Vaginal rings သန္ဓေတား သားရေကွင်း

ဆရာရှင့် - အောက်ပါ article များကို ဖတ်ချင်၍ ဝင်ကြည့်ရာ မရတော့ပါ။ ဘယ်မှာများ ဖတ်လို့ရပါမလဲရှင့်။
- Contraceptive pills Marvelon တားဆေး
- Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
- Contraceptive Vaginal rings သန္ဓေတား သားရေကွင်း

V-Rings လို့လဲ အတိုခေါ်တဲ့ Vaginal rings သားရေကွင်းတွေဆိုတာ အမျိုးသမီး မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ ထည့်ပေးထားရတဲ့ သန္ဓေတားနည်းတခု ဖြစ်တယ်။ သားရေကွင်းလို့ ပြောရပေမဲ့ ဆေးပါနေတဲ့ Polymeric devices (ပေါ်လီမက်ထရစ်) ပစ္စည်း ဖြစ်တယ်။ အချင်း ၂ လက္မ ရှိတယ်။ ကိုယ်ဝန်အတွက် မဟုတ်တာတွေလဲ ရှိသေးတယ်။

1. NuvaRing ဆိုတာက Contraceptive vaginal ring ကိုယ်ဝန်တားပစ္စည်း ဖြစ်တယ်။ Poly-ethylene-co-vinyl acetate နဲ့ လုပ်ထားပြီး၊ Etonogestrel (Progesterone) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ထုတ်ပေးနေတယ်။ မျိုးဥအိမ်ကနေ မျိုးမထွက်စေဘူး။ သားအိမ်အဝက အချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးလျစေမယ်။ ကိုယ်ဝန်မရအောင် တားပေးမယ်။
2. Femring ဆိုတာက သွေးဆုံးချိန်မှာ မျက်နှာတွေ နီမြန်းတာ၊ မွေးလမ်းကြောင်း ကြုံလှီတာတွေ သက်သာဘို့ Estradiol-acetate ဟော်မုန်း နဲနဲလေး ထုတ်ပေးနေမဲ့ Silicone elastomer ကနေလုပ်တာ ဖြစ်တယ်။ လင်မယား အတူမနေခင် ခဏထုတ်ထားနိုင်တယ်။

အဲလို ပစ္စည်းမျိုးကို မွေးလမ်းကြောင်းထဲမှာ ထည့်ထားလို့ ရတယ်။ သားရေကွင်းလို ပစ္စည်းကရော (ဗဂျိုင်းနား) အတွင်း နံရံရောက ဆန့်နိုင်ကြုံ့နိုင်စွမ်းရှိလို့ ထွက်မကျစေအာင် ထိန်းထားနိုင်တယ်။ ရေချိုးတာ၊ လေ့ကျင့်ခန်း လုပ်တာ ကိစ္စမရှိပါ။ ရှိနေတာ သေခြာချင်ရင် လက်ကို ဆေးကြောပြီး ကိုယ့်ဖါသာ စမ်းကြည့်နိုင်သေးတယ်။

NuvaRing ကို ဘယ်လိုထည့်မလဲ။
• လက်ဆေးပါ၊ ခြောက်သွေ့စေပါ။ NuvaRing foil pouch ကို ဖေါက်ပါ။
• ပက်လက်အိပ်ပါ။ တခြား အဆင်ပြေတဲ့ အနေအထားလဲ ဖြစ်ပါတယ်။
• ကွင်းကို လက်မနဲ့ လက်ညှိုးကြားထား ကိုင်ပါ။ ရှည်မျောမျော ဖြစ်သွားအောင် ဖိလိုက်ပါ။
• (ဗဂျိုင်းနား) ထဲကို အသာအယာ ထိုးသွင်းပေးပါ။ အနေရအထိုင်ရ သက်တောင့်သက်သာရှိပါစေ။
• ၃ ပတ်တိတိ မထုတ်ဘဲထားပါ။

NuvaRing ဘယ်လို ထုတ်မလဲ။
• ၃ ပတ်ကြာရင် ထုတ်ရမယ်။ ထည့်ချိန်နဲ့ ထုတ်ချိန် နာရီတူတာ ပိုကောင်းတယ်။
• ပက်လက်အိပ်ပါ။ တခြား အဆင်ပြေတဲ့ အနေအထားလဲ ဖြစ်ပါတယ်။
• လက်ဆေး-ခြောက်သွေ့စေပါ။
• လက်ညှိုးကို ကွေးပြီး မွေးလမ်းကြောင်းထဲ သွင်းပါ။ ကွင်းနဲ့ အနီးဆုံးနေရာကို လက်ခလည်နဲ့ပါ ညှပ်ပြီး ဆွဲထုတ်ပါ။
• စွန့်ပြစ်ပါ။ ရေအိမ်သာမှာ မပြစ်ပါနဲ့၊ ကလေးတွေ တိရစ္ဆာန်တွေနဲ့ ဝေးပါစေ။
• နောက်လမှာလဲ ကလေးမလိုချင်သေးရင် ၇ ရက်ထက်မကွာဘဲ နောက်ကွင်းသစ်တခု ထပ်ထည့်ပါ။

အဆင်မသင့်လို့ ရေအိမ်သာဝင်ချိန်၊ လိင်ဆက်ဆံချိန်၊ ရာသီလာတုံးသုံးတဲ့ Tampon ထုတ်ချိန်မှာ ထွက်ကျရင် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
• ထွက်ကျတာ ၃ နာရီအတွင်းဆိုရင် NuvaRing ကို ရေနွေး (သိပ်အပူကြီးမဟုတ်) ထဲမှာ ဆေးပြီး ပြန်ထည့်ပါ။
• ရှာမတွေ့ရင် အသစ်ထည့်ပါ။
• ထွက်ကျတာ ၃ နာရီကျော်သွားရင် နောက်ပြီး ရာသီစက်ဝန်းရဲ့ ပဌမ ၂ ပတ်မှာ ဖြစ်နေရင် ကိုယ်ဝန်ထားဘို့ မသေခြာတော့ပါ။ ကွင်းအသစ်လည်းထည့်ပါ၊ တခြားတားနည်းတခုခု ဥပမာ (ကွန်ဒွမ်)၊ Spermicide သုတ်ပိုးသေဆေး တခုခုသုံးပါ။
• တကယ်လို့ ထွက်ကျတာက ရာသီစက်ဝန်းရဲ့ တတိယပတ်မှာ ၃ နာရီကြာမှသိရင် ကွင်းကို စွန့်ပြစ်လိုက်ပြီး၊ သေခြာအောင် တခြားတားနည်းတခုခု သုံးပါ။ (ကွန်ဒွမ်)၊ သုတ်ပိုးသေဆေး။ နောက်ပြီး အောက်ကနည်း တခုခုလုပ်ပါ။
- ကွင်းအသစ်တခုထည့်ပါ။ ဒါက နောက်ထပ် ၃ ပတ်အတွက်သဘော ဖြစ်သွားတယ်။ ရာသီ မလာဘဲ နေချင်နေနိုင်တယ်။ ကြားရက်ဆင်းတာလဲ ဖြစ်နိုင်တယ်။
- ဒါမှမဟုတ် ရာသီလာတာ စောင့်ပါ။ ကွင်းအသစ်ထည့်ပါ။ ထွက်ကျတဲ့ အရင်ကွင်းနဲ့ နောက်ကွင်းသစ် ကြားမှာ ၇ ရက်ထက် မကွာစေနဲ့။ သတိထားဘို့က အရင်ကွင်းကိုလဲ အနည်းဆုံး ၇ ရက် ဆက်တိုက် သုံးခဲ့သူ ဖြစ်ရမယ်။
• ထုတ်ဘို့မေ့သွားတာက ၃ ပတ်ထက်ကျော်သွားရင် စထည့်ခဲ့တဲ့ရက်ကနေ ၄ ပတ်ထက် မကျော်သေးရင် ချက်ချင်း ထုတ်ပါ။ ၇ ရက်ခြာပြီး ကွင်းသစ်ထည့်ပါ။
• မထုတ်ဘဲနေတာ ၄ ပတ်ထက် ကျော်သွားရင် နောက်ဆုံး ၁ ပတ်ထဲမှာ ဆက်ဆံမှုရှိခဲ့ရင် မသေခြာတော့ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ ကိုယ်ဝန်မရှိတာ သေခြာရင် အဟောင်းကိုထုတ်ပြီး ကွင်းသစ်ထည့်ပါ။
• NuvaRing ကို ၇ ရက်ဆက်တိုက် ထည့်ထားတာ မဟုတ်ရင် မသေခြာသေးလို့ တခြားတားနည်းတခုခုလဲ သုံးပါ။ (ကွန်ဒွမ်)၊ သုတ်ပိုးသေဆေး တခုခုသုံးပါ။ Diaphragm နဲ့ တွဲမသုံးပါနဲ့။

ဒီလိုလူတွေ မသုံးပါနဲ့ -
1. နှလုံး (အတက်ခ်)၊ နှလုံး (စထုပ်ခ်) ရဘူးသူ၊
2. ခြေထောက်၊ အဆုပ် မှာ သွေးခဲပိတ်တာ ဖြစ်ဘူးသူ၊ နှလုံးသွေးကျောကျဉ်းရောဂါရှိသူ၊
3. သွေးတိုး များလွန်းသူ၊
4. ဆီးချိုရှိရာကနေ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြော၊ သွေးကြောရောဂါ တခုခု ရဘူးသူ၊
5. ရင်သားကင်ဆာ၊ သားအိမ်ကင်တာ၊ မျိုးဥအိမ်ကင်ဆာ၊ မွေးလမ်းကင်ဆာ ရှိသူ၊ သံသယရှိသူ၊ အရင်ကရှိခဲ့သူ၊
6. မွေးလမ်းက အကြောင်းမသိ သွေးဆင်းနေသူ၊
7. ကိုယ်ဝန်ဆောင်စဉ်၊ တခြားကိုယ်ဝန်တားနည်းတွေကြောင့် အသားဝါဖြစ်ဘူးသူ၊
8. အသဲကင်ဆာရှိသူ၊ အသဲရောဂါရှိနေသူ၊
9. နှလုံးအဆို့ရှင်ရောဂါ၊ နှလုံးခုန်မမှန်ရောဂါရှိသူ၊
10. အိပ်ရာထဲ အကြာကြီးနေဘို့လိုနေသူ၊
11. ကိုယ်ဝန်ရှိသူ၊ ကိုယ်ဝန်ရှိတယ် ထင်ရသူ၊
12. (မိုင်ဂရင်း) ခေါင်ကိုက်ရောဂါရှိသူ၊
13. စိတ်ကျရောဂါရှိသူ၊
14. သားအိမ်ကျနေသူ၊
15. ကလေးနို့တိုက်နေရသူ၊

Disadvantages: မကောင်းတတ်တာတွေ -
• လိင်လမ်းရေယုံ၊ လိင်လမ်းကြွက်နို့၊ (ကလာမိုင်ဒီးယား)၊ (ဂနိုးရီးယား)၊ အသဲရောင် ဘီ၊ ဆစ်ဖလစ်၊ (အိတ်ခ်ျအိုင်ဗွီ) ဖြစ်တဲ့ (STDs) လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါ။
• သားအိမ်ကျနေသူတွေဆို ထွက်ကျတတ်တယ်။
• ရင်သားတင်း-နာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန် များတာ-နည်းတာ၊ ပျို့ချင်တာ၊
• စိတ်မူပြောင်းလဲတတ်တာ၊
• မွေးလမ်းက အရည်ထွက်များတာ၊ မွေးလမ်းပိုးဝင်တာနဲ့ အနေရခက်တာ၊ မွေးလမ်းခြောက်တာ၊
• သွေးကြောထဲ သွေးခဲပြီး နှလုံး (အတက်ခ်)၊ နှလုံး (စထုပ်ခ်)၊
• သားအိမ်ပြင်ပ သန္ဓေတည်တာ၊
• မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ၊
• ရာသီလာရင် နာတာ၊ ရာသီမလာခင် စိတ်ဓါတ်ကျတာ၊ ကြားရက်သွေးဆင်းတာ၊
• ဝက်ခြံ၊ ကိုယ်မွှေးများတာ၊ အရိုးအားနည်းတာ၊
• မျိုးဥအိမ်-အကျိတ်၊ ရင်သားမှာ ကင်ဆာမဟုတ်တဲ့အကျိတ်ဖြစ်တာ၊

Advantages ကောင်းချက်တွေ -
• ရိုးရှင်းတယ်၊ စိတ်ချရတယ်၊
• နေ့တိုင်းဆေးသောက်စရာမလိုဘူး။
• ဆရာဝန်မပါဘဲ ကိုယ်တိုင်လုပ်နိုင်တယ်။
• လင်မယား အတူနေတာမှာ ပြဿနာမရှိဘူးလို့ ၁ဝ ယောက်မှာ ၉ ယောက်က ပြောကြတယ်။
• ကိုယ်ဝန်တားဘို့ ၉၂-၉၉့၇% စိတ်ချရတယ်။
• ပြန်ထုတ်ပြီးနောက် ၁၃-၂၈ ရက်အတွင်း ကလေးရနိုင်လာမယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး