Activism and new government အစိုးရသစ်နဲ့ အက်တစ်ဗစ်များ
၁၉၈၈ အရေးအခင်းကြီးမှာ စစ်တပ်နဲ့ (မဆလ) ပါတီအမာခံတွေကကလွဲရင် တတိုင်းတပြည်လုံးဟာ တခုတည်းသော အစုကြီးလိုဖြစ်ခဲ့တယ်။ နိုင်ငံရေးပါတီတွေဖွဲ့နိုင်တယ်ဆိုတော့ ဖွဲ့လိုက်ကြတာ ၂၃၅ ပါတီအထိရှိသွားတယ်။ ဒါတောင် ၃-၄ ခုက အဖျက်ခံရလို့။ ၂ဝ၁၅ မှာ ပါတီပေါင်း ၉ဝ ကျော်တယ်။ (တစည) နဲ့ ပြည်ခိုင်ဖြိုးကလွဲရင် တခုတည်းသောအစုကြီးလို့ ခေါ်တဲ့ (၈၈) အရေးအခင်းကြီးနဲ့ ဆက်စပ်နေခဲ့သူတွေများပါတယ်။ မျက်စိအောက်မှာပဲ ကွဲပြားပြောင်းလဲတာတွေကို မြင်ရတာပါ။
ပြည်ပအတွေ့အကြုံက ပိုပြီးကုံလုံတာမို့ နမူနာလေးတွေပေးချင်ပါတယ်။ အားတော့နာတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ပြည်ပရောက်ဆိုတဲ့ နောက်ထပ် တခုတည်းသောအစုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ အရင်ဆုံးက ကျောင်းသားတွေပါ။ ကျောင်းသားထဲမှာ ကျောင်းသားလို့ မခေါ်ထိုက်သူတွေလည်းခဲ့ပါတယ်။ ကျောင်းသားအများစုက ကျောင်းသားတပ်မတော် ABSDF ဖွဲ့တယ်။ လက်နက်စကားမပြောတဲ့ ကျောင်းသားတွေလည်း မနည်းခဲ့ပါ။ အဲဒီမနည်းသူတွေထဲမှာလည်း မတူတဲ့အဖွဲ့တွေဖွဲ့ကြတာ ပိုများတယ်။
ပြည်ပရောက်အစုကြီးထဲကို ၁၉၉ဝ နှစ်အကုန်မှာရောက်လာတဲ့ နောက်တိုးအစုကတော့၊ ကျွန်တော်အပါအဝင် နိုင်ငံရေး ပါတီတွေလူတွေဖြစ်ပါတယ်။ NLD သာမကပါ။ ရခိုင်၊ ချင်း၊ ကချင်၊ လားဟူ၊ မွန်၊ ရှမ်း၊ ကရင်နီနဲ့ ကယန်း စတဲ့ အမတ်တွေလည်း အပြင်ထွက်လာကြတယ်။ အမတ်တွေက MPU အမတ်များအဖွဲ့နဲ့စုစည်းကြတယ်။ တချို့က NCGUB စင်ပြိုင်အစိုးရထဲမှာပါတယ်။ NLD ကထွက်လာကြသူတွေရဲ့ NLD/LA ပါတီက အဆုံးထိကြာပေမယ့် ကျန်တိုင်းရင်းသား ပါတီတွေက သိပ်မကြာလိုက်ပါ။
နောက်တော့ ဖွဲ့စည်းမှုပုံစံတွေ ပြောင်းလာပါတယ်။ လူ့အခွင့်အရေး၊ ဒုက္ခသည်စတဲ့ အခွင့်အရေးအဖွဲ့တွေ ပေါ်လာတယ်။ အမျိုးသမီးအဖွဲ့တွေလည်း တခုပြီးတခုပေါ်လာကြတယ်။ တိုင်းရင်းသားအလိုက် အဖွဲ့တွေပေါ်လာတယ်။ PD နဲ့ CNAB အကြမ်းမဖက် လှုတ်ရှားမှုအဖွဲ့တွေ ပေါ်လာတယ်။ FTUB စတဲ့အလုပ်သမားအဖွဲ့ဖြစ်လာတယ်။ သာရေးနာရေးနဲ့ လူမှုရေးအသင်းတွေ ပေါ်လာတယ်။ NCUB, NHEC, WLB, SYCB စတဲ့ အမျိုးသားကောင်စီ၊ ပညာကျန်းမာ၊ အမျိုးသမီး၊ လူငယ်ကျောင်းသား ညွန့်ပေါင်းအဖွဲ့တွေပေါ်လာပါတယ်။
အဖွဲ့တွေအပြင် (အင်စတီကျူရှင်း) ခေါ် သတ်သတ်မှတ်မှတ် အလုပ်တခုအတွက်ဌာနတွေပေါ်လာတယ်။ HRDU လူ့အခွင့်အရေးယူနစ်၊ HREIB လူ့အခွင့်အရေးပညာရေးဌာန၊ BLC ရှေ့နေများအဖွဲ့ စတာတွေတွေဖြစ်တယ်။ အဖွဲ့စည်းရုံးတွေနဲ့ ကျောင်းတွေလည်းအများကြီးပေါ်လာတယ်။ နောက်တော့ ပြည်ပမီဒီယာဆိုတာဖြစ်ပေါ်လာတယ်။ မီဒီယာထဲမှာ DVB ရေဒီယိုနဲ့ ခေတ်ပြိုင်ဂျာမယ်ကစတယ်။ နောက်မှာ အများကြီးဖြစ်လာတယ်။ ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေ ပေါ်ပေါက်လာတယ်။ အားလုံးဟာ ကိုယ့်ဘေးနာကလူတွေပါပဲ။
ပြည်ပလှုတ်ရှားမှုသမိုင်းရေးဘို့ မဟုတ်ပါ။ တခုတည်းသောအစုကြီးကနေ ပေါက်ဖွါးလာတဲ့ အစွယ်အပွါးတွေဖြစ်လာတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ထူထောင်သူတွေ၊ ပါဝင်လုပ်ဆောင်သူတွေဟာ တခုတည်းသော အစုကြီးထဲက လူတွေချည်းသာ ဖြစ်ပါတယ်။ တချို့က အဖွဲ့ပြောင်းလုပ်ကြတယ်။ လူတယောက်တည်းကနေ အလုပ် ၂ မျိုး၊ ၃ မျိုး တပြိုင်တည်း လုပ်သူတွေဖြစ်တယ်။ ဥပမာ အမတ်တဦးက ရှေ့နေအဖွဲ့ထဲမှာလည်းပါတာ၊ အမျိုးသမီးအဖွဲ့ထဲက သတင်းထောက် လုပ်တာ။ ကျောင်းသားအဖွဲ့ထဲက အယ်ဒီတာလုပ်တာ။ ကျောင်းသားထဲကနေ အလုပ်သမားလိုင်း ပြောင်းသွားတာ စသဖြင့် အမျိုးမျိုးရှိတယ်။
အဲလိုမတူတဲ့ ခေါင်းစဉ်-အစု-အသင်း-အဖွဲ့-ဌာနတွေထဲရောက်တော့ တာဝန်တွေ၊ စည်းကမ်းကလနားတွေမတူတော့ပါ။ အကျိုးစီးပွါးလည်း မတူတော့ပါ။ အဲလိုမတူတာတွေဖြစ်လာတဲ့ကြားထဲက စင်မြင့်တခုတည်းမှာ အတူတူလုပ်ကြရတာမှာ ကောင်းတာလည်းရှိတယ်။ ဝိရောဓိဖြစ်တာလည်းရှိတယ်။ စိတ်ဝင်စားစရာကောင်းပေမယ့် ပြောရတာအားနာရတယ်။
ကျွန်တော်နေခဲ့ရာ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီအင်အားစုထဲမယ် အသင်းအဖွဲ့တွေဖွဲ့လိုက်ကြတာ မှတ်တမ်းကို အမီလိုက်ဘို့ ခက်တယ်။ အဖွဲ့ပေါင်း ၄ဝ ကျော်အထိတော့မှတ်နိုင်သေးတယ်။ နောက်ပိုင်း ဒုက္ခသည်တွေ အစုလိုက်ရောက်လာပြီးတော့ ခရစ်ယန်အသင်းတော်တွေကလည်း အကုန်မမှတ်နိုင်အာင်များတယ်။
တခုတည်းသောအစုကြီးထဲကနေ ကွဲပြားသွားတာတွေကို ယေဘုယျခွဲလိုက်ရင် (၁) နိုင်ငံရေးသပ်သပ်လုပ်သူ၊ (၂) အက်တစ်ဗစ် ခေါ် တက်ကြွလှုပ်ရှားသူ၊ (၃) မီဒီယာသမားဆိုပြီး ခွဲနိုင်ပါတယ်။ အခွင့်အရေးလုပ်သူတွေက အက်တစ်ဗစ်တွေ ဖြစ်တယ်။ (က) တဦးတည်းကနေ မတူတာကိုပါတွဲလုပ်တာနဲ့ (ခ) မတူကြပေမယ့် နိုင်ငံရေးစင်မြင့် တခုတည်းမှာ တွဲလုပ်ကြတဲ့အခါ မတိုက်ဆိုင်မှုသာမက ဆန့်ကျင်ဖက်တွေဖြစ်တတ်ပါတယ်။
နှစ်ပတ်လည်နေ့မှာ နိုင်ငံရေးလုပ်သူက အခန်းအနားမျိုးလုပ်ချင်ပေမယ့် အက်တစ်ဗစ်တွေက ဆန္ဒပြချင်တယ်။ တိုင်ပင်ပြီး အများသဘောလုပ်နိုင်ကြတာကများပြီး၊ နိုင်ငံရေးသမားက လျှော့ပေးရပါတယ်။ စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာမှာတော့ မကွာကြပါ။ အိမ်ရှင်နိုင်ငံကို တောင်းဆိုတာ ပြစ်တင်တာကြတော့ အမြင်ကွဲလွဲတာတွေရှိတယ်။ နိုင်ငံရေးလုပ်သူက (ဒီပလိုမေစီ) ကိုကြည့်ချင်တယ်။ အက်တစ်ဗစ်တွေက စိတ်လိုလက်ရလုပ်ချင်ကြတယ်။
မီဒီယာသမားဘဝကို ခံယူလိုက်သူတွေကတော့ နိုင်ငံရးသမားနဲ့ရော အက်တစ်ဗစ်တွေနဲ့ပါ လိုင်းကွဲထွက်သွားတယ်။ ဘက်မလိုက်ချင်သလိုလိုတွေ ဖြစ်လာကြတယ်။ ၂ဝဝ၈ နောက်ပိုင်းမှာတော့ သိသိသာသာမတူတော့ပါ။ ပြည်တွင်း ပြန်ဝင်တော့မယ့် မျှော်ကိုးချက်ရှိကြသူတွေက လေသံတွပြောင်းကုန်ကြတယ်။ တစုတည်းသောအစုကြီးထဲကနေ ကွဲလွဲသွားကြတာတွေပါ။
(၄) ပညာရှင်လို့ခံယူသွားသူတွေလည်းရှိသေးတယ်။ သူတို့ဟာ သူတို့တဦးတည်းအမြင်ကိုသာသူ ကိုယ်စားပြုတယ်။ ပညာရှင်တွေက နိုင်ငံရေးသမားတွေကို ကူသူတွေရှိသလို ကိုယ်ပိုင်တစင်ထောင်သူတွေက ထောင်သွားတယ်။ (၅) တချို့တွေက NGO ဖြစ်သွားတယ်။ သူ့အလုပ်ကိုသာဦးစားပေးလို့ နိုင်ငံရေးသမားနဲ့ကွာတယ်။ (အစ်ရှူး) နောက်သာ လိုက်ကြတယ်။ သူ့ (အစ်ရှူး) ရှင်သန်နေမှသာ သူ့အလုပ်ကဆက်ရှိနေမှာဖြစ်လို့ပါ။ NGO တွေဟာ နိုင်ငံတကာစံတွေကို ကိုင်တဲ့အခါ ပြည်တွင်းအခြေအနေ၊ ယဉ်ကျေးမှုနဲ့ အံမကိုက်တာတွေပါ သယ်လာတတ်ကြတယ်။ အဲတာမှာလည်း နိုင်ငံရေးသမားနဲ့ ကွာတယ်။
လာတော့မယ့် NLD အစိုးရလက်ထက်မှာ ခပ်ဆင်ဆင်အဖြစ်မျိုးတွေကို မျှော်လင့်ထားနိုင်ပါတယ်။ အက်တစ်ဗစ်တွေ၊ တချို့မီဒီယာတွေ၊ တချို့ NGO တွေ၊ တချို့ပညာရှင်တွေက အစိုးရနဲ့ အတိုက်အခံပြုပါမယ်။ အလုပ်သမားနဲ့ ကျောင်းသားစတဲ့ သမဂ္ဂတွေဟာ အစိုးရတိုင်းနဲ့ ရင်ဆိုင်ကြရတယ်။ အဲတာတော့ ပုံမှန်သဘောသာဖြစ်ပါတယ်။ တိုင်းပြည်အကျိုးစီးပွါးအတွက်ဆိုရင် (ဟဲလ်သီးဖြစ်တဲ့) ဖြစ်သင့်ဖြစ်ထိုက်တဲ့ မတူတာသာဖြစ်ပါမယ်။ ဥပဒေစိုးမိုးမှုသာ ရှိလာရင် အစိုးရကိုကန့်ကွက်တာမျိုးဟာ လုပ်ပျော်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ တခုတည်းသော အစုကြီးထဲကလူတွေသာဖြစ်ပါတယ်။ သတိထားရမှာကတော့ ကန့်လန့်သမား မရှိတဲ့ကာလမျိုးဆိုတာ မရှိပါ။ ကိုယ်ကျိုးစီးပွါးသမားဆိုတာလည်း ခေတ်တိုင်းမှာ ရှိကြတာပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment