတ်လိုက်ပါနဲ့။ ဆေးဝါးတွေကိုသာမက အစာအာဟာရ မျှတလုံလောက်အောင် စားဘို့လဲ လိုတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။ သူများကို လွယ်လွယ်နဲ့မကူးစက်ပါ။ တကိုယ်ရေ သန့်ရှင်းရေးလုပ်ရင် မိသားစုအတွင်း မကူးစက်နိုင်ပါ။ ချောင်းဆိုးလို့လည်း သူများကိုမကူးစက်ပါ။


နောက်ဆက်တွဲဖြစ်နိုင်တာတွေက သွေးယိုမယ်။ အူပေါက်သွားမယ်။ ရေဖျင်းစွဲလာနိုင်တယ်။ အစာလမ်းပိတ်တာ ဖြစ်လာနိုင်တယ်။ အန်တာများရင် ဓါတ်ဆားအချိုးအဆ မမျှတာဖြစ်လာမယ်။ အူပေါက်တာ၊ အစာလမ်းပိတ်တာ ဖြစ်ရင်တော့ ခွဲစိတ်ပေးရတယ်။


ကုသတဲ့အခါ အထွေထွေအားနည်းတာ လိုအပ်တာဖြည့်ပေးဘို့လည်းလုပ်ရမယ်။ ဆေးပေးတာသေချာလုပ်ရမယ်။ လိုအပ်ရင်ခွဲစိတ်ရတယ်။ နေရာဒေသအလိုက် ဆေးအတွဲနဲ့ အချိန်ကာလာ မတူတာရှိတယ်။ ဆေးအနည်းဆုံး ၂ မျိုး တွဲမယ်။ တချို့ထိုးဆေးပါတွဲမယ်။ စုစုပေါင်း ၆ လ၊ တနှစ်။ တနှစ်ခွဲ။ streptomycin (15 - 20 mg/kg) ထိုးဆေး ၂ လထိုး၊ ethambutol (25 mg/kg) ၂ ပါတ်ပေး၊ ethambutol 15 mg/kg ၁၂-၁၈ လဆက်ပေး isoniazid (7 - 10 mg/kg) ကိုပါ ၁၂-၁၈ လပေးနည်းရှိတယ်။ အူလမ်းပိတ်နေတာနဲ့ ပေါက်ထွက်တာအတွက် ခွဲစိတ်ပေးရတယ်။ သွေးထွက်နေလို့လည်း ခွဲပေးရတတ်တယ်။ တချို့မှာ (ဖစ်စကျူလာ) ခေါ် ပြွန်လမ်းဖြစ်လို့ ခွဲရတာရှိမယ်။


အူတီဘီ ဆေးစနစ်တကျကုသရင် အလားအလာ ကောင်းပါတယ်။


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး