The Independence Month နတ်တော်နဲ့ ပြာသို
နှစ်ကူးတော့မယ်။ ဇန္နဝါရီလဟာ မြန်မာလို နတ်တော်လနဲ့ ပြာသိုလတွေကျရောက်တယ်။
နတ်တော်ပြာသို ကြံဖျားချိုလို့ အဆိုရှိတယ်။ ကြံတွေ အဖျားထိအောင်ချိုမြတယ်။
နတ်တော်လမှာ စာဆိုတော်ပွဲရှိသည်။ စာရေးဆရာတွေ ဟောပြောတာတွေကို နားထောင်ကြတယ်။
နတ်တော်လကို နတ်တဝ် (နတ်တင်) ဝေါဟာရနဲ့ဆက်စပ်ယူတယ်။ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းအောင်မြင်စေဘို့ နတ်ကိုးကွယ်လေ့ ရှိခဲ့ကြတယ်။ ပုဂံခေတ်ကျောက်စာမှာ နတ္တာဝ်၊ နတ်တာဝ်၊ နတ္တဝ်၊ နတ်တဝ်လို့ ရေးထိုးခဲ့ကြတယ်။ ဝေါဟာရလီနတ္ထဒီပနီမှာ ကမ္ဘာဦးကာလ နတ်ပူဇော်ပသကြသည်ကိုစွဲ၍ နတ်တော်လဟု ခေါ်ဝေါ်တယ်လို့ ရေးထားတယ်။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီးလို့ ရေးထားတယ်။ ဆင်ခြေရာ၊ မြင်းခြေရာတိမ်မြုပ်အောင် မိုးရွာလို့ အဖျားအနာများလို့ နတ်တွေတောင်မှ ဆီကြော်မုန့်အစား ဓားလှီးမုန့် တင်ရတယ်လို့ဆိုလိုတယ်။
လက်ဝဲသုန္ဒရ မိုးဘွဲ့ပိုဒ်စုံရတုမှာ နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံဖွဲ့၏၊ သွန်းမြဲဟန်မှာ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ မကြိုးမထစ်၊ မဟစ်မဝင့်၊ မရင့်မမြည်၊ ဆော်စည်မရွမ်း၊ ရာစတမ်းကို၊ ဆင်လှမ်းရာတိမ်၊ ခုတကြိမ်မူ၊ တောင်လိမ်မြောက်ကွေ့၊ မိုးသားရွေ့လျက် လို့ ဖွဲ့ဆိုထားတယ်။
ပြာသိုလကို ပျားကိုရည်ညွှန်းတယ်။ သိုဝ် ဆိုတာ စုဆောင်းသိုလှောင်ခြင်းဖြစ်ပြီး၊ ပျားရည်၊ ပျားဖယောင်းတွေကို စုဆောင်းကြတယ်။
ပြာသိုလ်မှာ မြင်းခင်းသဘင်ပွဲကျင်းပခဲ့ကြတယ်။ ပင်းယခေတ် ငါးစီးရှင်ကျော်စွာမင်းက မြင်စိုင်းရွှေပြည်ကာချင်းမှာ နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ယရည်သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်းတွန်းတက်ပယ်လို့ ဖွဲ့ဆိုခဲ့တယ်။
ပြာသိုလ၊ ဖုသျှနက္ခတ်၊ မိနလဂ်လို့ ရေးထိုးခဲ့တယ်။ ပြာသိုလတွင်း၊ မိုးညှင်းညှင်း၊ ဆီးနှင်းရောယှက်၊ နှမ်းတောင်ပျက်လို့ ဖွဲဆိုထားလို့ နှမ်းစိုက်တောင်သူတွေကို သတိပေးတယ်။
၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂ဝ မှာ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရောက်ရှိတယ်။ ပထမဆုံးသမ္မတကြီးဖြစ်တဲ့ စဝ်ရွှေသိုက်က ကတိသစ္စာပြုခဲ့တယ်။ မြန်မာနှစ် ၁၃ဝ၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် (၁၉၄၈) ခုနှစ် ဇန်န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံတော်သည် လွတ်လပ်ရေးရရှိသောကြောင့် ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးငှာ ပြည်ထောင်စုမြန်မာနိုင်ငံအား ကျွန်ုပ်၏အသက်နှင့်ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်။
ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၅

Comments
Post a Comment