Misery of U Win Ko’s death

ဦးဝင်းကိုဟာ ဦးသီဝံ (ပါလီမန်အမတ်ဟောင်း) နဲ့ ဒေါ်မြတင်တို့ရဲ့သားအကြီးဆုံးဖြစ်ပြီး၊ ၁၉၄၅ ခု ဧပြီလ ၁၁ ရက်နေ့မှာ မွေးဖွားပါတယ်။ မန္တလေးတက္ကသိုလ်နဲ့ ပညာရေးတက္ကသိုလ် (ရန်ကုန်) ကနေ ပညာရေးဘွဲ့ (B. Ed.) ဘွဲ့ ရရှိခဲ့ပြီး၊ ၁၉၆၈ ကနေ ၁၉၈၅ ခုထိ ရေဦးမြို့အထက (၁) မှာ အထက်တန်းပြဆရာလုပ်ခဲ့ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ ရေဦးမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ကae NLD လွတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရပါတယ်။ ၁၉၉ဝ ဒီဇင်ဘာလ ၁၈ ရက်နေ့ မာနယ်ပလောမှာဖွဲ့စည်းခဲ့တဲ့ NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဘဏ္ဍရေးနဲ့ အခွန်ဝန်ကြီးဖြစ်ပါတယ်။ သူ့ကို ရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉ဝ၃) နဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ကြောင်းကို ၁၉၉ဝ ဒီဇင်ဘာ ၂၆ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

ဦးဝင်းကိုဟာ ၁၉၉၂ ဒီဇင်္ဘာလထဲမှာ NCGUB တာဝန်နဲ့ မြန်မာပြည်မြောက်ပိုင်းကို တရုပ်ပြည်ကနေတဆင့်သွားရောက်ပြီး KIO, ABSDF, NLD/LA မြောက်ပိုင်းကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဦးဝင်းကိုရဲ့ အပြန်ခရီးစဉ်ကို NLD LA ဒုဥက္ကဌ ဦးတင်အောင်ကစီစဉ်ပါတယ်။ အဖေါ်အဖြစ် NLD/LA က ဦးရန်နောင်မြင့် လိုက်ပါပြီး မန်စီကနေ ကူမင်းသွားတဲ့လေယာဉ်ကွင်းအထိလိုက်ပို့ခဲ့ပါတယ်။ လုံခြုံရေးအတွက် ABSDF တပ်က သံချောင်း၊ တာတီး၊ အိုက်လျှံ၊ ကျော်မြင့်နဲ့ အောင်ကြီးတို့လိုက်ပါခဲ့ကြတယ်။

ဦးဝင်းကိုဟာ ၁၉၉၃ ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တရုပ်နိုင်ငံ၊ ကူမင်း (ကွေ့မင်) မြို့ Tea Garden တီးဂါးဒမ်းဟိုတယ်၊ အထပ် ၁၁၊ အခန်းနံပါတ် ၆ မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ တရုပ်ရဲအဖွဲ့အဆိုအရ ရုန်းရင်းဆန်ခတ်လက္ခဏာမရှိ၊ ခေါင်းအုံးပေါ်မှာ အသက်ပျောက်နေ၊ ရင်ဘက်မှာ ထိုးသွင်းဒဏ်ရာတချက်နဲ့ လည်ပင်းကို လှီးထားလို့ ဆိုပါတယ်။

ဦးဝင်းကို သေဆုံးရတာ ဘယ်သူ့လက်ချက်လည်းဆိုတာကို သီအိုရီတွေသာထုတ်နိုင်ပါတယ်။ တော်လှန်ရေးကာလ၊ လက်နက်ကိုင်အဖွဲ့တွေကြား၊ တခြားတိုင်းပြည်မှာဖြစ်တာနဲ့ စစ်အစိုးရကိုယ်တိုင်က အင်းစိန်ထောင်ထဲမှာ ၁၉၉ဝ အမတ် (၃) ဦးတိတိကို သေတဲ့အထိ ညှင်းပန်းသတ်ဖြတ်ခဲ့တာမို့ လက်ညှိုးထိုးစရာတွေက စုံလင်ပါတယ်။ (ဆမားညီညီ) ကနေ သူ့သိသမျှ ဖေ့စ်ဘွတ်မှာ နှစ်ကြိမ်ရေးတင်ထားဘူးတယ်။ အဲတာကို ကျွန်တော်ကနေ တဆင့်တင်ဘို့မသင့်ပါ။

ကျွန်တော် (ကွေ့မင်) ကို ရောက်စဉ်က တရုပ်အရာရှိတွေကိုမေးတော့ တရုပ်မပါဘူးသာပြောပြီး မရေမရာသာဖြေပါတယ်။ ဦးဝင်းကိုရဲ့ညီအရင်း ဒေါက်တာဝင်းနိုင်က လက်ရှိ NLD/LA ဥက္ကဋ္ဌဖြစ်ပြီး လန်ဒန်မှာနေထိုင်ပါတယ်။ ညီအငယ် ဒေါက်တာ ကျော်သင်းက ကျွန်တော်နဲ့ ဆေးကျောင်းမှာ အစအဆုံး အဆောင်မှာတခန်းတည်းနေခဲ့သူဖြစ်ပါတယ်။

မာနယ်ပလောမှာကျင်းပတဲ့ ဈာပနအခန်အနားမှာ ဦးဝင်းကိုအတွက်ပြန်တမ်းကို KNU အထွေထွေအတွင်းရေးမှူး (ဖဒို မန်းရှာ လာဖန်း) ဖတ်ကြားပေးနေတဲ့ဓါတ်ပုံကိုပို့ပေးတဲ့ ဦးရန်နောင်မြင့်ကို ကျေးဇူးတင်ပါတယ်။ ခရက်ဒစ်ပေးဘို့ အမည် မသိသေးပါ။ (ဖဒို မန်းရှာ လာဖန်း) လည်း ၁၄-၂-၂ဝဝ၉ နေ့ညနေ မဲဆောက်မြို့မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

ဦးဝင်းကိုအုတ်ဂူမှာ လွှမ်းထားတဲ့ NCGUB အလံဟာ ၂ဝဝ၈ ဖွဲ့စည်းပုံကနေ ယူသုံးလိုက်တဲ့အလံနဲ့ တထေရာတည်း ဖြစ်နေတာ တွေ့မြင်နိုင်ပါတယ်။ ဦးဝင်းကိုနဲ့ ပဒိုမန်းရှာတို့ကို ဦးညွတ်အလေးပြုအပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး