Fingernails and your health လက်သည်း-ခြေသည်း ကျန်းမာရေး

ကျွန်မ သူငယ်ချင်းက အပျိုပါ။ အသက်က (၃၄) နှစ်ထဲမှာပါ။ သူမရဲ့ခြေသည်း (၂) ဖက်လုံး (ခြေမ) အလယ်မှာ အမဲအစင်းတွေ အရမ်းထင်လာပါတယ်ဆရာ။ Medical Checkup လုပ်ချင်တာ ဘယ်အပိုင်းကို ဦးပေးလုပ်ရပါမလဲဆရာ။

လက်သည်း-ခြေသည်းကလဲ အထဲကကျန်းမာရေးကို ရောင်ပြန်ဟပ်နေပါတယ်။ လက်သည်းမှာ Keratin (ကရယ်တင်) ခေါ်တဲ့ (ပရိုတင်း) က အလွှာလိုက် ရှိနေတယ်။ ဒါတွေက အောက်ခြေကနေ ဖြစ်လာနေတာဖြစ်တယ်။ (ဆဲလ်) အသစ်တွေဖြစ်လာနေချိန်မှာ အဟောင်းတွေက ရင့်မာလာပြီး အဖျားဆီကို ရောက်လာနေကြတယ်။

1. Nail pitting လက်သည်းတွေမှာ အချိုင့် စဉ်းလေးတွေ ဖြစ်နေသလား။
Psoriasis ခေါ်တဲ့ အရေပြားရောဂါတမျိုးရှိနေရင် ဖြစ်နိုင်တယ်။ Reiter's syndrome ခေါ်တဲ့ (တွယ်ဆက်-တစ်ရှူး) ရောဂါ ရှိနေရင်လဲ ဖြစ်နိုင်တယ်။ Alopecia areata ခေါ်တဲ့ Autoimmune disease (အော်တို-အင်မြူးန်) ရောဂါ ဆံပင်ကျွတ်ခြင်းမှာလဲ ဖြစ်နိုင်တယ်။

2. Nail clubbing လက်သည်း တင်းပုတ်
လက်သည်း-ခြေသည်းတွေက ဘယ်ကနေကြည့်ကြည့် ပြည့်ဖေါင်း၊ ကြီးပြီးရောင်နေမယ်။ အဖျားမှာ ကားနေမယ်။ တင်းပုတ်နဲ့ ဆင်လို့ ဒီနာမည် ပေးထားတယ်။ ကြာလေ သိသာလေဖြစ်တယ်။ သွေးထဲမှာ အောက်စီဂျင် မဝလို့ဖြစ်တယ်။ အဆုပ်မှာ ရောဂါရနေရင် ဖြစ်နိုင်တယ်။ Inflammatory bowel disease အူလမ်းရောဂါ၊ Cardiovascular disease နှလုံး-သွေးကြောရောဂါ၊ Liver disease အသဲရောဂါ နဲ့ AIDS ရောဂါတွေရှိနေသူတွေမှာလဲ ဖြစ်လာနိုင်တယ်။
Drumstick fingers, Hippocratic fingers, Watch-glass nails စသဖြင့်ခေါ်သေးတယ်။ ၆ဝ% မှာ ရောဂါအကြောင်းခံ ရှာမတွေ့တတ်ဘူး။ ရှာတွေ့နိုင်တာတွေကတော့
• Cystic fibrosis, Lung cancer, Interstitial lung disease, TB, Lung abscess, Empyema, Bronchiectasis, Cystic fibrosis, Pleural Mesothelioma နဲ့ A•V fistula အဆုပ်ရောဂါအမျိုးမျိုး၊
• Congenital cyanotic heart disease, Subacute bacterial endocarditis နဲ့ Atrial myxoma နှလုံးရောဂါ အမျိုးမျိုး၊
• Malabsorption, Crohn's disease, Ulcerative colitis, Cirrhosis, Hepatopulmonary syndrome, Laxative abuse, Polyposis နဲ့ Esophageal CA အစာခြေလမ်းရောဂါ အမျိုးမျိုး၊
• တခြား Hyperthyroidism, Thymoma နဲ့ Thalassemia ရောဂါတွေ ဖြစ်ကြတယ်။

3. Spoon nails ဇွန်းလက်သည်း
ဇွန်းလိုခွက်နေတဲ့ လက်သည်း၊ Koilonychias လို့လဲခေါ်တယ်။ Iron deficiency anemia သံဓါတ်နည်း သွေးအားနည်း ရောဂါ ရှိနေရင်ဖြစ်နိုင်တယ်။ Hemochromatosis ခေါ်တဲ့ အသဲရောဂါကြောင့်လဲဖြစ်တယ်။ ဒီရောဂါရှိရင် အစားထဲက သံဓါတ်တွေကို အများကြီးစုပ်ယူတယ်။ Heart disease နှလုံးရောဂါနဲ့ Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်း ရောဂါတွေမှာလဲ တွေ့ရတယ်။

4. Terry's nails (တယ်ရီ) လက်သည်း
လက်သည်း ထိပ်ဖျားနေရာတွေမှာ ခပ်မဲမဲအစဉ်းလေးတွေ ဖြစ်နေမယ်။ အသက်ကြီးသူတွေမှာ တွေ့ရတတ်တယ်။ အသက်ကြောင့် မဟုတ်ရင် Liver disease အသဲရောဂါ၊ Congestive heart failure နှလုံး အလုပ်မလုပ်နိုင်တောတာ နဲ့ Diabetes ဆီးချိုရောဂါတွေနဲ့ ဆက်စပ်နေတယ်။

5. Beau's lines (ဘော်စ်-လိုင်း) ကန့်လန့်စဉ်း
ထိခိုက်မိရာကနေ Cuticle (ကျူတီကယ်လ်) လခြမ်းပုံနေရာ အောက်မှာ အသစ်ဖြစ်ပေါ်မှုကို တားဆီးနှောင်ယှက်တာခံရလို့ အစဉ်းကြောင်းလို ဖြစ်လာတယ်။ နာမကျန်း ဖြစ်နေတာ ကြာရင်လဲ ဖြစ်တတ်တယ်။ Uncontrolled diabetes ဆီးချိုထိန်းမရရင် နဲ့ Peripheral vascular disease အစွန်အဖျားရှိတဲ့ သွေးကြောရောဂါတွေနဲ့ တွဲဖြစ်တတ်တယ်။ Scarlet fever (စကားလက်) အဖျားရောဂါ၊ Mumps တက်စေ့ရောင်ရောဂါ၊ Pneumonia (နူမိုးနီးယား) Measles ဝက်သက်ရောဂါတို့လို အဖျားများတာကနေလဲ ဖြစ်နိုင်တယ်။ Zinc deficiency သွပ်ဓါတ်နည်းနေတာကနေလဲဖြစ်နိုင်တယ်။

6. Nail separation လက်သည်းကွာခြင်း
Onycholysis လို့လဲခေါ်တယ်။ Nail bed အောက်ခြေနေရာကနေ ကွာတက်လာတာမျိုးဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ရတာနဲ့ Infection ရောဂါပိုးဝင်တာတွေကနေ ဖြစ်နိုင်တယ်။ Nail hardeners or adhesives ဆိုတဲ့ လက်သည်း မာဆေးတွေ ကနေလဲ ဖြစ်စေနိုင်တယ်။ လည်ပင်းကြီးရောဂါ နဲ့ Psoriasis အရေပြားရောဂါတွေနဲ့လဲ ဆက်စပ်နေတယ်။

7. Yellow nail syndrome လက်သည်းဝါ
လက်သည်းတွေ ထူပြီး ဝါနေမယ်။ လက်သည်းအသစ်ဖြစ်မှုမျာ နှေးနေမယ်။ Chronic bronchitis နာတာရှည် လေပြွန်ရောင်ရောဂါ ကနေဆက်ဖြစ်နိုင်တယ်။ လက်ရောင်နေလို့လဲ ဆက်ဖြစ်နိုင်တယ်။

8. Nail fungus လက်သည်းမှို
Onychomycosis လို့လဲခေါ်တယ်။ ရောဂါအကြောင်း မှိုအမျိုးဆိုပြီး ရေးထားပါတယ်။

9. Nail infection လက်သည်းပိုးဝင်ခြင်း
- Onychia လို့ခေါ်တယ်။ ထိခိုက်မိရာကနေ ပိုးဝင်တာဖြစ်တယ်။
- Onychocryptosis ဆိုတာ Ingrown nails ခြေစွယ်ငုပ်တယ်လို့ ခေါ်တာဖြစ်တယ်။ လက်စွယ်လဲ ငုပ်နိုင်တယ်။ ပိုးဝင်လာနိုင်တယ်။
- Onychodystrophy ဆိုတာက ကင်ဆာဆေး ပေးနေရရင်ဖြစ်နိုင်တယ်။
- Paronychia ဆိုတာ လက်သည်း နဲ့ အရေပြားမှာ ဗက်တီးရီးယား ဖြစ်ဖြစ် ဖန်းဂတ်စ် ဖြစ်ဖြစ် နှစ်နေရာလုံးမှာ ပိုးဝင်နေတာဖြစ်တယ်။

10. Do's and don'ts လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာတွေ
• လက်သည်းအကောင်းဆိုတာ ညီညာချောမွေ့နေတယ်။ အစဉ်းတွေ အချိုင့်တွေ အစက်အပျောက်တွေ မရှိရဘူး။ အရောင်ကလည်း တပြေးညီနေရတယ်။ အပျော့အမာလဲ တသားထဲရှိတယ်။
• တခါတလေ လက်သည်းအခြေ လခြမ်းပုံကနေ အဖျားဘက်ဆီကို အစဉ်းလေးတွေရှိနေတာက ရောဂါမဟုတ်ဘူး။ အသက်ရရင် ပိုသိသာနေနိုင်တယ်။
• ခိုက်မိရာကနေ အဖြူရောင်မျဉ်းလေးတွေရှိနေတာဆိုရင် နောက်ပိုင်းပျောက်သွားမယ်။ ဆေးမလိုပါ။
• အရောင်ပြောင်းမယ်၊ ပုံပန်းပြောင်းမယ်၊ ပါးလျမယ်၊ အောက်ခြေကနေကွာလာမယ်၊ သွေးထွက်မယ်၊ နီရဲ ရောင်ပြီး နာနေမယ်ဆိုရင် ရောဂါတခုခုကိုပြနေတာဖြစ်တယ်။
• လက်သည်း-ခြေသည်းတွေကို ခြောက်သွေ့နေပါစေ။ သန့်ရှင်းနေပါစေ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ ဖန်းဂတ်စ် မှိုတွေကနေ ကာကွယ်ရာကျတယ်။
• ပန်းကန်ခွက်ယောက်ဆေးကြောရာမှာ နဲ့ ဓါတုဆေးတွေကိုတွယ်ရာမှာ Cotton-lined rubber gloves ကော်တွန် + ရာဘာ နဲ့လုပ်ထားတဲ့ လက်အိပ်ကိုသာ သုံးပါ။
• လက်တွေ-ခြေတွေကို စိုနေတဲ့အထဲ ကြာကြာစိမ်မထားပါနဲ့။
• ခြေသည်း-လက်သည်း အချိန်မှန် လှီးဖြတ်ပေးပါ။ အသုံးပြုတဲ့ Manicure scissors or Clippers ညှပ်စရာ-ဖြတ်စရာ ကရိယာတွေက ထက်မြနေပါစေ။
• ဖြတ်တဲ့အခါ အလည်က ကန့်လန့်အဖြောင့်ဖြတ်ပြီးမှ ဘေးစွန်းတွေကို ခပ်ကွေးကွေး အနေတော်ဖြတ်ပါ။ ရေချိုး လက်ဆေးပြီး နူးနေချိန်မှာဖြတ်ပါ။
• Moisturizer နဲ့ Hand lotion ကို လက်သည်း-ခြေသည်းမှာပါ သုတ်လိမ်းပါ။ တနေ့တခါမကသုံးပါ။ ညအိပ်ချိန်လဲ သုံးပါ။ လိုမယ်ထင်ရင် (ကော်တွန်) လက်အိပ်စွပ်အိပ်ပါ။
• လက်သည်းတွေကို လိုတာထက်ပိုအသုံးမချပါနဲ့။ ဆိပ်တာ၊ ကုပ်တာ၊ ခွါတာ အားကို လိုတာထက်မသုံးပါနဲ့။
• လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပါ။ ဒဏ်ရာသေးသေးလေးရတာနဲ့ ပိုးတွေဝင်လာနိုင်တယ်။
• ဘေးနာက အသားစွယ်လေးထွက်တာရှိရင် အသေအခြာ ကရိယာနဲ့ဖြတ်ပါ။ သွားနဲ့ မကိုက်ပါနဲ့။
• အတိုထားပါ။ ရှည်လေ ထိခိုက်ဒဏ်ရာရနိုင်လေဖြစ်တယ်။
• Nail polish သုံးပါ။ ခပ်ပါးပါးလုပ်ပါ။
• Nail polish remover ကို တပါတ်တခါထက် ပိုမသုံးပါနဲ့။ Acetone-free အမျိုးအစားကိုသာ ရွေးသုံးပါ။
• Biotin supplements သောက်ပါ။ Multivitamins ပါတဲ့အစားအသောက် ရွေးစားပါ။ လိုအပ်ရင် ဆေးသောက်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး