Good friends talk about us မတွေ့ရသူများဆီက မြင်ရတဲ့မေတ္တာ

ကျွန်တော့်ဇနီးဒေါ်မြမြအေးကို သတိတရ အသိအမှတ်ပြုကြသူ (ဆရာမ) နှင်းပန်းအိမ်နဲ့ (ကို) စိန်ဝင်းတို့ ရေးကြတာမှာ နာမည်နဲ့ ကိုယ်ရေးအချက်လေးတွေ နဲနဲလွဲတာတော့ရှိတယ်။ ဒါပေမဲ့ အနှစ်နဲ့စေတနာ စစ်မှန်ကြပါတယ်။ (ဒေါက်တာ) ကျော်ငွေကတော့ ထဲထဲဝင်ဝင်မို့ အတွင်းသိဖြစ်တယ်။ (၄) ကတော့ အရင်တင်တာကိုဖတ်ပြီးမှ ပို့လာတာပါ။

(၁) Hnin Pan Eain: “ဆရာရှင့် ကျမပုလဲကနေအမြဲဖြတ်ပြီး ထောင်ဝင်စာတွေ့ရတိုင်း ဆရာ့မြို့လေးကို ကားပေါ်ကနေ တွေးရပါတယ်။ ဆရာ့ဇာတိမြေကို လွမ်းနေမှာပဲလို့လေ။”

(၂) Sein Win ဘာလိုလိုနဲ့ နှစ်တွေအတော်ကြာခဲ့ပြီ။အန်တီအေ့း ဆရာဝန်ကတော်လဲ ဆရာဝန်ကတော်၊ ပြီးတော့ သူပုန်မယားသားနှစ်ယောက် သမီးတစ်ယောက်ရဲ့မိခင် အိမ်ရှင်မတယောက်၊ အမတ်ကတော်လဲဖြစ်ဖူးခဲ့။ ဝရန်းပြေးလင်နဲ့ သားငယ်အတွက် သောကဝေဒနာတွေနဲ့ ကြံ့ကြံ့ခံ ချိပ်ပိတ်ခံအိမ်ကပစ္စည်း ချရောင်း မုံရွာကိုပြောင်းပြီး လက်ဘက်ရည်လဲ ရောင်းခဲ့ရ၊ ဂွမ်းဖတ်စက်ကို နဝလီကြိတ်ခွဲ၊ သမီးနေနေ (နေမြမြဆွေ) အတွက်ပညာရေးကိုအလေးပေး၊ ဝမ်းရေးတဘက် ပြည်တွင်းရေးတဘက် နိုင်ငံရေး လုပ်ဖော်တွေရဲ့လူမှုဘဝကလတဘက်နဲ့ပေါ့။ နောက်တော့ အမိမြေစွန့်ခွာ လင်ရှိရာ လိုက်သွားပြီး၊ အဝေးရောက်တနေရာက မြန်မာအမျိုးသမီးများအတွက် အားမာန်တွေ ပေးဆက်သူ။ အော် ဘာလိုလိုနဲ့ နှစ်တွေတောင် အတော်ကြာခဲ့ပေါ့။ အန်တီဒေါ်မြမြအေးနဲ့ အန်တီဒေါ်နန်းသိန်းမေတို့ကို သတိရအောင့်မေ့လျှက့့်။

(၃) Kyaw Ngwe ကိုစိန်ဝင်းဆိုသူကိုမမြင်ဘူးပေမဲ့ လေးစားပါတယ်။ ကျုပ်တို့မိတ်ဆွေ၊ အဲ့ ဆရာစုံတွဲဟာ အတိတ်ကံတရားရဲ့ သက်ရောက်မှုဒဏ်ကိုခံခဲ့ကြရတာ ပြီးလောက်ပြီလို့ ထင်ပါတယ်။ ခုဘဝရဲ့ သူတို့စေတနာ (ကံသုံးပါးအပြုတွေ) ဟာဇော ၇ တန်အဖြစ်နဲ့ သူတို့ကိုကောင်းကျိုးတစ်လှည့်ပြန်ပေးဦးမှာပါ။ အဲသည်အချိန်ကိုသာ ကျွန်တော်တို့ စောင့်ကြိုပေးလျှက်ပါ။ မြန်မြန် အလှည့်ပေးနိုင်ပါစေ။

ဆရာမနှင်းပန်းအိမ်သို့
ဆရာမ RFA ရေဒီယိုကနေ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေရဲ့ တကယ့် ဘဝတွေကို ဆရာမ တင်ဆက်ပေးနေတာ နားထောင်ရပါတယ်။ ဒီအစီအစဉ်ထဲ ထည့်ပေးစေချင်လို့ မဟုတ်ပါ။ မှတ်တမ်းလေးတခု ကျန်ရစ်အောင်အတွက်သာ ဒီစာကို ရေးပါတယ်။ ကျွန်တော် ထွက်ပြေးရတာနဲ့ဆက်ပြီးအဖမ်းခံရ၊ ထောင်ကျရသူတွေဟာ နိုင်ငံရေး အကျဉ်းသားစာရင်းတွေထဲမှာ ပါ-မပါလဲမသိပါ။ တတိယမြောက်သား၊ ပြည်တွင်းမှာ ပုန်းပြေးနေရတာလဲ ပုန်းပေးခဲ့သူတွေကလွဲရင် မသိပါ။

ပုလဲ၊ မုံရွာသတိရတာတော့ အိပ်ပျော်နေလဲရနေတယ်ပြောရမှာဘဲ။ ဆရာမအသံလွှင့်တာတွေ နားထောင်ရင်း မုံရွာ ထောင်ထဲနေခဲ့ရတာတွေကို အန်တီက ပြန်အမှတ်ရသတဲ့။ ကျွန်တော့ မိသားစုက NLD ထဲဝင်လုပ်တဲ့နိုင်ငံရေးနဲ့ စစ်အစိုးရရဲ့ ဒဏ်တွေခံနေကြရချိန်မှာ၊ ရင်းနီးနေခဲ့တဲ့ အမျိုးတွေ၊ မိတ်ဆွေတွေထဲကတချို့ဟာ ရှဲသွားကြပေမဲ့ အရင်တုံးက ခပ်လှမ်းလှမ်းမှာနေခဲ့ကြတဲ့ အမျိုးတွေ၊ မိတ်ဆွေတွေက ကျွန်တော်ပြည်ပထွက်ပြေးရပြီး ပြည်တွင်းမှာ ကျန်ရစ်တဲ့ အန်တီအနားကို ရောက်လာကြတယ်။ တခါမှမတွေ့ဘူးသူတွေက အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်လာတာဟာ တသက်တာ မမေ့နိုင်စရာတွေပေါ့ဗျာ။ သူတို့နာမည်တွေကို အန်တီအေးက ပြန်ပြန်ရွတ်ပြနေဆဲပါ။ တချို့ဆိုရင် ကျွန်တော်နဲ့ လူချင်းတခါမှ မတွေ့ဘူးကြပါ။

ဆုံးသွားပြီဖြစ်တဲ့ သားအကြီးကမုံရွာအချုပ်ထဲရောက်ဖူးတာသူ့အမေရဲ့ အရင်ပေါ့။ ကျွန်တော်ကတော့ မုံရွာဆေးရုံမှာ တာဝန်ကျရင်း ထောင်ဆရာဝန်ဆိုပြီး အလှည့်ကျ သွားရဘူးတာနဲ့ ကျိန်းကျေသွားလားမသိဘူး။ အစ်ကိုလွတ်ပြေးသွားလို့ (၄) နှစ် အချခံရတဲ့ ညီအရင်းကလဲ မုံရွာထောင်မှာဘဲ။ ညီတော်မောင်ကအစိုးရဝန်ထမ်းမို့ ကျွန်တော်နဲ့ ကင်းရှင်းအောင်ကို အတော်သတိထားနေကြတာပါ။ တချက်ကလေးပြောစရာတော့ ရှိသွားတယ်။ ညီကနေ ကျွန်တော့်ဆီကိုသမတဘွတ်ရှ် (စီနီယာ) ရဲ့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ် လှမ်းပို့ဘူးတယ်။ သူ့ကိုစွဲချက်တင်တော့ ကွန်မြူနစ်တဲ့ဗျာ။ ဗခခင်ညွန့်ရဲ့ သတင်းစာ ရှင်းလင်းပွဲက ဇယားထဲမှာညီဖြစ်သူက (ယူဂျီ) တဲ့ဗျာ။ မနေ့တနေ့က မုံရွာကတူလေးကနေ ဖေ့စ်ဘွတ်မှာ ဓါတ်ပုံတင်ပေးတယ်။ အဲဒီ (ယူဂျီ) က ဘုရားတဆူမှာမီးလှူထားတယ်။

တဖက်နိုင်ငံကနေ သိထားရသလောက် “ဇနီးနဲ့ အမျိုးတွေ၊ မိတ်ဆွေတွေ အဖမ်းခံရတယ်။ ညီအရင်းကိုထောင် (၄) နှစ် ချတယ်။ နေအိမ်နဲ့ ဆေးခန်းကို ချိပ်ပိတ်ထားတယ်။ အိမ်ကိုမနေရ၊ မပြင်ရ၊ မရောင်းရ၊ အငှားမတားရ။ ဆရာဝန်လိုင်စင် (ဆမ) လဲသိမ်းသွားတယ်။” ဒါလောက်သာ သိခဲ့ရတယ်။ ဇနီးကအဲဒီခါးသီးဘွယ်ရာဘဝဒဏ်ရာကြီးကိုပြောမထွက်လို့ တစစီတစစီသာ ပေါင်းစုနေရတယ်။ အနှစ် (၂ဝ) ကျော်ပေမဲ့ ခုထိလုံးစေ့ပတ်စေ့ ဇာတ်စုံမခင်းနိုင်သေးပါ။

အန်တီကိုမဖမ်းသေးခင် လွယ်အိပ်လေးလွယ်ထားတဲ့ အရပ်ဝတ်နဲ့လူတွေ ပုလဲအိမ်မှာတပါတ်ခါ လာလာစစ်ကြတယ်။ ဟိုဟာရှာ။ ဒီဟာမေး။ မုံရွာကိုလဲ နှစ်ခါခေါ်စစ်သေးတယ်။ နောက်တော့ လွယ်အိပ်လွယ်တယောက်က “အမကြီး ခုလိုခေါ်စစ်တာမခံရအောင် ဒေါက်တာတင့်ဆွေကို ကွာရှင်းကြောင်းလက်မှတ်လေးထိုးပေးလိုက်ရင် အားလုံးရှင်းသွားမယ်၊ မလုပ်ချင်ဘူးလား” တဲ့။ “အခုခေတ် ပုလဲမှာသစ်ကွက်တွေနဲ့ ချမ်းသာနေကြတာတွေ မြင်တယ်မဟုတ်လား။ အမကြီးလဲ ဒီလိုဖြစ်လာမှာပေါ့၊ ဟဲဟဲဟဲ့” တဲ့။

“ကျမနဲ့ ကွာရှင်းပြီးမှ ဆရာကထွက်သွားတာမှ မဟုတ်တာ။” နိုင်ငံရေးခံယူချက်နဲ့ သစ်ကွက် မလဲခဲ့ပါ။ အကြင်လင်မယားဘဝနဲ့ အကျဉ်းသားဘဝ မလဲခဲ့ပါ။

ဒေါ်မြမြအေးခင်မြာ သားသမီးလေးယောက်ကိုကျောင်းဆက်ထားရမှာမို့ အရောင်းအဝယ်လေးလုပ်ကြည့်ပါတယ်။ ဈေးဝယ်တွေ ဖေါက်သည်တွေပါ ထောက်လှမ်းရေး ဆိုသူတွေက ခြိမ်းခြောက်တာခံကြရတော့ ဘာစီးပွါးရေးမှ လုပ်မရပါ။ စုထားတာလေးတွေ ထုတ်ရောင်းပြီး၊ လေးနှစ်ကြာအသက်ဆက်ခဲ့ပါတယ်။ မုံရွာအထက်တန်းကျောင်းအမှတ် (၃) မှာ တက်နေရတဲ့ (၁ဝ) တန်းကျောင်းသူသမီးကိုစစ်တပ်ကဘောလုံးပွဲလုပ်ရင် ပန်းစီးဆက်ဘို့ရာ လူရွေးပါတယ်။ ကွမ်းတောင်ကိုင်တွေလိုရုပ်ရည်ကြောင့် မဟုတ်ပါ။ (အင်နယ်လ်ဒီ) အမတ်ကို နာမ်နှိမ်တာသက်သက်ဖြစ်ပါတယ်။ အဲလိုနေ့များမှာ သမီးကျောင်းမသွားတော့ပါ။

ဒေါ်မြမြအေးကိုမုံရွာထောင်ကနေရုံးထုတ်တော့ (၃၈ဝ) လို့ရေးထားတဲ့ စာရွက်တခုကို အကိုင်ခိုင်းသတဲ့။ “ဘာလဲမသိဘူး။ ကိုယ်ပိုင်နံပါတ်လား။” ပေါ့။ ရှေ့နေကပြောမှ အဲဒါ “ခိုးမှု” တဲ့။ “ဟာ့ ဘာခိုးလို့လဲ။” စက်ဘီးတဲ့။ သားသမီးနဲ့ ကူတဲ့သူတွေကလဲများတော့ အိမ်မှာ စက်ဘီးဘယ်နှစ်စီးရှိလဲတောင် ကျွန်တော်မသိပါ။

နောက်တခေါက် ရုံးထုတ်တော့ (၆/၁) ရော ပါပြန်သတဲ့။ “ဟာ့ ဘယ်ပြည်သူပိုင်ပစ္စည်းကို အလွဲသုံးစားလို့လဲ”။ ထောက်လှမ်းရေးဆိုသူက “ဘုတလင်ကရေစုပ်စက်၊ နောက်ထပ်ဘာမှ မမေးနဲ့တော့။ ဒါဘဲ။” တဲ့။ အမျိုးတွေကနေ စက်ဘီးအခိုးခံရသူ၊ ရေစုပ်စက် ပျောက်သူလို့ဆိုတာ လိုက်မေးတော့ ဘယ်မှာရှာမတွေ့ကြပါ။

ထောင်ထဲမှာခိုးတာရော ပြည်သူပိုင်ပစ္စည်းဆိုတာပါ ဘာတခွန်းမှ မမေးပါ။ ကျွန်တော် ဘယ်လိုဘယ်ပုံထွက်ပြေးသလဲ။ ဘယ်သူတွေကကူညီသလဲသာမေးတယ်။ မေးဘို့ရာ၊ စစ်ဘို့ရာညဥ့်နက်သန်းခေါင်မှာခေါ်တယ်။ အရပ်ဝတ်နဲ့ ရဲလား၊ ဘာလား၊ မိန်းတယောက်တော့ ရှိပါရဲ့၊ သူများတွေကဘာထင်ကြမလဲ။ အဲဒီတုံးကအသက် (၄ဝ) ဝန်းကျင်လောက်၊ အရွယ်ရှိပါသေးတယ် ပြောရမလား။ “ဒီအမျိုးသမီးညကြီးသန်းခေါင် တယောက်ထဲ ခေါ်ခေါ်ထုတ်သွားတယ်၊ ဘာလဲ။” တွေးစေဘို့ တမင်တကာလုပ်ကြံတာပေါ့။

ဆရာဝန်ကတော်ကိုထားတော့လဲ (အိတ်ခ်ျအိုင်ဗွီ) ရှိလောက်မဲ့ ကိုယ်ခန္ဓာရောင်းစားရရှာသူတွေနဲ့ တွဲထားတယ်။ ထောင်ထဲမှာအဲဒီမိန်းကလေးတွေက “အမကြီးကဘယ်ရပ်ကွက်ကလဲ” တဲ့။ မသိသူတွေကအန်တီကို “ခေါင်း” ဘဲထင်ကြတယ်။ ရောဂါပိုးတော့ ပါမလာပါ။ ဂုဏ်သိက္ခာ ကျစေအောင် နှိပ်စက်လိုက်တယ်ဆိုတာ နှစ်တွေ အတော်ကြီးကြာမှ ကိုယ့်အဖြစ်ကိုသိလာသတဲ့။

“ကိုယ့်စစ်မေးတဲ့သူတွေကို နာမည်လဲမသိချင်လူး၊ လူလဲမှတ်မထားဘူး၊ ခေါင်းထဲမှာကို မထားချင်ဘူး၊ အသိအမှတ်ကို မပြုချင်တာပါ” လို့ နှစ်တွေအတော်ကြီးကြာတော့ ထွက်လာပါသေးတယ်။ ဗိုလ်ကြီး-ဗိုလ်မှူးဘယ်သူကနေမတရားမှု၊ ညစ်ပတ်မှုတွေ လုပ်တာမဟုတ် စစ်အုပ်စုကနေလုပ်နေတာသာဖြစ်တယ်ဆိုတာ သိထားလို့ပါ။

လွှတ်ခါနီးတော့ “မန္တလေးအိုဘိုထောင်ကြိုက်လား၊ အင်းစိန်ထောင်ကြိုက်လား။ အဲဒီမှာ ခင်များတို့လို နိုင်ငံရေးသမားတွေ အများကြီးရှိတယ်” တဲ့။ လွှတ်မဲ့ဟာတောင် စိတ်ကို နှိပ်စက်သေးတာ။ ကားကိုလှည့်ပတ်မောင်းပြီး၊ မုံရွာမြို့လည်ခေါင် ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကားပေါ်ကအဆင်းခိုင်းတယ်။ ထောင်ထဲမှာတလနီးပါးဝတ်စားထားရတဲ့ ဟောင်းနွမ်း ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ လူရုပ်ကိုသူများတွေ အမြင်မခံချင်တာမို့ ယောက္ခမအိမ်အထိ အပို့ခိုင်းရတယ်။

ကျွန်တော့် အမှုနဲ့ဆက်ပြီးအန်တီနဲ့အတူသူ့အမျိုးကိုယ့်အမျိုးနဲ့ မိတ်ဆွေ (၇) ဦးကိုလဲ မုံရွာထောင်ကြီးချုပ်မှာထားတယ်။ မိန်းမသားလဲဖြစ် ယောက်ျားနဲ့ သားတယောက်ကလဲ တိုင်းပြည်ကနေထွက်ပြေးကြရပြီဆိုတော့ အန်တီဟာတရားဓမ္မ ဘယ်မှာသတိရနိုင်မလဲ။ ငိုယိုတယ်။ ဒေါသထွက်တယ်။ သောကမီးလောင်ပါတယ်။ ဒါပေမဲ့ သတ္တိလား၊ မာနလား၊ ဇာတိပြတာလားမပြောတတ်ပါ၊ “အတူအချုပ်ခံနေရသူတွေကဖြောင့်ချက်ပေးကြပြီ၊ တယောက်ကို (၂) နှစ်စီချမယ်။” ဆိုတော့ အန်တီကငိုရင်းပြန်ပြောလိုက်တယ်။

“အဲဒီ (၇) ယောက်စာ (၁၄) နှစ်လုံးကိုငါတယောက်တည်းကျခံမယ်ဟေ့” တဲ့။

ဒီမိုကရေစီနိုင်ငံရေးအတွက် အကျဉ်းကျသူတိုင်း၊ အချုပ်ကျသူတိုင်း၊ ပုန်းရှောင်ရသူတိုင်းကို လေးစားလျက်ပါခင်ဗျား။

(၄) Win Myint အန်တီအဖမ်းခံရချိန် ကျွန်တော်လည်းထောင်ထဲမှာဆရာ။ တောင်ယာဆောင်မှာ။ ဆရာ့ကို ကားမောင်းပို့တဲ့ ကားဆရာနဲ့ဆုံတော့ အန်တီကို ခိုးရာပါပစ္စည်းလက်ခံမှုဆိုပြီး မော်တာတလုံးဝယ်တာနဲ့ အဖမ်းခံရတယ်လို့ ပြောတယ်ဆရာ။ ဆရာ့ညီ ဆရာဦးတင်လေးနဲ့ အတူတူနေခဲ့ရတယ်ဆရာ။ တခန်းထဲမှာကအချုပ်ပုံစံခန်းမှာ။ နောက်ထောင်ကျတော့ ကျွန်တော်က ထောင်ကျပုံစံခန်း၊ ဆရာဦးတင်လေးက ရဲဘက်ခန်ုး။ နောက်ကျွန်တော်က တောင်ယာဆောင် (၂)။ အခန်းအမျိုးမျိုးပြောင်းပေမဲ့ ဆရာဦးတင်လေးကတော့ ရဲဘက်ခန်းမှာပါပဲ။ ခုမြင်နေရတဲ့ ထောင်ရဲ့ ညာဘက်ခြမ်းမှာ အန်တီတို့နေရတာ။ တောင်ယာဆောင်က ဘယ်ဘက်ခြမ်းမှာ၊ တည့်တည့်မှာက အချုပ်ပုံစံခန်း၊ ထောင်ကျပုံစံခန်း၊ (၂)ခန်း (၃)ခန်း၊ ရဲဘက်ခန်း၊ ညမီးခန်း၊ ညာဘက်အရှေ့ဘက်မှာတိုက်၊ အရှေ့တောင်ဘက်မှာ အလုပ်ရုံဆရာ။

အမှတ်တရရှိတာက ထောင်ထဲမှာကျွန်တော်ရေးတဲ့ ကဗျာလေးကိုဆရာက အင်္ဂလိပ်ဘာသာနဲ့ ပြန်ပေးတာပါ။ ကျွန်တော်မှတ်မိသမျှ အမှတ်တရရေးပေးလိုက်ပါတယ်ဆရာ။

“အမေ့ရင်ခွင်၊ သားမဝင်နိုင်၊ အမေ့ထံပါး၊ သားမနားနိုင် အမေတခြား၊ သားတပါးမှာ ကြားခံဒြပ်ထု၊ ပံသုအုတ်ရိုး မကျိုးသ၍၊ တွေ့မှတွေ့ရပါ့မလားအမေ။”

ဒီကဗျာလေးကို ဆရာဦးတင်လေးက အင်္ဂလိပ်လိုပြန်ပေးခဲ့ပါတယ်။
My mother lap's that. I cannot rest at. Nor can I hover, near my mother. As she is not near, so am I too far. That unclosed thick and tall broken apart and them fall. I am very uncertain to see and meet her all.

နှစ်ကြာသွားပြီဆိုတော့ နဲနဲလွဲချင်လွဲနိုင်ပါတယ်။ ဒါပေမဲ့ အမှတ်တရပေါ့။ ခေါင်းစဉ်ကတော့ မတပ်မိဘူးခင်ဗျ။ လေးစားလျှက်ပါဆရာ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၂
၂၃-၁-၂ဝ၁၄
(မုံရွာထောင်ဓါတ်ပုံရိုက်ပို့ပေးသူ့ ကို ကျေးဇူးတင်ပါတယ်။)

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး