Appropriate place ပျော်ရာမှာမနေရ တော်ရာမှာနေရ
• အဲဒီသီချင်းစာသားကို သဘောကျပါတယ်။ အားရင်လဲ ဆိုမိတတ်ပါတယ်။
• ဒါပေမဲ့ ကျွန်တော့်ဘဝကတော့ ‘ပျော်ရာ’ နဲ့ ‘တော်ရာ’ ရယ်လို့ ပြောမရပါ။ နိုင်ငံရေးကြောင့် မွေးရာမှာနေခွင့်မရပါ။ ‘လွတ်ရာ’ မှာ နေရပါတယ်။ ဝဋ်ဒုက္ခလဲမှန်တာပဲ။ ကံတရားအရပဲ မိသားစုဆုံနိုင်တဲ့နေရာမှာ နေရပြန်ပါတယ်။
• သီချင်းတွေ၊ ကဗျာတွေ၊ ဝတ္တုတွေ၊ ရုပ်ရှင်တွေထဲမှာ သဘောကျတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ အသုံးမကျတာတွေနဲ့ လမ်းလွဲကိုဆွဲသွားတာမျိုးလဲရှိတယ်။ သိပ်စိတ်ကူးယဉ်တဲ့စာတွေ ကဗျာတွေကို အားမပေးပါ။ သဘာဝလောကကို နုနုလွလွလေးတွေရေးဖွဲ့တာကိုတော့ သဘောကျတယ်။ ဇာတ်လမ်းဖြစ်စဉ်ကို တကယ့်ဘဝနဲ့ကင်းလွတ်ပြီး၊ ဇာတ်နာအောင်၊ မိုးပျံနေအောင်ရေးဖွဲ့တာကို သဘောမကျပါ။
• လူတိုင်းဟာ စာသားနုနုလှလှလေးတွေနောက်လိုက်တဲ့အရွယ်တွေကနေ ကြီးရင့်လာကြရတယ်။
• နေရတဲ့နေရာတွေတိုင်းမှာ နေတတ်အောင်နေနိုင်ဘို့ ကြိုးစားအားထုတ်ပါတယ်။ အလှအပကိုမြင်အောင်ကြည့်ပါတယ်။ အလှသစ်ကြောင့် ငယ်တုံးကလှခဲ့တာတွေဟာ အကျည်းတန်မသွားပါ။
• ကျွန်တော့အဖို့ တော်ရာမှာလဲ မပျော်မရှိပါ။ ပျော်တယ်လဲမရှိပါ။ မွေးရပ်မြေကိုတော့ တကယ်လွမ်းပါတယ်။ ။
ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၄
ဓါတ်ပုံ = ၂၂-၁ဝ-၂ဝ၁၄ နေ့ကရိုက်ထားတဲ့ပုံ

Comments
Post a Comment