HIV during pregnancy ကိုယ်ဝန်နဲ့ အိတ်ခ်ျအိုင်ဗွီ
(မေးတဲ့သူက ဖုံးထားပေးပါဆိုလို့ မေးခွန်းကိုမထည့်ပါ။ သူမပြောလည်း မေးတဲ့သူ ဘယ်သူဘဝ်ဝါ မသိစေအာင်သာ ထည့်ပါတယ်။ အဲလိုပြောဘို့ မလိုအပ်ပါ။ မေးခွန်းပါထည့်လို့ဖတ်ရတာ စိတ်ဝင်စားမှုရှိစေဘို့သာဖြစ်ပြီး၊ သူများကို လက်ညှိုးထိုးချင်လို့မဟုတ်ပါ။ မေတ္တာရပ်ခံတာကို စိတ်ထဲမှာတမျိုးဖြစ်ရပါတယ်။ ဆောရီး။)
HIV ဆိုတာ တချိန်မှာ AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တယ်။ HIV ပိုးကူးစက်ခံထားရသူမှာ ကိုယ်ခန္ဓာရဲ့ ရောဂါ ခုခံနိုင်စွမ်းအားကို ဖျက်ဆီးခံနေရလိမ့်မယ်။ AIDS မဖြစ်ခင်မှာ အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ရောဂါတွေ ဝင်လာမယ်။ HIV ကူးစက်ခံရပြီးနောက် AIDS ဖြစ်လာဖို့ သိထားရသလောက် ၁ဝ နှစ်လောက်အချိန်ကြာတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ဆေးကုသမှုခံယူနေရင် ဒိထက်ကောင်းတဲ့အလားအလာကို ရစေပါမယ်။ ခုထိတော့ HIV ကိုပျောက်သွားအောင် မလုပ်နိုင်သေးပါ။
HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံရာမှာ ဗဂျိုင်းနား၊ ပါးစပ်၊ စအိုလမ်းတွေကနေ ဝင်လာနိုင်တယ်။ အပ်၊ ဓါးစတာတွေ မျှသုံးရာကနေလည်းကူးတယ်။ အလှအပကွင်းတပ်တာ၊ တက်တူးထိုးတာတွေကနေလည်း ကူးစက်နိုင်တယ်။ ပိုးရှိနေတဲ့ မိခင်လောင်းကနေလည်း သူ့ကလေးကို မွေးနေစဉ်နဲ့ နို့တိုက်နေစဉ်ကာလမှာ ကူးစက်နိုင်တယ်။ သွေးသွင်းတာ၊ ဆေးထိုး၊ ဆေးသွင်းအပ်တွေကနေ ကူးလာနိုင်တယ်။ ဆေးလိပ်သောက်သူ၊ ဗီတာမင်အေ နည်းသူ၊ အာဟာရချို့တဲ့သူ၊ လိင်ကတဆင့် ကူးစက်ရောဂါရှိသူတွေမှာလည်း အဲလိုမဟုတ်သူတွေထက် ကူးစက်နိုင်ခြေပိုများတယ်။
HIV ပိုးရှိနေပမဲ့ လူကောင်းလိုနေနိုင်ကြတယ်။ ကူးစက်ခံရကာစ တုပ်ကွေးလိုသာခံစားရမယ်။ အဲတာတွေကလည်း သူ့အလိုလိုပျောက်သွားမယ်။ လတွေအကြာကြီးနေမှ ရောဂါပေါ်လာပြီဆိုရင် တက်စေ့တွေရောင်လာနိုင်တယ်။ အားယုတ်မယ်။ ကူးစက်ရောဂါတခုခု (ဥပမာ အအေးမိတာ၊ ဖန်းဂတ်စ်မှို) ဖြစ်ရင် သူများတွေထက်ဆိုးမယ်။ မှတ်ဥာဏ် ယာယီနည်းတာလည်းဖြစ်လာနိုင်တယ်။ ဒီအချိန်ကစပြီး CD4+ cells တွေနည်းလာမယ်။ လူကောင်းတွေမှာ အနည်းဆုံး 1,000 ရှိတယ်။ 200 အထိနည်းလာရင် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ စာရင် ၂၆ ခုထဲကတခုခုဖြစ်လာရင် AIDS လို့ သတ်မှတ်မယ်။
မိခင်လောင်းအတွက် သွေးစစ်ခြင်း
• Viral load ဗိုင်းရပ်စ်အရေအတွက်ကိုစစ်တယ်။
• CD4+ cell count သွေးထဲမှာရှိတဲ့ ခုခံအားဆဲလ်တွေဖြစ်တယ်။ နည်းနေသူကို ပိုးသေဆေးပေးနိုင်တယ်။
• အသည်းအလုပ်စစ်ခြင်း၊
• ဆီးချိုစစ်ခြင်း၊
• သွေးအားနည်း မနည်း၊
• လိင်ကတဆင့်ကူးစက်ရောဂါစစ်ခြင်း၊
• အသည်းရောင်စီပိုး၊
• တီဘီစစ်ခြင်းတွေလုပ်မယ်။
• Toxoplasmosis ရောဂါစစ်ခြင်း၊
• Cytomegalovirus ပိုးစစ်ခြင်း၊
HIV-positive ပိုးရှိနေတဲ့မိခင် ဘာဆင်ခြင်ရမလည်း
စောမွေးတတ်တယ်။ ဗိုက်ထဲကလေးဖွံ့ထွားမှုနည်းတတ်တယ်။ ကလေးအသေမွေးတတ်တယ်။ ပိုးဝင်ထားတာ ကြာနေတဲ့မိခင်တွေမှာ ပိုဆိုးတယ်။ ဆေးသောက်မနေရင် ကလေးကို ကူးစက်ဖို့ ၂၅% ရှိတယ်။ ဆေးသောက်နေရမယ်။ ကလေးဆီကို (၁) ဗိုက်ထဲ၊ (၂) မွေးနေတုံးနဲ့ (၃) နို့တိုက်စဉ်အချိန်တွေမှာ HIV ကူးစက်လာနိုင်တယ်။ မိခင်လောင်းက ကျန်းမာနေရင် အများအားဖြင့် HIV ပိုးဟာ အချင်းကနေတဆင့် ကလေးဆီရောက်မလာနိုင်ပါ။
မိခင်လောင်းအတွက် ကာကွယ်ဆေးများ
တုပ်ကွေး၊ အသည်းရောက်ဘီကာကွယ်ဆေး၊ နူမိုကောကပ်စ်ရောဂါကာကွယ်ဆေးတွေ အရင်က မထိုးရသေးရင် ထိုးပေးမယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း ကောင်းကောင်ရယူပါ။ ကိုယ့်ဖါသာရှောင်စရာတွေလည်းရှိတယ်။ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်ရှောင်ပါ။ လိင်ဆက်ဆံတာမှာ STDs လိင်ကတဆင့်ကူးစက်ရောဂ့ကို အထူးသတိထားပါ။ ပိုးရှိနေပေမဲ့ ကွန်ဒွမ်သုံးပါ။ စိတ်ကျန်းမာရေးလည်း အရေးကြီးတယ်။ အပြုသဘောဆောင်ပါ။
LSCS ဗိုက်ခွဲမွေးရမှာလား
ကိုယ်ဝန်ဆောင်နေတုံး ရေမြွာရည်စုပ်ယူစစ်ဆေးတာ မလုပ်သင့်ပါ။ ရိုးရိုးမွေးရင် မွေးလမ်ချဲ့မွေးနည်းမသင့်ပါ။ ရေမြွာစောဖေါက်တာလည်း မသင့်ပါ။ ဗိုက်ခွဲမွေးရင် ကလေးဆီကူးစက်မှုနှုန်း နည်းတာကိုတွေ့ရတယ်။ Viral load များနေသူက ဗိုက်ခွဲမွေးတာ သင့်တယ်၊ မသင့်ဘူး အယူအဆ ၂ မျိုးရှိနေသေတးယ်။ မွေးနေတုံးမှာ မိခင်ဆီက အရည်နဲ့သွေးပါထိမိရင် ကူးစက်လာနိုင်ခြေပိုများတယ်။
ကလေးမွေးပြီးတာနဲ့ ကလေးကိုသွေးစစ်ပါ။ HIV antibody testing တော့ မသင့်ပါ။ မိခင်ဆီကနေရထားပြီးဖြစ်လို့ ၁၈ အထိရှိနေနိုင်တယ်။ Test for virus directly စစ်နည်းလုပ်ရမယ်။ ပိုးရှိတဲ့ကလေး မွေးမွေးချင်းစမ်းရင် ၄ဝ% မှာ အပေါင်းပြတယ်။ ၂ ပတ်နေမှစမ်းရင် ၉ဝ% အပေါင်းပြတယ်။ ပိုးတွေ့တယ်ဆိုရင် ကလေးကို ဆေးပေးရတော့မယ်။ အနုတ်ပြတဲ့ကလေးကိုလည်း ၆ ပါတ်ကြာ ဆေးပေးရမယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေ စုံအောင်ထိုးရမယ်။ ဆက်ပြီးလည်း စောင့်ကြည့်နေရမယ်။
ပိုးရှိနေသူအမျိုးသမီးကို ဆေးဆက်ပေးချင်ပေးမယ်။ ဖြတ်ချင်ဖြစ်မယ်။ သွေးစစ်ချက်အပေါ်မှာမူတည်တယ်။ ကလေးကို နို့မတိုက်ပါနဲ့။
မိခင်လောင်းက ART ဆေးသောက်မနေရင် ကလေးဆီကူးလာဘို့ ၂၅% ဖြစ်နိုင်တယ်။ ဆေးသောက်နေရင် ၂% သာ ရှိတယ်။ ZDV ဆေးသုံးတာများတယ်။ ကိုယ်ဝန် ဒုတိယသုံးလပါတ်မှာစပေးတယ်။ မွေးပြီးလည်းဆက်ပေးတယ်။ ဆေးကို စောစောပေးမလား၊ ဘယ်တော့ ပေးမလည်းဆိုတာ ဆေးစစ်ချက်တွေအပေါ် မူတည်တယ်။ ဘေးထွက်ဆိုးကျိုးတွေက ပျို့-အန်၊ သွေးနီဥနည်း၊ သွေးဖြူဥနည်းတာတွေသာဖြစ်တယ်။ ဆေးသောက်ပြီး အန်သူကို ဆေးလျှော့ ပေးနိုင်တယ်။ ခဏရပ်ထားတာလည်း စဉ်းစားတယ်။ ဘယ်လိုဆေးအတွဲပေးမလည်း သတ်မှတ်ချက်အတိအကျတော့မရှိသေးပါ။ ZDV ဆေးနဲ့အတူ 3TC or Nevirapine ဆေးကိုပါ တွဲပေးတာလည်းရှိတယ်။ မိခင်လောင်းက ဆေးသောက်မနေရင် ကလေးငယ်စဉ်ဘဝမှာ ၁ဝ-၂ဝ% ကူးစက်လာနိုင်တယ်။ ဆေးလည်းသောက်နေမယ်၊ CD4+ cells 1,000 ထက် နည်းမယ်ဆိုရင် ကလေးကို ကူးစက်နိုင်ခြေ ၁% သာရှိတယ်။
ကလေးကို ၂ နှစ်အထိနို့တိုက်ရင် ကူးစက်လာနိုင်ခြေ ၁၅% ပိုတယ်။ အခုစာမှာကိုးကားချက်တွေဟာ ၂ဝ၁၅ ခုနှစ် သြဂုတ်လအထိ သိထားချက်တွေဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂ဝ၁၅

Comments
Post a Comment