Hepatitis C အသည်းရောင် (စီ) ကာကွယ်ရေး

နောက်ဆုံးတွေ့ရှိချက်တွေအရ (စီ) ပိုးဟာ သွေးလမ်းကတဆင့်ကူးတယ်။ ပိုးရှိသူနဲ့ အတူနေရင် (ကွန်ဒွမ်) သုံးရပါမယ်။

အသည်းရောင် (စီ) တွေ့ရင် ရောဂါလက္ခဏာ မရှိဘဲနေတတ်လို့၊ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ (စီ) ပိုးတွေ့တယ်လို့ဆိုရင် သူဟာကမ္ဘာပေါ်ကလူပေါင်းသန်း ၁၇ဝ ထဲက တယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁ဝဝ မှာ ၈ဝ-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာနှုန်းကလည်း ၅ ဂဏန်းအောက်မှာပါ။

အသည်းရောင် (စီ) ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁ ပါတ် ၂ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့ အဆင့်မျိုး ဖြစ်နိုင်တယ်။ (ဘီ) နဲ့မတူတာက ဘီပိုးဟာအထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ (စီ) ပိုး ကတော့ အမြဲရှိနေတတ်တယ်။ (ဘီ) ပိုးက လိင်ကနေတဆင့် ကူးစက်တာများပြီး၊ (စီ) ပိုးကတော့ သွေးကတဆင့် ကူးတာကအဓိက ဖြစ်တယ်။

ဘယ်လောက်စောစောသိနိုင်သလဲ။ တပါတ်ကနေ လတွေအများကြီးအထိကြာနိုင်တယ်။ ကိုယ်ကနေ (အင်တီဘော်ဒီ) ထုတ်လာမှ၊ စမ်းတွေ့နိုင်လောက်အောင်များလာမှသာ စမ်းလို့သိနိုင်တယ်။ ပျမ်းမျှ ၃ ပါတ်လို့လဲယူဆထားတယ်။ သုတေသနလုပ်သူတွေအတွက်တော့ အသည်းကအသားစယူစစ်ရင်တော့ စောသိတယ်။

(စီ) ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသည်းရှိရာဗိုက်ညာဘက်အထက်နားမှာနာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် အသားဝါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ပေမဲ့ ပိုးက အသည်းကိုဖျက်နေပြီ၊ သူများကိုလဲ ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသည်းရဲ့ အသားစထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသည်းအခြေအနေကိုဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုးအမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံးတွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာကကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကိုကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။

(စီ) ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်ကဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးကထိုးဆေးရော စားဆေးပါပေးမှာပါ။ နောက်ဆုံးပေါ်ဆေးကုသနည်း သပ်သပ်ရေးထားပါတယ်။ နောက်တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက်တကြော့။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေးနဲ့ Ribavirin စားဆေးတွေပါ။ Injection Interferon ကို ၇ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေးPegylatedကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြားတနေ့ ၂ ကြိမ်။ ၆ လ ကနေ ၁၂ လကြာပါမယ်။

ဆေးတွေကပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလိုခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသည်းအစားထိုးပေးရတာပါ။ နားလည်ဘို့ကအသည်းအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။

(စီ) ပိုးရှိသူများ အကိုက်အခဲပျောက်ဆေး Acetaminophen (Tylenol, Paracetamol) ကိုရှောင်ရမယ်။ Ibuprofen က အသည်းမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာမရှိသ၍ သောက်နိုင်တယ်။ သံဓါတ်ဆေး မပေးသင့်ဘူးပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်ကဘာမှမဖြစ်ပါ။

တခြားဆေးကုနည်းတွေလဲရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ဆေးကုနည်း၊ အနှိပ်ခံနည်း၊ ယောဂနည်းတွေပါ။ အပန်းလဲမကြီး၊ စခန်းလဲနီးရင် သုံးပါ။ စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလဲပါတယ်။ စိတ်ရဲ့စွမ်းအားကို ကျွန်တော်တို့ လူမျိုးတွေက အသိဆုံး မဟုတ်ပါလား။

အသည်းရောင် (စီ) ပိုးရှိသူနဲ့ အတူနေသူတွေ ဘယ်လိုကာကွယ်မလဲ
• သွေး (မစစ်ဘဲ) သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုနေရာ ဒီနေရာကွင်းတပ်တာတွေကနေ ကူးရတာပါ။
• လိင်ဆက်ဆံရာကနေမကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေကမများပါ။ သုတေသနတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ (၁) လိင်ဆက်ဆံဘက် များသူတွေ၊ (၂) ဆက်ဆံဘက်မှာ တခြားလိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင်၊ (၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဘို့ အခွင့်အလမ်းပိုမယ်။
• မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲကပစ္စည်းသွင်းနေရသူတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာ လက်ခံရသူတွေ၊ Hemodialysis ကျောက်ကပ် ဆေးနေရသူတွေ၊ ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ၊
• (စီ) ပိုးရှိတဲ့မအေကနေကလေးကို ၄-၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ (စီ) ပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ) ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။
• ပိုးရှိနေသူချက်ပြုတ်တာစားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လဲ မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေမကူးပါ။ တအိမ်ထဲအတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ် ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲ နုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နုတ်ခပ်ချင်းစုပ်တာနဲ့လဲ မကူးပါ။ ရေအတူသောက်လဲ မကူးပါ။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေကူးစက်တာမတွေ့သေးပါ။
• (စီ) ပိုး ရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်နေတယ်။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။
• စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုတ်ပိုးမလှူရပါ။

ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ
• သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ၇ဝ-၈ဝ% မှာဘာမှ မခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာကူးစက်ပိုးဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပါတ်ကနေ ၆ လ လဲ ကြာနိုင်တယ်။
• သူတို့အထဲက ၆ဝ-၈၅% က နာတာရှည် ဖြစ်လာရင်လဲရောဂါလက္ခဏာတွေဟာရှိသူတွေမှာသာရှိမယ်။ သူ့အသည်းက ပျက်စီးစပြုလာမယ်။ နှစ်တွေ ကြာမှလဲ ဖြစ်နိုင်တယ်။
• နာတာရှည် Chronic Hepatitis C ဆိုတာဆိုးဝါးတဲ့ရောဂါတခု ဖြစ်တယ်။
• ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသည်းခြောက်တာ ဖြစ်လာနိုင်တယ်။
• ၁-၅% ဟာ Cirrhosis အသည်းခြောက်တာဒါမှမဟုတ် Liver cancer အသည်းကင်ဆာကြောင့် သေဆုံးနိုင်တယ်။

Hepatitis C ပိုးရှိနေသူဟာ (ALT) အသည်း (အင်ဇိုင်းမ်) စစ်ရင် နည်းတာ၊ များတာ၊ ပုံမှန် ဖြစ်တာတွေ ဖြစ်နိုင်ကြတယ်။ နာတာရှည်အဆင့် ရောက်နေတာတောင် ပုံမှန် ဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေသူဟာနောက် ၆ လ ၁ နှစ်အကြာတခါ ထပ်စစ်ရမယ်။ ဆေးစစ်ဘို့ လိုသူတွေကတော့ မူးယစ်ဆေးထိုးနည်းသုံးနေသူတွေ၊ အရင်က သွေးခဲစနစ်ရောဂါကို ကုသခံဘူးသူတွေ၊ အရင်ကသွေးသွင်းကုသဘူးသူတွေ၊ အရင်ကကျောက်ကပ် ဆေးနေရသူတွေ၊ အရင်ကအသည်းရောဂါ ရှိဘူးသူတွေ၊ အသည်းဆေးစစ်တာပုံမှန်မဟုတ်သူတွေ၊ ဆေးခန်း-ဆေးရုံတာဝန်ထမ်းနေသူတွေ၊ HIV ရှိနေသူတွေ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေသူတိုင်းတော့ မလိုပါ။

ဖတ်နိုင်သည့်စာများ -
1. Drug to cure Hepatitis C အသဲရောင် (စီ) ကုသဆေးတွေ့ပြီလား
2. Hepatitis C (စီ) ပိုး
3. Hepatitis C and Pregnancy အသဲရောင် (စီ) နဲ့ ကိုယ်ဝန်
4. Hepatitis C latest အသည်းရောင် (စီ) ပိုး နောက်ဆုံးအခြေအနေ
5. Hepatitis C medicine Sovaldi အသည်းရောင် (စီ) အတွက်ဆေး
6. Hepatitis C Treatment and Management အသဲရောင် (စီ) ဘယ်လိုကုသလဲ
7. Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ
8. Hepatitis C Viral Load (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်)
9. Looking after someone with hepatitis C (စီ) ပိုးရှိနေသူနဲ့ နေရသူ မကူးစက်အောင် ဘာတွေရှောင်ရမလဲ
10. Mothers with Hepatitis C (စီ) ပိုးရှိ မိခင်


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး