Next Election ဖွဲ့စည်းပုံမပြင်ပဲ ရွေးကောက်ပွဲကျင်းပရင်

(BBC ဆွေးနွေးခန်း ဖုန်းလိုင်းက ပြတ်တောက်သွားလို့ တခါသာ ခပ်တိုတိုဖြေလိုက်ရပါတယ်။ ဆောရီး။)

၂ဝ၁၅ ရွေးကောက်ပွဲကို သည်အတိုင်းသာကျင်းပမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကိုလဲ တပြားသားမှမလျှော့၊ အပြောင်းအလဲ ဆိုတာလဲ တပဲသားထက်မပိုသေး၊ ဒီတော့ အာဏာဆက်လက်ဆုပ်ကိုင်ထားနေခြင်းကို တရွေးသားမှ လျှော့မဲ့ပုံမရှိပါ။

ကျင်းပမဲ့ရွေးကောက်ပွဲဟာ တရားမျှတမှုအရပြောရရင့့် ကြိုတင်မဲတွေ၊ ဖယောင်းသုတ်ချင်တာတွေ မလုပ်တော့ဘူးလို့ အာမခံမှာပါပဲ။ တရားမျှတပါမယ်လို့ အရင်ကလိုပြောမှာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေက ထူးပြီးကောင်းလာတာမရှိ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အပြောင်းအလဲမရှိပါ။ ဒီလိုထိပ်ဆုံးကနေရာတွေမှာ အပြောင်းအလဲမရှိတဲ့သဘောဟာ “အစုံလိုက် တဆင်စာ လုပ်ထားတဲ့ပုံစံ” ဖြစ်နေတယ်။ “လာမဲ့ကာလအတွက် နောက်တဆင်စာအစုံကိုလဲ ပန်းတိမ် အပ်ထားပြီးပုံရပါတယ်”။

အမတ်နေရာ ၇၅% ကိုသာ မဲပေးကြရမဲ့သူတွေအတွက် မျော်လင့်ချက်တွေ ပျောက်သွားစေပါလိမ့်မယ်။ လူထုကို စိတ်ပျက်အောင်လုပ်တာ မကောင်းပါ။ တိုင်းပြည်နာတယ်။ တဆက်ထဲမှာ “ဒို့ရွေးနိုင်တာက သမတလဲမဟုတ်၊ ဝန်ကြီးတွေလဲမဟုတ်၊ ယုံကြည်မှုသိပ်မရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလဲမဟုတ်။ ယိုင်နဲ့နေသေးတဲ့ တရားရေး မဏ္ဍိုင်ထဲက တရားသူကြီးတွေလဲမဟုတ်၊ ဒါကြောင့် ဥပဒေပြုရေးလုပ်ခွင့်ရကြမဲ့ အမတ်တွေကိုတော့ ဒို့ကြိုက်တာ ဒို့ပေးကြမယ်” လို့ အားသွန်ခွန်စိုက်ရှိလာနိုင်တယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ နင်လားငါလား အဖြေရစရာ အကြောင်းရှိနိုင်ပါတယ်။

လူထုကမရွေးသူတွေအရေအတွက် အပြောင်းအလဲမရှိတော့ လွှတ်တော်အသံက လူထုကိုရောင်ပြန်ဟပ်တာရယ်လို့ မမှန်တာက ဆက်ပြီးမမှန်ပဲရှိနေပါမယ်။ ပြီးခဲ့တဲ့ ၃-၄ နှစ်ကိုကြည့်ရင် အသံသာရှိ၊ အဆံမရှိပါ။ အားမနာတမ်းပြောရရင် ဒီတချည်မှာ ‘ကျည်ဆံသံ’ လွှမ်းလာတာပါ။

အဆီအငေါ်မတည့်တာတခုက သူများတိုင်းပြည်တွေမှာ ဖွဲ့စည်းပုံကနေ သမတလုပ်ခွင့်ကို ကန့်သတ်ထားတဲ့အခါ ဆက်လုပ်ချင်သေးတဲ့ သမတက အဲဒီဖွဲ့စည်းပုံကို မရရအောင်ပြင်ကြတယ်။ မြန်မာပြည်မှာက နောက်လူတက်မလာအောင် ပြင်မဖြစ်အောင် ပိတ်ထားတယ်။ ၁၉၉၅ တုံးက အာဂျင်တီးနာမှာလုပ်ခဲ့တယ်။ ရုရှား ‘ဗလာဒီမာ ပူတင်’ ကတော့ တကိုယ်တော်သမား။ သူ့အတွက်ပဲသူကြည့်တဲလူ။ မြန်မာပြည်မှက အုပ်စုလိုက်။ သူ့အုပ်စုအတွက်သူကြည့်ကြတယ်။

ဦးရွှေမန်းက သမတနဲ့ကာချုပ်တို့က အရေးကြီးတယ်လို့ပြောတယ်။ “သူပြောတာက တစိတ်တပိုင်းတော့မှန်တယ်”။ သမ္မတကတော့ ဖွဲ့စည်းပုံကို လွှတ်တော်ကသာ ပြင်နိုင်လို့ သမ္မတရော ကာချုပ်တို့မှာပါ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးတဲ့။ “သမတပြောတာ တစိတ်တပိုင်း မမှန်ဘူး”။ စာအုပ်ကြီးအတိုင်းပြောနေတာပါ။ စာအုပ်ကြီးကိုရေးခဲ့တဲ့ရည်ရွယ်ချက် မရိုးသားတာကို နှစ်ယောက်လုံးက မသိချင်ယောင်ဆောင်ထားတယ်။ ကာချုပ်ဟာ ၂၅% ကိုကိုင်ထားသူဖြစ်လို့ ကာချုပ်မှာ ၄ ပုံ ၁ ပုံတာဝန်ရှိပါတယ်။ အမှန်က ၂၅% သာမကဘူး။ တနည်းအားဖြင့် ဖွဲ့စည်းပုံပြင်ရေးအတွက် ဗီတိုအာဏာကို အခု ထုတ်သုံးလိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ အဲဒီကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံ မပြင်ဆင်ရေး တခုတည်းသာလို့ပြောရမလိုပါ။

ဒီအာဏာကိုရယူထားတဲ့ အဖွဲ့အစည်း စစ်တပ်အမတ်တွေက လွှတ်တော်မှာ ကျိုးကြောင်း ဆီလျှော်အောင် မဆွေးနွေးခဲ့ကြတာ တွေ့ရတယ်။ တယောက်က ၇၅% ကျော်မှပြင်ရမယ်ဆိုတာ တရားမျှတတယ်လို့ ပြောထွက်တာ အတော်အသည်းနာဘို့ကောင်းတယ်။ ဂဏန်းသဘောအရ ၅ဝ-၅ဝ ဆိုတာ မမျှတဘူးဆိုလိုက်တာဖြစ်နေတယ်။

နောက်တတယောက်ကလဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းမရတာမျိုးကို စစ်ရေးနည်းနဲ့ဖြရှင်းရတတ်လို့ တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ဆက်နေသင့်တယ်လို့ ပြောတယ်။ ကနေ့ကမ္ဘာမှာ ကိုယ့်တိုင်းပြည်ထဲမှာတောင်မဟုတ်ဘူး၊ သူများ နိုင်ငံတွေဆီ တခုပြီးတခု စစ်သွားတိုက်နေတဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ ဖွဲ့စည်းပုံအရကို သူ့နေရာမှန်မှာသာရှိပါတယ်။ မြန်မာ့တပ်မတော်ကတော့ ကိုယ့်နိုင်ငံထဲက နိုင်ငံရေးပြဿနာမှန်သမျှကို စစ်ရေးနည်း၊ စစ်ရေးအမြင်နဲ့သာ ဖြေရှင်းနေခဲ့တာ နှစ်ပေါင်း ၂ဝ၁၄ - ၁၉၆၂ = ၅၂ နှစ်ရှိနေပြီ။ ဘယ်ဟာတွေအောင်မြင်ခဲ့ပါသလဲ။ ပြည်တွင်းစစ်လဲ မရှင်းနိုင်ခဲ့ပါ။ တိုင်းပြည် တိုးတက်လာပါသလား။ စစ်တပ်ပါတာနည်းနည်းလျှော့တော့ တိုင်းပြည် နည်းနည်း ကောင်းလာသလိုရှိလာတာ မဟုတ်လား။

ဖွဲ့စည်းပုံအပါအဝင် ကနေ့အခင်းအကျင်းတွေဟာ စစ်အစိုးရကနေ အကွက်ချထားတဲ့ ပုံစံသာဖြစ်တယ်။ လူတွေက ဒေါ်စု သမ္မတဖြစ်ရဘို့ ပြင်ချင်နေကြတာမဟုတ်ပါ။ အဲလိုဖြစ်ချင်သူတွေလဲ အများကြီးရှိတာတော့ မငြင်းပါ။ နိုင်ငံရေးအသိ ရှိသူတွေကတော့ အဲလို အကွက်ချစီစဉ်ထားမှုကို ဖျက်ချင်ပြင်ချင်ကြာတာဖြစ်တယ်။ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံဆိုတာ လူထုကနေ အကွက်ချရတာဖြစ်ရပါတယ်။

တပ်မတော်သားက ၂၅% ဖြစ်လို့ ဖွဲ့စည်းပုံပြင်ချင်ရင် ၇၅% ကျော်ရမယ်တဲ့။ နေရာ ၂ဝ% သာရရင် ဖွဲ့စည်းပုံပြင်ဘို့ ၈ဝ% ကျော် လုပ်မဲ့သဘော ဖြစ်နိုင်တယ်။ ဒီတော့ လွှတ်တော်ဟာ “အရေအတွက်ကို အဓိကထားတဲ့လွှတ်တော်” သာ ဖြစ်နေတယ်။

စစ်အစိုးရကနေပြောင်းလဲလာတာဟာ “အရေအတွက်အုပ်ချုပ်ရေးပုံစံ” သာဖြစ်နေတယ်။ မြန်မာပြည်မှာ လိုနေတာက အရည်အသွေးဖြစ်တယ်။ ဘွဲ့ထူးဂုဏ်ထူးတွေ မဟုတ်ပါ။ “လူထုအကြိုက်ခံရတဲ့ အုပ်ချုပ်သူ၊ လူထုကနေ တရားမျှတ လွတ်လပ်စွာရွေးထားတဲ့ ဥပဒေပြုနိုင်သူ၊ လူထုက ရိုးသားစွာယုံကြည်တဲ့ တရားစီရင်နိုင်သူတွေ” ဖြစ်လာရမှာပါ။

လွှတ်တော်ဟာ ဥပဒေပြုရေးတာဝန်ရှိတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် မှန်ပါတယ်။ ဖွဲ့စည်းပုံရေးဆွဲရေး၊ ပြင်ဆင်ရေးမှာ တစိတ်တပိုင်းသာ တာဝန်ရှိသင့်တာပါ။ ဒီအရေးမှာတော့ လွှတ်တော်ဟာ တံဆိပ်တုံးနှိပ်တဲ့တာဝန်မျိုးသာဖြစ်ရမှာပါ။ ထိပ်တုံးခပ်တာမျိုးဖြစ်နေတာ မသင့်ပါ။

သမ္မတကပဲပြောပါတယ်။ သူ့အရင်ကလဲ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကလဲပြောတယ်။ လွှတ်တော်နဲ့ ပြည်သူလူထုက အရေးအကြီးဆုံးပဲတဲ့ဗျာ။ ကိုင့်း့ အရေးကြီးတယ်လို့ သမုတ်ခံရတဲ့ လွှတ်တော်ကိုတော့ ရေးပြီးပြီ၊ ပြည်သူလူထုက ဘယ်လိုလဲ။ ဖွဲ့စည်းပုံပြင်ပါလို့ လက်မှတ်ပေါင်း ၅ သန်းကျော် ထိုးထားတယ်။ ဒီနေရာကျတော့ အရေအတွက် မဟုတ်တော့ပါလား။

“ငါးသန်းအားနဲ့ ယူသော်မရ” လို့ ဆိုရိုးစကားသစ်ပေါ်လာပြီပေါ့ဗျာ။ “တယောက်အားနဲ့ တားသော်ရ၏” လို့ပါ ဆက် ပြောရတော့မယ်။ ဘယ်တယောက်လဲ။ ကာချုပ်မဟုတ်ပါဘူးငြင်းရင်တော့ ‘ကာချုပ်အထက်ကလူ’ ဖြစ်မယ်ပေါ့။ သေချာတာက အုပ်စုတခု။

လာမဲ့ မေလမှာ ဆန္ဒခံယူပွဲလုပ်မယ်လို့ဆိုလိုက်တယ်။ ကျွန်တော်တို့ဆီက ဆန္ဒခံယူပွဲသမိုင်းက ကောင်းခဲ့တာမရှိပါ။ မေလကိုတော့ ၁၉၉ဝ ကိုကြည့်ပြီး အတိတ်နိမိတ်ကောင်းယူချင်ပါတယ်။ လူထုရဲ့တခဲနက်ဆန္ဒတွေထွက်လာမှာပါ။ ဒါမှလဲ စိုးရိမ်တာက သန်း ၅ဝ အားနဲ့ယူသော်မရ မဖြစ်စေချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)