Heart-book ဟတ်-ဘွတ်

လွန်ခဲ့တဲ့ ၂ နှစ်ကစာ။

Facebook ဖေ့စ်ဘွတ်ဆိုတာ
• ဘောလုံးပွဲနဲ့တူတယ်။ ဂိုးသွင်းမဲ့လူဖြစ်လိုက်၊ ဂိုးဖမ်းမဲ့လူဖြစ်လိုက်။ ကစားနေတဲ့လူဖြစ်လိုက်၊ ပွဲကြည့်စဉ်မှာ နေတဲ့လူဖြစ်လိုက်။ ဒါပေမဲ့ ဘယ်သူကို တိုက်စစ်မှူးလို့ ရွေးထာတာမရှိပါ။
• ဇာတ်ပွဲနဲ့လဲတူတယ်။ မင်းသားလုပ်လိုက်၊ လူကြမ်းလုပ်လိုက်။ နှစ်ပါးသွားလိုက်၊ ငိုခြင်းချလိုက်။ စဉ်ပေါ် တက်လိုက်၊ ပွဲခင်းထဲဆင်းလိုက်။ ဒါပေမဲ့ မင်းသားလုပ်ပါလို့ ရွေးပေးတဲ့ဒါရိုက်တာမရှိပါ။
• ကျောင်းတော်ကြီးနဲ့လဲတူတယ်။ ပါမောက္ခဖြစ်လိုက်၊ (ဖရှက်ရှာ) ဖြစ်လိုက်။ ဓါတ်ခွဲခန်းထဲရောက်လိုက်၊ မြက်ခင်းပေါ် အိပ်လိုက်။ စာဖတ်လိုက်၊ ဖဲရိုက်လိုက်။ ဒါပေမဲ့ ဘယ်သူ့မှာ ဘာပညာရှိသလဲဆိုတာ အသိပေးသူက ရှားတယ်။

Facebook ဖေ့စ်ဘွတ်မှာ
• ပုံလှလှလေးတွေ၊ စကားလုံးပြောင်ပြောင်မြောက်မြောက်တွေ မြင်တာနဲ့ အထင်ကြီးတခွဲသားနဲ့၊ လေးစားပစ်ကြသူတွေက ပိုများတယ်။ သူများ ငယ်ကျိုးငယ်နာ ကြံဖန်ရေးနေသူဆိုရင် ဆက်ပါအုံး၊ မျှော်နေမယ်နဲ့ အားပေးသူကလဲ မရှား။ မှားရေးနေတာကို ထောက်ပြချင်သူက နည်းတယ်။
• စကားအရာမှာ မှန်ပြီး၊ အကျိုးရှိရင် နားမခံသာပေမဲ့ ပြောသင့်သတဲ့။ မှားတာကိုထောက်ပြတာက မှန်တာဖြစ်ပြီး၊ ဖတ်တဲ့သူအကျိုးလဲ ရှိစေမှာဖြစ်ပေမဲ့၊ သူများကိုသာ အပြစ်တင်နေသူမျိုးနဲ့ ပြိုင်မပြောချင်သူက မနည်းလှဘူး။
• ငါပါနှစ်ကောင် အဖြစ်မခံချင်တာက ပညာရှိရာကျတယ်။

မျက်နှာမြင် ချစ်ခင်ခံရတာ ကုသိုလ်ထူးလို့ပါ။ ဒါပေမဲ့ နှလုံးသားကလာတာက ပိုပြီးတန်ဘိုးရှိပါတယ်။ Heart-book ပေါ်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး