House Surgeon ဟောက်ဆာဂျင်
ကျွန်တော် (အမ်ဘီဘီအက်စ်) ပြီးတာ၊ ၁၉၇၂ အောက်တိုဘာမှာ။ မန္တလေး ဆေးကျောင်းကပေါ့။ ကျောင်းပြီးတော့ အလုပ်သင်ဆရာဝန် House surgeon ၁ နှစ်တိတိ လုပ်ရတယ်။ (ဟောက်ဆာဂျင်) လို့ ခေါ်တာ နုတ်ကျိုးနေပြီ။ အမှန်က (ဟောက်ဆာဂျင်) ဆိုတာ တိုင်းပြည်တခုနဲ့တခု မတူဘူး။ (ဟောက်စ်) ဆိုတာ ဒီနေရာမှာ ဆေးရုံကိုပြောတာ။ အမေရိကမှာ တာဝန်ကျရင် အဆင်သင့်ရှိနေရတဲ့ ဆေးရုံက လက်ထောက်ခွဲစိတ်ဆရာဝန်ကို ခေါ်တယ်။ ဗြိတိန်မှာတော့ လုပ်သက်ရင့် ခွဲစိတ်ဆရာဝန်ကို ပြောတာ။ သူ့အထက်က ခွဲစိတ်ဆရာဝန်ကြီးနေရာမှာ ဝင်ယူနိုင်တဲ့ ခွဲစိတ်ဆရာဝန်။ နယူးဇီလန်မှာခေါ်တာနဲ့ ကျွန်တော်တို့ဆီမှာခေါ်တာက ပိုနီးစပ်တယ်။ သူတို့ဆီမှာက ၂ နှစ်လုပ်ရတာပဲကွာတယ်။ ခွဲစိတ်လိုင်း (ဟောက်ဆာဂျင်) နဲ့ သမားတော်လိုင်း (ဟောက်ဖီဇစ်ရှင်) ဆိုပြီး ခွဲထားသေးတယ်။ အိန္ဒိယမှာတော့ (ဟောက်စ်ဆာဂျရီ) ဒါမှမဟုတ် (အင်တန်းရှစ်ပ်) ၁ နှစ် လုပ်ရတယ်။
ကျွန်တော်တို့ဆီမှာ လက်ထောက် ဆရာဝန် မှန်သမျှကိုလဲ (အေအက်စ်) လို့သာ ခေါ်ကြတယ်။ လက်ထောက် ခွဲစိတ်-ဆရာဝန်လို့ အတိအကျဘာသာပြန်နိုင်တာပါ။ ဆေးမှူးစတဲ့ တခြားဆေးပညာသည်တွေနဲ့ အဓိကမတူတဲ့ အရည်အချင်းကတော့ ဆရာဝန်ဟာ လူနာကို ခွဲစိတ်ကုသနိုင်တာဖြစ်လို့ပါ။
ကျွန်တော်က (ဟောက်ဆာဂျင်) ၁ နှစ်ကို မေမြို့စစ်ဆေးရုံမှာ တာဝန်ကျတယ်။ (ဟောက်စ်) လုပ်ရင်း (ထရန်စဖါ) ကျတာ အတော်တော့ ရှားမယ်ထင်တယ်။ သူငယ်ချင်း မေမြို့သူ ဟောက်ဆာဂျင်ကို သူ့မိဘတွေက မေမြို့မှာပဲလုပ်စေချင်လို့တဲ့၊ သူငယ်ချင်းကတော့ မန္တလေးမှာဘဲ နေချင်တယ် ပြောတာဘဲ။ ဒါနဲ့ ကျွန်တော်နဲ့ လဲရတာဖြစ်သွားလို့ သူ့မိဘတွေ ကျေးဇူးနဲ့ ကျွန်တော် မေမြို့စစ်ဆေးရုံကနေ မန္တလေးပြည်သူ့ဆေးရုံကြီး ပြောင်းရတာပါ။
ကျွန်တော့်အကြိုက်လဲ ဖြစ်သွားလို့ သူ့မိဘတွေကိုကျေးဇူးတင်ပါတယ်။ အကြိုက်ဆိုတာက ကျွန်တော့်အဖို့ မန္တလေးမှာ ပိုအဆင်ပြေတယ်လေ၊ အမျိုးအဆွေတွေလဲ ရှိတာကိုး။ ပိုအရေးကြီးတာက မေမြို့ စစ်ဆေးရုံမှာ ဟောက်ဆာဂျင်လုပ်တဲ့သူတွေအထဲကနေမှ စစ်တပ်ဆရာဝန် ၃ နှစ်လုပ်ဘို့ခေါ်လေ့ရှိတယ်။ အမျိုးသားစစ်မှုထမ်းမလုပ်မနေရဥပဒေအရပေါ့။ ကျွန်တော်က အဲဒါမျိုး မလုပ်ချင်ခဲ့ဘူး။
စစ်ထဲမဝင်ချင်တာလို့လဲ အပြတ်ပြောချင်တာ မဟုတ်ပါဘူး၊ ၉ တန်းဖြေနေတုံးက၊ စစ်တပ်ကနေ လျှောက်လွှာတွေ စာသင်ခန်းထဲအထိလာဝေတယ်။ မေမြို့စစ်တက္ကသိုလ် (ဒီအက်စ်အေ) တက်ဘို့ စစ်ဗိုလ်စုဆောင်းရေးပေါ့။ ဝင်ဖြေတယ်။ ဘာရယ်မဟုတ်ဘူးလို့ ပြောရမှာပေါ့။ အဲဒီတုံးက အသက် ၁၅ နှစ်ရှိသေးတာကိုး။ ဆရာဝန်ဘွဲ့ပြီးတော့ ၂၄ နှစ်ရှိပြီ။ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်မှာ လုပ်ချင်တာ မလုပ်ချင်တာတွေ မတူတော့ပါ။ အိမ်ထောင်ကျပြီးပြီ။ အခြေအနေနဲ့ ဘဝလဲ ခြားနား၊ အကြိုက်လဲ ပြောင်းပြီပေါ့။
မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတင်သူတွေ အဲဒီတုံးက မုံရွာ၊ ခလရ ၁၅ တပ်ထဲ သွားပြီး ရေးဖြေဖြေရတယ်။ လူ ၁ဝဝ ကျော်လောက်ရှိမှာပါ။ အဲဒါ လနဲနဲကြာတော့ အောင်သတဲ့။ မှတ်မိသလောက် မုံရွာက ၆ ယောက်အောင်တယ်။ ရန်ကုန်သွားပြီး နောက်တဆင့်ဖြေရမတဲ့။ ဖြေတာပေါ့။ ရထား၊ ကား၊ စရိတ်ငြိမ်းမို့ ရန်ကုန်သွားဖြေဖြစ်တာလဲဟုတ်ပါတယ်။
အဲဒီတုံးက ပြည်လမ်း၊ ဗိုလ်ရှုခံနဲ့ မျက်နှာချင်းဆိုင်၊ ဗိုလ်ရွေးအဖွဲ့လို့ ခေါ်တဲ့ အိုတီတီ တပ်ထဲမှာနေပြီး ဗိုလ်ဖြစ်မဲ့သူတွေ ရေးဖြေ၊ နှုတ်ဖြေ၊ တခြားဖြေစရာတွေ ဖြေကြရတယ်။ တခြားဆိုတာတွေက စိတ်ပိုင်းမေးတာ၊ စစ်မြေပုံဖတ်တာတို့၊ ကာယအလုပ်တွေပါတယ်။ တက်တာ-ဆင်းတာ၊ ကျော်တာ-ဖြတ်တာတွေပေါ့။ ဒုတိယအကြိမ် အောင်စာရင်းထုတ်တော့လဲ အောင်ပြန်ရော။
အံ့သြတာက ကျွန်တော်က အောင်လဲ ထူးပြီးစိတ်လှုတ်ရှားတာ မရှိသလို၊ မအောင်လဲ အသာ အိမ်ပြန်ဘို့၊ ဒုတိယအဆင့်မအောင်လို့ ငိုသူတွေရှိတော့ အံ့ရော။ ကျွန်တော်က သူတို့ကို အောင်စေချင်လိုက်တာ။ စိတ်ပါလက်ပါလုပ်ချင်သူကိုရွေးရင် ဘယ်လောက်ကောင်းလေမလဲ။ စိတ်ပိုင်း စစ်ဆေးသူတွေက မသိလေရော့သလား မပြောတတ်ပါ။
ကျွန်တော်ညံ့တာ ကိုယ့်ကိုယ်ကို အဲဒီတုံးကမသိဘူး။ သူများတတွေက ဘာတွေမေးမယ်၊ ဘာတွေဖြေရမယ်၊ ဘာပြီးဘာ၊ အတော်သိကြတယ်။ အဲဒါတွေအားလုံးလဲပဲ ကျွန်တော့်အဖို့တော့ အံ့စရာတွေ။ ကိုယ်ရချင်ဖြစ်ချင်တာတွေ ကိုယ်ကကြိုသိထားအောင်လုပ်တယ်ဆိုတာ အမှန်ကတော်တာပါ။ ကျွန်တော်က အ,တော့ ၈ တန်း၊ ၉ တန်း စာမေးပွဲတွေလို တနှစ်တတန်း၊ သင်ချိန်သင်။ စာကျက်ချိန်ကျက်၊ ဖြေချိန်ကျဖြေ၊ ဒီလောက်ထက် ပိုမသိခဲ့ဘူး။
စစ်ထွက်ဦးလေးတယောက်ရှိတာ မင်း ဘာမေးမေး ဦးအောင်သာဖြေ။ ကြောက်မနေနဲ့ဆိုတဲ့ အကြံကောင်းလေး တခုတော့ဆောင်သွားတာ၊ စစ်မြေပုံဖတ်ခိုင်းတော့၊ ဦးလေးအကြံအတိုင်း သူများတွေထက် ဦးအောင် ကျွန်တော်ကဖြေတယ်။ ဘယ်နေရာကို ရဟတ်ယာဉ်နဲ့ ဆင်းမယ်ဆိုတာ ကျွန်တော်အရင်ဆုံးခပ်တည်တည်နဲ့ပြောလိုက်တယ်။ အမှတ်တော့ရမယ် ထင်တာဘဲ။ စစ်တဲ့သူက ဆက်မေးတယ်၊ နောက်ပြီးတော့ရောတဲ့။ ကျွန်တော် ဘာမှဆက်မဖြေ တတ်တော့ပါ။ မကြောက်ရဘူးဆိုတာတော့ သတ္တိမွေးနိုင်တယ်၊ မသိတာတော့ မဖြေတတ်ဘူး။
တတိယအဆင့်က ဆေးစစ်။ စစ်လိုက်တာ စုံနေတာဘဲ။ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ အခေါက်ခေါက်။ နောင်နှစ်အနည်းငယ်ဆို ကျွန်တော် စစ်ဆေးရုံဆေးဝန်ထမ်းဆိုတဲ့ဘဝကိုရမယ်ဆိုတာ ကြိုမသိခဲ့ပါ။ ဒါနဲ့ ဆေးစစ်လဲအောင်တယ်။ အဲ့ နောက်ဆုံးက ဘာစစ်တာမှတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော်ကျတယ်။ လူ ၁ဝဝ လားမသိဘူး ရွေးခေါ်တယ်။ ကျွန်တော် မပါဘူး။ ကံတရားပေါ့ဗျာ။ စစ်တာ-ဆေးတာ အကုန်အောင်၊ မစစ်တာကကျ။ အောင်မြင်စွာ ဆုတ်ခွါရတယ်ဆိုတာ ဒါမှအစစ်။ နှစ်ဝမ်းကွဲတော်သူနှစ်ယောက်အောင်ကြတယ်။ နောင်မှာ နာမည်ကြီးဝန်ကြီးဖြစ်လာမယ့် ကိုကျော်ဆန်းလည်းပါတယ်။ ကိုရွှေမန်းနဲ့တော့ DSA 11 ချင်းတူပေမယ့် လူချင်းမဆုံလိုက်ပါ။
မေမြို့ စစ်ဆေးရုံမှာ (ဟောက်စ်) ဝင်လုပ်ကြရမဲ့ မန္တလေးက အောင်လာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အတော့်ကို ဟောင်းနွမ်းဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက တိုက်အိမ်တလုံးမှာ စုနေကြရတယ်။ စာမေးပွဲပြီးကြတာက သြဂုတ်လ၊ အလုပ်သင်ဝင်ရတာလဲ ဆောင်းတွင်းရောက်တာနဲ့ စတယ်။ မေမြို့က အေးလိုက်တာလဲ မပြောပါနဲ့။ ကိုယ်က မုံရွာ၊ မန္တလေးမှာ နေလာသူဆိုတော့ မေမြို့ဆောင်းကိုကြောက်တယ်၊ ရေတထပ်ချိုးဘို့ဆိုတာ စွန့်စားခန်းဘဲ။ ဆရာဝန် စစ်ဗိုလ်တွေ အဲဒီမှာ ဘယ်လိုနေနိုင်ကြလဲ မသိဘူး။
နောက် အနှစ် ၂ဝ လောက်ကြာရင် ဒီထက်ပိုအေးလှတဲ့ ချင်းတောင်တန်းကြီးကို အခုလို ဒီဇင်ဘာလထဲမှာ ၅ ညနဲ့ ၆ ရက်တိတိ ခြေလျင်ဖြတ်ပြီး တိုင်းပြည်ကနေ ထွက်ခွါရလိမ့်မယ်လို့ မခဲ့ပါ။
Dr. တင့်ဆွေ
(၂၆-၁ဝ-၂ဝဝ၈ နေ့ကရေးခဲ့တဲ့စာ)

Comments
Post a Comment