Collaborators ပညာနဲ့ နိုင်ငံရေး

သွေးဆုံးကာစအမျိုးသမီးတွေဟာ စိတ်တိုတာ၊ မေ့တတ်တာတွေ ဖြစ်တတ်ကြတာကို သတိပေးစာထဲမှာရေးပါတယ်။ အသက်ကြီးလာသူတွေက စကားများများပြောကြတယ်။ နားထောင်မဲ့သူ လိုက်ရှာတတ်ကြသေးတယ်။ ကျွန်တော်က အသက်ကြီးအမျိုးသားဖြစ်တော့ တတ်နိုင်သလောက် ဆင်ခြင်ရပါတယ်။ နားညည်းခံရသူတွေကိုတော့ ဆောရီးပါ။

နိုင်ငံရေးစိတ်ဝင်စားသူဖြစ်တော့ သူများတွေစကားလဲ နားထောင်ချင်ပါတယ်။ ခုတလော အာရုံကျတာက လူငယ် လူရွယ်တွေ။ အကြောင်းက ကျန်းမာရေးရော နိုင်ငံရေးရောပ။ “နုစိုလတ်ဆတ်တဲ့ အသီးအရွက်တွေကို စားသုံးတာဟာ နုပျိုစေတယ်” လို့ ယူဆပါတယ်။ ကျွန်တော့်အကြောင်းသိလို့ အိမ်မှာဆိုရင် ဆလပ်ရွက်နုတဲ့အပိုင်းဆို ဦးချပေးကြတယ်။

နောက်တချက်က မြန်မာပြည်နိုင်ငံရေးကောင်းဘို့ရာ ငယ်ရွယ်သူတွေကို အားထားရမှာမို့ပါ။ “လူငယ်တွေကို နေရာပေးပါ” ဆိုတဲ့ မိန့်ခွန်းစကားထဲကအသုံးမျိုးနဲ့ ကျွန်တော့်အယူအဆက မတူပါ။ ငယ်သူတွေမှာ အချိန်ပိုရှိကြတယ်။ တက်ကြွမှုမှာ သာတယ်။ ခေတ်ကိုလဲ အမှီလိုက်ကြသူတွေဖြစ်တယ်။ ဒီအချက်တွေကြောင့် နုပျိုလတ်ဆတ်ကြတဲ့ လူငယ်တွေပြောတာ နားထောင်ပြီး၊ သူတို့ စကားအဆုံးတိုင်းမှာသာ တချက်တလေ ဝင်ထောက်ပါတယ်။

ကျန်းမာရေးမေးကြတာမှာ အထီး-အမနဲ့ အသက်ကိုမသိရပဲ မေးခွန်းတွေစီရေးနေရင် ခက်ရော။ နိုင်ငံရေး စကားစမြီ ပြောရင်လဲ ဘယ်သူဘယ်ဝါဆိုတဲ့ ‘ပရိုဖိုင်းလ်’ နည်းနည်းဖြစ်တော့သိမှကောင်းပေမဲ့၊ ကျွန်တော့်ကိုလဲ အခြေခံလောက် (NLD ကဖြစ်တယ်၊ ပြည်ပမှာနေတယ်) တောင်မသိပဲ စကားလာပြောတာမျိုး ရှိသေးတယ်။

အိန္ဒိယမှာနေရတုံးက လူပေါင်းစုံနဲ့စကားပြောခဲ့ရပါတယ်။ တချို့သူတွေကို “မြန်မာပြည်အကြောင်း ကောင်းကောင်းသိတဲ့ လူကြီးမင်းလိုပုဂ္ဂိုလ်မျိုးနဲ့ စကားပြောရတာကို ကျွန်တော်သိပ်သဘောကျတာပဲဗျာ” လို့ ပြောနိုင်ခဲ့တာမျိုးရှိပါတယ်။

တချို့လူငယ်တွေက ဘိုလိုမွှတ်နေအောင်တတ်သူတွေကို ‘ဟီးရိုး’ လုပ်ပြီး၊ ‘အိုင်ဒိုးလ်’ သတ်မှတ်နေကြတာကို သတိထားမိလာတယ်။ သတိပေးမိပါတယ်။ အင်္ဂလိပ်စကားလဲကောင်း၊ ပညာမှာလဲတော်ယုံနဲ့တော့ ကျွန်တော်က သဘောမကျသေးပါ။ နိုင်ငံရေးအမြင်အသိပါ တည့်မတ်တာကိုသာ အားပေးပါတယ်၊ ချီးမွမ်းပါတယ်လို့။

ပညာလဲတတ်၊ စမတ်လဲကျသူတွေ မနည်းပါ။ ဒါပေမဲ့ ‘ကိုလာဘရေတာ’ လုပ်နေသူမျိုးက ကျွန်တော်နဲ့ လိုင်းမတူပါ။ ‘ချတ်’ ကနေပြောရတာ ရေလည်ပတ်လည်မရှိတော့ အားမရဘူး။ စကားများသူလဲမဖြစ်ချင်တော့ သဘောပေါက်ဘို့ ခက်မယ်။

Collaborator
1. A person who works jointly on an activity or project; an associate.
2. A person who cooperates traitorously with an enemy; a defector.

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး