Microgynon ကိုယ်ဝန်တားဆေး

(ကန်တော့)


ဆရာမင်္ဂလာပါရှင့် သမီးက အသက် ၂၆ နှစ်ပါရှင့် အိမ်ထောင်သက် ၂ နှစ်ရှိပါပြီဆရာ အိမ်ထောင်ကျထဲက မာဗလွန်ပဲ သောက်ပါတယ်ဆရာ အခုမာဗလွန်က ဝယ်မရလို့ သမီးဒီဆေး microgynon 30 ကိုပြောင်းသောက်နေတာ ၁ကဒ် ကုန်ပါပြီရှင့် ရာသီသွေးမဆင်းလို့ပါဆရာ အခုဆက်သောက်ရမလား မသောက်ရမလားဖြစ်နေလို့ပါဆရာ ပြန်ဖြေပေးပါအုံးရှင့် ကျေးဇူးတင်ပါတယ်ဆရာ 


Microgynon ကိုယ်ဝန်တားဆေးထဲမှာ Ethinylestradiol နဲ့ Levonorgestrel ခေါ်တဲ့ဟော်မုန်း ၂ မျိုးတွဲပါတယ်။ Oestrogen နဲ့ Progesterone ဟော်မုန်းတွေကို ဓါတ်ခွဲခန်းမှာထုတ်လုပ်ထားတာတွေဖြစ်တယ်။ Monophasic pill အမျိုးအစား တားဆေးဖြစ်တယ်။ 


ဆေးသောက်ထဲ့လတွေမှာ ရာသီဆင်းတာနည်းစေမယ်။ နာတာလဲသက်သာမယ်။ ရာသီလမှန်စေမယ်။


ရာသီစလာတဲ့နေ့မှာ ပဌမဆေးလုံးသောက်ပါ။ တရက် ၁ လုံး၊ ပေါင်း ၂၁ လုံးကိုသောက်ရမယ်။ ၇ ရက်နားမယ်။ ပြီးတာနဲ့ ရာသီဆင်းလာမယ်။ ၇ ရက် နားပြီးတာနဲ့ ဆေးကပ်အသစ်ဆက်သောက်ရမယ်။ 


ဆေးသောက်ချိန်တူတာ အကောင်းဆုံးဖြစ်တယ်။ ဥပမာ တချို့ ညအိပ်ရာဝင် သောက်တယ်။


ကလေးမီးဖွါးပြီး၊ ကလေးကိုလဲ နို့မတိုက်သူဆိုရင် မွေးပြီး ၂၁ ရက်ကနေစသောက်ရမယ်။


၂၄ ပတ်ထက်မရင့်တဲ့ ကိုယ်ဝန်ပျက်သွားသူဆိုရင် ပျက်ပြီးတာနဲ့ တားဆေးစသောက်ပါ။


တနေ့ဆေး ၁ လုံးသောက်နေရမှာကို ၁ ရက်မေ့သွားရင်၊ သတိရတာနဲ့ချက်ချင်းဆေး၁ လုံးသောက်လိုက်ပါ။ ကျန်ဆေးကို သောက်နေကျအချိန်မှာ ပုံမှန်ဆက်သောက်ပါ။


၂ ရက်၊ ဒါမှမဟုတ် ၂ ရက်မက မေ့သွားရင်၊ စိတ်မချရတော့ပါ။ ကျန်တဲ့ဆေးဆက်သောက်ပြီး၊ မေ့တဲ့ရက်ကနေ ၇ ရက် အတွင်း အတူမနေပါနဲ့၊ ဒါမှမဟုတ် ကွန်ဒွမ်သုံးပါ။ 


တကယ်လို့ ဆေးသောက်ဘို့မေ့တာက ဆေးကပ်ကုန်ကာနီး (၇ ပြားထက်နည်း) နေတာဆိုရင် နားရက် ၇ ရက် နားမထားတော့ဘဲ ဆေးကပ်အသစ်တခုဆက်သောက်ပါ။ ရာသီလာမဲ့ရက်က နောက်ကျတော့မယ်။ ဆေးကပ်ကုန်မှသာ လာမယ်။ စိုးရိမ်စရာမရှိပါ။


ဆေးသောက်ပြီး ၂ နာရီအတွင်း အန်မယ်ဆိုရင် နောက်ဆေး ၁ ပြားသောက်ရမယ်။ အန်နေတာက ၂၄ နာရီအထိ ကြာနေရင် ထိရောက်မှု မရှိနိုင်ပါ။ ဝမ်းလျှောတာ ၂၄ နာရီအထိဖြစ်သူ ထိရောက်မှု နည်းမယ်။


ဒီဆေးမျိုးစသောက်ဘူးသူတွေမှာ ရာသီမမှန်တာရှိနိုင်တယ်။ ဆရာဝန်ကိုတိုင်ပင်ပါ။


သတိထားစရာတွေ 

သွေးကြောထဲ သွေးခဲမှာ သူများတွေထက် အဖြစ်ပိုနိုင်တယ်။ ဆေးလိပ်သောက်သူ၊ ကိုယ်အလေးချိန်များသူတွေမှာ ပိုသတိထားရမယ်။

ဆန်းစစ်မှုတွေအရ ဒီလို ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးသောက်သူတွေဟာ သူများတွေထက် ရင်သားကင်ဆာဖြစ်နှုန်းပိုတာတွေ့ရတယ်။ ၅ နှစ်ကြာသောက်သူတွေမှာလဲ သားအိမ်ဝကင်ဆာဖြစ်နှုန်း ပိုတာတွေ့ရတယ်။

ဆေးမတည့်လကဏာတွေဖြစ်ရင် ဆေးမသောက်တော့ဘဲ ဆရာဝန်ကို ချက်ချင်းပြပါ။ ခြေထောက်ရောင်၊ အသက်ရှူခက်၊ ချောင်းဆိုး၊ ချောင်းဆိုးရာသွေးပါ၊ ရင်ပတ်နာ၊ ခေါင်းတအားမူး၊ မျက်စိကြည့်မကောင်း၊ သတိလစ်ခြင်၊ အသားဝါဖြစ်၊ စိတ်ဓါတ်ကျတာတွေကို ဆိုလိုတာဖြစ်တယ်။


မသုံးရမဲ့သူတွေ 

ကိုယ်ဝန်ရှိနေသူ၊ ကလေးနို့တိုက်နေသူ၊ သွေးခဲရောဂါရှိဘူးသူ၊ (SLE) ရောဂါရှိသူ၊ သွေးထဲမှာ ယူရီယာများနေသူ၊ နှလုံးသွေးကြောကျဉ်းသူ၊ နှလုံးအဆို့ရှင်ရောဂါရှိသူ၊ နှလုံးခန်မြမှန်သူ၊ သွေးတိုးရှိသူ၊ ဆီးချိုးများသူ၊ အသက် ၅ဝ ကျော် နေသူ၊ ရင်သားကင်ဆာ၊ မွေးဖွါးလမ်း ကင်ဆာရာဇဝင်ရှိသူ၊ မွေးလမ်းကနေ အကြောင်းရင်မသိသွေးဆင်းနေသူ၊ အသဲမကောင်းသူ၊ သည်းခြေအိပ်ကျောက်ရှိသူ၊ အသက် ၃၅ နှစ်ကျော်ရင် သတိနဲ့သုံးရမယ်။ 


ဘေးထွက်ဆိုးကျိုးများ 

ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ ကိုယ်အလေးချိန်ပြောင်း (ကျ-တက်)၊ ကိုယ်ရောင်၊ မွေးလမ်းမှိုပိုးဝင်၊ စိတ်ကျ၊ လိင်စိတ်နည်း။


Aprepitant, Bosentan, Barbiturates, Carbamazepine, Eslicarbazepine, Modafinil, Nevirapine, Oxcarbazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Rifabutin, Ritonavir ဆေးတွေ ပေးနေရင် ဒီဆေးအစွမ်း နည်းစေတတ်တယ်။ Melatonin, Selegiline, Tacrolimus, Theophylline, Tizanidine, Voriconazole ဆေးတွေရဲ့အစွမ်းကို ဒီဆေးက သက်ရောက်စေနိုင်တယ်။ Logynon, Logynon ED နဲ့ Microgynon 30 ဆေးတွေက ဆေးပါတာ တူတယ်။ Microgynon 20 ED ဆေးကို Alesse နာမည်နဲ့ အမေရိကားမှာ ရောင်းတယ်။


Common combination pill brand names တားဆေးအမည်များ https://doctortintswe.blogspot.com/2020/06/common-combination-pill-brand-names.html


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး