Bee pollen granules ပျားကနေထုတ်တဲ့ဆေး

ပျားပန်းမှုံဆေးကို Folk remedy အရပ်ဆေးအမျိုးအစားလို့သတ်မှတ်တယ်။ ပျားကောင်လေးတွေက ပန်းတပွင့်ကနေ တပွင့်အကူးမှာ ကပ်ပါလာတဲ့ပန်းဝတ်မှုံတွေကို ဆေးဖေါ်ထားတာဖြစ်ပါတယ်။ တချို့က ရာသီမလာခင်ဖြစ်တာတွေ သက်သာဘို့နဲ့ ယောက်ျားအသက်ကြီးသူတွေ ဆီးကျိတ်ကြီးတာအတွက်သုံးကြတယ်။ အားဆေးအနေနဲ့လဲသုံးတယ်။

သုံးနေကြတော့ ရောဂါစုံတယ်။ စားကောင်းစေမယ်၊ အဆစ်နာသက်သာစေမယ်၊ ပါးစပ်နာပျောက်မယ်၊ ပိန်စေမယ်၊ သွေးအန်တာ၊ ချောင်းဆိုးတာ၊ သွေးဝမ်းသွားတာ၊ ရာသီမမှန်တယ်၊ ဝမ်းပျက်တာ၊ စုံနေအောင်တော့ ကြော်ညာပြီး ရောင်းနေတယ်။ အရေပြားချောမွေ့အောင်လိမ်းဆေး၊ နှင်းကူနာ၊ ဝက်ခြံစတာတွေကို ကြော်ညာမှာပါတယ်။

အဲလိုသုံးနေကြပေမဲ့ ဆေးပညာအရ လေ့လာမှုတွေက နည်းပါသေးတယ်။ ကောင်းတယ်ဆိုတဲ့အထောက်အထားလဲ နည်းပါတယ်။ အစားအစာအနေနဲ့တော့ အားဖြစ်စေမှာတွေပါပါတယ်။ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ ပရိုတင်းဓါတ်နဲ့ ကာဗွန်ဟိုက်ဒရိတ်တွေပါတယ်။

လေ့လာမှုတခုအရ ကင်ဆာဖြစ်လို့ဓါတ်ကင်နေရသူတွေကို ဘေးထွက်-ဆိုးကျိုးခံစားရတာတွေ သက်သာစေတယ်။
နောက်လေ့လာမှုတခုအရ ယောက်ျားတွေ ဆီးကျိတ်ကြီးတာအတွက် သက်သာတယ်။ နောက်လေ့လာမှုတခုအရ မိန်းကလေးတွေမှာ ရာသီမလာခင်ဖြစ်တာတွေသက်သာစေတယ်။ ဒါပေမဲ့ အားကစားသမားတွေ အားအင်ပြည့်ဖြိုးမယ် ဆိုတာ မဟုတ်ပါ။ အားကောင်းစေမယ်။ အသက်ရှည်မယ်ဆိုတာကိုလဲ လေ့လာမှုမရှိသေးပါ။

အခုဆေးကို ဘယ်လောက်ပေးရမလဲဆိုတာ ဆရာဝန်အနေနဲ့ပြောမရပါ။ အများအားဖြင့်သုံးနေကြတာတော့ 1/8 to 1/4 လဖက်ရည်ဇွန်း သောက်ကြတယ်။ တဖြည်းဖြည်းနဲ့တိုးပြီး အများဆုံး 6 teaspoons သောက်ကြတယ်လို့သိရပါတယ်။

ဘေးထွက်-ဆိုးကျိုးတွေ
စိတ်တော့ချရပါတယ်။ အလာဂျီရတတ်သူဆိုရင်တော့ လုံးဝမသင့်ပါ။ ပန်းနာ၊ သွေးရောဂါ၊ အသည်းရောဂါရှိသူတွေက သတိထားသင့်တယ်။ လေ့လာမှုမရှိလို့ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကိုတော့ သုံးဘို့မညွှန်းပါ။

ခွဲခြားသိဘို့က ပျားကနေထုတ်တဲ့ bee venom ပျားဆိပ်ဆေး၊ royal jelly ပျားဂျယ်လီနဲ့ honey ပျားရည်တွေနဲ့ မတူပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး