Pregnancy and Linea negra ကိုယ်ဝန်ရှိ-မရှိ ဗိုက်ကိုကြည့်

ဒီမေးခွန်းရဲ့ အဖြေက ကျွန်မနဲ့ ကျွန်မရဲ့ အမျိုးသားလောင်း နှစ်ယောက်ရဲ့ ကြားမှာရှိတဲ့ Relationship ကို ပိုမိုခိုင်မြဲ ယုံကြည်အောင် လုပ်နိုင်သလို၊ ပိုဆိုးသွားအောင်လဲ လုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အနေနဲ့ အမှန်တရားကို သူ့ကိုလည်း ရာနှုန်းပြည့် ယုံကြည်စေချင်ပါတယ်။ သံသယကြီးနဲ့ဆိုရင် ရှေ့လျှောက်မယ့် ဘဝမှာ အနှောင့် အယှက်ဖြစ်မှာ သိပ်စိုးရိမ်ပါတယ်။ အမှန်တရားကို ဆရာ့ကို ပြောပြမှာပါ။ သူ့ကိုလည်း ပြောပြ ရှင်းပြပေမယ့် သူက ယုံကြည်မယ် မယုံကြည်ဘူး ဆိုတာလည်း မခန့်မှန်းတတ်ပါ။ ဆေးဘက်ဆိုင်ရာ ရှု့ထော့င်ကနေပဲ ဖြစ်ဖြစ်၊ ရှု့ထောင့် အမျိုးမျိုးကနေပဲ ဖြစ်ဖြစ် ကြည့်ပြီး လေးလေး နက်နက် ရှင်းပြစေချင်ပါတယ်။

အစကနေ ရှင်းပြမှရမှာမို့လို့ စာအရမ်းရှည်နေမယ် ဆိုရင် သည်းခံပေးပါ။ ကျွန်မ လက်ရှိ အသက်က ၂၃ ပါ။ ကိုယ်အလေးချိန် ပေါင် ၁၅ဝ လောက်ရှိပါတယ်။ အရပ်က ၅ ပေ ၃ လက်မပါ။ ကျွန်မ အရမ်းဝလာတာပါ။ ငယ်ငယ်က အရမ်းပိန်ပါတယ်။ အပျိုအရွယ်အထိကို ပိန်တုန်းပါ။ အိမ်မှာနေရင် အစားကို သိပ်မစားပါဘူး။ အအိပ်လည်း မမှန်ပါဘူး။ ဒါပေမယ့် ကျန်းကျန်းမာမာပဲ။ ဆယ်တန်း ရောက်တော့ ဘော်ဒါဆောင် ပို့ပါတယ်။ ဘော်ဒါဆောင်မှာ အရာရာကို သူ့အချိန်နဲ့သူလုပ်မှ ဖြစ်တာဆိုတော့ အိပ်ချိန် စားချိန်လည်း သိပ်ကို မှန်ပါတယ်။ ဒါ့ကြောင့် ခန္ဒာကိုယ်က ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာပါတယ်။ အလေးချိန် ပေါင် ၁၁၆ လောက် ဖြစ်လာပါတယ်။ မိန်းကလေး ဆိုတော့ လှချင်ပါတယ်။

သူများတွေ ခြေသလုံးအကြောတွေ၊ ပေါင်ကြောတွေ ပြတ်တာ မြင်ဖူးပါတယ်။ ကျွန်မက ခြေသလုံးနဲ့ ပေါင်တင် မကပါဘူး၊ တင်နဲ့ ဝမ်းဗိုက်တွေမှာပါ အကြောပြတ်တဲ့ အရာတွေ ပေါ်လာပါတယ်။ ဝမ်းဗိုက်ကဟာတွေက ပြတ်ခါစတုန်းမှာ သွေးအရာတွေပါ ထင်ပါတယ်။ နောက်မှ တဖြည်းဖြည်း ခရမ်းရောင် ပေါက်ပြီး နောက်မှာတော့ အဖြူရောင်။ လူတွေသိတာက ဗိုက်မှာ အကြောပြတ်တာက ကလေး မွေးဖူးတဲ့သူ ကိုယ်ဝန်ရှိဖူးတဲ့သူမှသာ ပြတ်တာလို့ ကြားဖူးတာပါ။ ကျွန်မ ခင်ပွန်းလောင်းလဲ အဲလိုပဲ ခံယူသတ်မှတ် ထားတာပါ။ ဒါပေမယ့် ကျွန်မက ကာယကံရှင်ပါ ဆရာ။ ယောက်ျားနဲ့ အတူ ညအိပ်ဖူးပေမယ့် ကလေးမွေးဖူးဖို့ နေနေသာသာ ကိုယ်ဝန်တောင် မရခဲ့ဖူးသူပါ။ သူက ကျွန်မ ကလေးရှိဖူးတယ်လို့ သံသယကြီးနဲ့ ဆိုတော့ သိပ်ကို ဝမ်းနည်းပါတယ်။ ကိုယ်အလေးချိန် တက်လာလို့ အဲလိုဖြစ်တယ်လို့ ထင်တယ် ရှင်းပြပေမယ့်လည်း လက်မခံပါဘူး။

ကျွန်မ အဒေါ်တွေက ပိန်ပိန်လေးတွေပါ။ ဒါပေမယ့် သူတို့မှာလည်း တင်တွေ ပေါင်တွေ ခြေသလုံးတွေမှာ အကြောပြတ်တာတွေ ရှိပါတယ်။ ကျွန်မ ငယ်ငယ်က မသိလို့ “အဲဒါတွေက ပိန်ရဲ့သားနဲ့ ဘာဖြစ်လို့ ပေါ်လာတာလဲ” လို့ မေးတော့ သူတို့က အဲဒါ မျိုးရိုး လိုက်တာလို့လည်း ဖြေပါတယ်။ အဲဒါကိုတော့ ကျွန်မလည်း သေချာ နားမလည်ပါဘူး။ သူက သံသယ ရှိနေတယ် ဆိုတော့ ကျွန်မလည်း ဝမ်းနည်းပြီး စိတ်မကောင်းရုံက လွဲလို့ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။

နောက်တစ်ခုက ကျွန်မ ဝမ်းဗိုက်မှာ ဆီးကြောအရာ ခပ်ရေးရေးလေး ပေါ်နေတာပါပဲ။ ချက်ကနေ တစ်လျှောက် အမျိုးသမီး အင်္ဂါ အလည် တည့်တည့်အထိ အညိုရောင်လိုင်းလေး ခပ်ရေးရေးပေါ်နေတာပါ။ အဲဒါကိုတော့ လူတိုင်းမှာ ရှိတယ်လို့ ထင်ထားခဲ့တာပါ။ အသားဖြူတဲ့ သူတွေမှာတော့ မသိသာနိုင်ပေမယ့် အသားညိုတော့ သိသာတယ်လို့ ထင်ခဲ့တာပါ။ အဲလိုမျိုး ဆီးကြောအရာ ခပ်ရေးရေး ပေါ်နေတာကလည်း ကလေးမွေးဖူးတဲ့ သူတွေကျမှ ဖြစ်တတ်တာလို့ သူကပြောပါတယ်။ တခြား Biology လေ့လာနေတဲ့ ကောင်မလေး တစ်ယောက်ကလည်း ပြောပါတယ်။ ကျွန်မလည်း တော်တော် စိတ်ညစ်သွားပါတယ်။ တခါတလေ ကိုယ့်ကိုကိုယ်တောင် ငါ အတိတ် မေ့သွားလို့များ ဘာမှ မမှတ်မိတာလား။ Brainwash လုပ်ခံလိုက်ရလို့ ကလေးရခဲ့ဖူးတာကို မသိတာလားလို့တောင် သူတို့ပြောပါ များတော့ တွေးမိပါတယ်။ အတိတ် မေ့တယ် ဆိုရအောင်ကလည်း ကျွန်မ အားလုံးကို မှတ်မိ သတိရပါတယ်။ ကျွန်မ တသက်တာမှာ ဘယ်တုန်းကမှ ကိုယ်ဝန်မဆောင် ကလေး မမွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ခန္ဒာကိုယ်မှာလည်း ဒီလိုအရာတွေ ရှိနေတော့ ကျွန်မ ဘယ်လို ရှင်းပြရမှန်း မသိတော့ပါဘူး။ ကျေးဇူးပြုပြီး အသေးစိတ် သေချာ ရှင်းပြပေးပါ ဆရာ။

ဒီအမေးကြောင့် အလွန်မတန် အရေးကြီးတဲ့ အဆုံးအဖြတ်တခုကို ဆေးပညာဒေါင့်က ထောက်ပြရပါတော့မယ်။ မေးတာထဲက ရေးပြတာကလွဲရင် မေးတဲ့သူကို မသိပါ။ “အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၃) Virginity (1) အပျို တကယ်စစ်ပါတယ်” နဲ့ “အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈) Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ” ရေးခဲ့သလိုဘဲ ပုဂ္ဂလဒိဌာန် မပါဘဲ ဆေးစာအလိုသာ ရေးပါမယ်။

အကြောပြတ်ခြင်း Stretch Marks ကို ရေးတာထဲမှာ ဒီလို ပါခဲ့ပါတယ် -
• “ဗိုက်အကြောပြတ်တယ်” လို့ ပြောလေ့ရှိတဲ့ဟာက ရောဂါတော့ မဟုတ်တတ်ဘူး။ ကျန်းမာရေးပြဿနာတော့ ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာတွေမှာပါ ဖြစ်တတ်တယ်။
• ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅% ကနေ ၉ဝ% မိခင်လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် မဟုတ်ဘဲ ရုတ်တရက် ဝလာ-ပိန်သွား တာကနေလည်း ဖြစ်တတ်တယ်။ တခြား အကြောင်းခံ ရောဂါတွေလည်း ရှိသေးတယ်။ (ကော်တီဇုန်း) လိမ်းဆေး ကြာကြာ သုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါ တခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ်ရောက်ချိန်မှာ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။ လူပျို ဖြစ်ပြီးနောက် (မာစတာဘေးရှင်း) လုပ်တတ်တဲ့ အရွယ်မို့ ဒူးနေရာ အကြောတွေ ပြတ်တာရင် ဒီအလေ့ကြောင့်လို့ ပြောင်ချင်ကြတယ်။

အမျိုးသမီး တဦးဟာ ပိန်ရာကနေ ဝလာရင် အကြောပြတ်နိုင်ပါတယ်။ အပျိုရွယ် ရောက်ချိန်မှာလဲ ဖြစ်နိုင်စရာ ရှိသေးတယ်။ ပိန်ပေမဲ့ အကြောပြတ်တဲ့ မိန်ကလေးတွေ ရှိပါတယ်။ အသားညိုသူ ပိုဖြစ်သလား ထင်မိတယ်။ သုတေသန မဟုတ်ပါ၊ အမြင်-အတွေ့သာ ဖြစ်ပါတယ်။

အကြောပြတ်တာဟာ ကိုယ်ဝန်ဆောင်တိုင်းမှာ မဖြစ်သလို၊ ဖြစ်တဲ့သူတိုင်း ကိုယ်ဝန်ဆောင်နေတာ၊ ဒါမှမဟုတ် ကိုယ်ဝန် ဆောင်ဘူးတာ မဟုတ်နိုင်ပါ။ ဒီနေရာမှာ အကြောပြတ်-မပြတ် အချက်တခုထဲသာ ကြည့်ပြောတာ ဖြစ်ပါတယ်။ ကိုယ်ဝန် အရေးမှာ တခြား တွေးစရာ၊ ကြည့်စရာတွေလဲ ရှိသေးပါတယ်။ ကလေးမွေးဘူးသူနဲ့ ကလေးမမွေးဘူးသူကို ခွဲခြားလို့ ပိုလွယ်ပါလိမ့်မယ်။ အပျို မဟုတ်တော့သူနဲ့ ကိုယ်ဝန် မဆောင်ဘူးသူ မတူကြပါ။

အပျိုမြှေးမှာ ရေးခဲ့သလို Hymen မတွေ့တာနဲ့ အပျို မဟုတ်တော့ဘူးဆိုတာ ရာနှုန်းပြည့် မမှန်နိုင်ပါ။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်-ဒဏ်ရာရ၊ ကိုယ့်လက်နဲ့ဖြစ်ဖြစ် Toy နဲ့ ဖြစ်ဖြစ်၊ ဆေးခန်းက စမ်းသပ်ကရိယာနဲ့ဖြစ်ဖြစ် ထည့်သွင်းတာ တကြိမ် ခံရဘူးတာနဲ့ အဲဒီအမြှေး စုတ်ပြဲသွားနိုင်ပါတယ်။ ဟိုတနေ့က မွေးကာစ သမီးလေးကို ဂရုထားတဲ့ မိဘနှစ်ပါးက ခေါ်လာကြတယ်။ Hymen လုံးဝ ပိတ်နေတယ်။ Surgical instrument ခွဲစိတ်ကရိယာ သုံးရလို့ ဒီမိန်းကလေးဟာ ရက်သမီးမှာဘဲ အမြှေး ပေါက်သွားရရှာတယ်။

အကြောပြတ်တဲ့ အမေးပုစ္ဆာမှာလဲ ကောက်ချက်တူ ဆွဲနိုင်ပါတယ်။ အကြောပြတ်တိုင်း ကိုယ်ဝန်ဆောင်တာ မဟုတ်နိုင်သလို၊ အကြောပြတ်တာ မမြင်တာနဲ့ ကိုယ်ဝန် မရှိဘူးသူဆိုတာ မဟုတ်နိုင်ပါ။ ကလေးမွေးပြီး မင်းသမီး ဆက်လုပ်သူတွေ တပုံတပင်ရှိတယ် မဟုတ်ပါလား။ ဗိုက်ကြောပြတ်တာ မမြင်ရတဲ့ မောဒယ်တိုင်းဟာ အပျိုပါလို့ ထင်ကြမှာလား။ သူတို့မှာ ကိုယ်ဝန် မရှိခဲ့ပါဘူးဘူးလို့ ရာနှုန်းပြည့် ပြောမရပါ။

နောက်တချက် ဆက်ပါမယ်။ ချက်ကနေ ဆီးစပ်အထိ အောက်တန်းဆင်းနေတဲ့ မျဉ်းကြောင်း၊ ဆေးစာနဲ့ Linea negra ခေါ်ပါတယ်။ အရောင် ခပ်ပြော့ပြော့ ဘေးက အရေပြားထက် နဲနဲ အရောင် ပိုသိသာတဲ့ မျဉ်းလိုဟာ အမျိုးသမီးတိုင်းမှာ ရှိပါမယ်။ သိသာတာနဲ့ မသိသာတာတော့ ကွာတယ်လို့ ပြောရပါမယ်။ ကိုယ်ဝန်ဆောင်ရင်တော့ သိသာလာမှာ အမှန်ပါ။ စပိန်လို Black line မျဉ်းမဲ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်မှာ ရှိတာကိုသာ အဲဒီအခေါ်က မှန်လိမ့်မယ်။ ကိုယ်ဝန် ၁၂ ပါတ်နောက်မှာ ပေါ်လာတယ်။ Light အရောင် ဖျော့ရာကနေ Rosy brown နီညိုညို၊ Very dark brown ညိုမဲမဲ အထိ ရှိနိုင်လာတယ်။

Melanin ခေါ်တဲ့ ဆိုးဆေး များလာလို့ ဖြစ်တယ်။ ဟော်မုန်း တန်ခိုးပါဘဲ။ ကိုယ်ဝန်ရှိရင် ရင်သားထိပ်ရော၊ မ-အစိမှာပါ အရောင်ရင့် လာကြတယ်။ ချွင်းချက်လဲ ရှိသေးပြန်တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီတိုင်းမှာ ဒါကို မြင်ချင်မှ မြင်ရပါလိမ့်မယ်။ အသား ညိုရင် ပိုအရောင်ရင့်တယ်။ ဒါပေမဲ့ အသားလတ်သူ အရောင်နုမယ်လို့ တထစ်ချ မပြောနိုင်ပါ။ တချို့ကြ အရောင်က ပြော့လို့ Linea alba ခေါ်တယ်။ အရောင် တောက်နေမယ်၊ ခပ်ဖွေးဖွေးနေမယ်။

Folic acid ဖေါလစ်အက်စစ် သောက်ရင် သက်သာတယ်လို့ ဆိုတယ်။ ပြောတဲ့ဆေးလဲ သောက်တာဘဲ Linea negra လဲ ပေါ်တာဘဲ။ စိတ်မပူပါနဲ့ မိခင်လောင်းရော၊ သန္ဓေသားပါ ဘာပြဿနာမှ မရှိပါ။ ကိုယ်ဝန်ရှိရင် ထွက်ရမဲ့ ဟော်မုန်းတွေ ပုံမှန် ထွက်နေတာ သိရလို့ စိတ်ချမ်းသာဘို့ ကောင်းပါတယ်။ ကလေးမွေးပြီးရင် ဒီမျဉ်းမဲဟာ ပါးရာကနေ ပျောက်သွားမယ်။ နို့တိုက်မိခင်က အချိန်ပို စောင့်ရတတ်တယ်။

ချက်မျဉ်းကြည့်ပြီး မွေးမဲ့ကလေး ယောက်ျားလေး-မိန်းကလေး နိမိတ်ဖတ်ကြတာ နိုင်ငံတိုင်းမှာ ရှိတယ်။ မျဉ်းမဲဟာ ချက်ကို လွန်ပြီး ရင်ညွန့်အထိ တက်နေရင် ယောက်ျားလေး။ တချို့ပြောတာက မျဉ်းဖြောင့်နေတာ ယောက်ျားလေး။ ချက်ကို ကွေ့သွားတာ မိန်းကလေး။ မှန်မှန်၊ မှားမှား စိတ်ဝင်စားဘို့ ကောင်းတဲ့ Old wives' tale ဖြစ်ပါတယ်။

Linea negra မေးခွန်း-အဖြေ တက်လာတာတွေ ဖတ်ကြပါမယ်။
• I have one, I'm not pregnant, have never been pregnant - and I'm very, very pale.
• ကျမမှာလဲ ရှိတယ်။ ကိုယ်ဝန် မရှိသလို တခါမှလဲ ကိုယ်ဝန် မဆောင်ဘူးဘူး။ အသားလဲ သိပ်ဖြူတယ်။
ဒီအမေးကို ဆေးပညာရှင် ဟုတ်ပုံမရသူတယောက်က စေတနာနဲ့ ဝင်ဖြေပါတယ်။
• It seems to be possible, from Internet searches, that it can be linked to adrenal insufficiency - if you have it when you're not pregnant.
• ရှင်ပြောတဲ့ ကိုယ်ဝန်မရှိဘဲ ဒါရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ (အင်တာနက်) ရှာဖွေစက်အလို ဆိုရင် (အဒြီနယ်လ်) ဟော်မုန်း နည်းတာ ဖြစ်နေအုံးမယ်။

နောက်တယောက်ကလဲ ပြောပြန်တယ်။
• I've had this line since I was really young. Probably around the age 13, I don't really remember because its been so long. I've never been pregnant so I never understood why I have it. I've googled it and there is absolutely nothing stating why someone would have this unless they were pregnant.
• ကျမမှာဆို ငယ်ငယ်ကလေးထဲက အဲဒါ ရှိနေတာဘဲ။ ၁၃ နှစ်သမီးကတည်းက ထင်တယ်။ သိပ်ကြာပြီဆိုတော့ မှတ်တောင် မမှတ်မိတော့ဘူး။ ကိုယ်ဝန်လဲ တခါမှ မရှိဘူးပါဘူး။ ဘာလို့ လာရှိတယ်ဆိုတာ နားကို မလည်နိုင်တော့ဘူး။ (ဂူဂယ်လ်) နဲ့ ရှာလဲ ကိုယ်ဝန်မရှိဘဲ ဒီမျဉ်းမဲမဲ လာဖြစ်နေရတယ်ဆိုတာ ဘာခုမှ မတွေ့ရပါလား။

နောက် မေးခွန်းတူ ဆွေးနွေးခန်း။
• Can a woman get linea nigra and not be pregnant ever?
• ကိုယ်ဝန် မဆောင်ဘူးသူမှာ (လီနီယာ-နီဂရာ) ရှိနိုင်ပါသလော။
• Yes...I've got it since I was a child...!!!
• ဟုတ်ကဲ့။ ကျမမှာ ကလေးအရွယ် ငယ်ငယ်ကတည်းက ရှိပါတယ်။
• Yes. Because I have one and I am not pregnant.
• (ရက်စ်)၊ (ဘီကော့စ်) ဘာလို့လဲဆိုရင် ကျမမှာ အဲဒါသာရှိတယ်။ ကိုယ်ဝန်မရှိဘူးလေ။
ဆရာဝန်တယောက်က ဝင်ဖြေပါတယ်။
• Since it is caused by an increase in melanin related to an increase in estrogen it is possible for it to be caused by an increase in estrogen in the absence of pregnancy;
• ဘာလို့လဲ ဆိုရင် (အီစထိုဂျင်) ကြောင့်ပါ။ Melanin နဲ့ Estrogen က ဆက်စပ်နေတော့ (အီစထိုဂျင်) များစေတဲ့ တခြားအကြောင်း ရှိရင်လဲ ကိုယ်ဝန်မရှိဘဲ ဖြစ်နိုင်မယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး