Alcohol taxes and public health အရက်ခွန်နဲ့ လူထုကျန်းမာရေး

ဒီဇင်ဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ စီးကရက်နဲ့ အရက်များအပေါ် စည်းကြပ်နေတဲ့ အခွန်နှုန်းထားတွေဟာ အာဆီယံနိုင်ငံများနှင့်ယှဉ်ရင် အတော်နိမ့်ကျနေလို့ အခွန်တိုးမြှင့်ကောက်ခံဘို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့သူက NLD ပုလဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ဖြစ်ပါတယ်။ ပုလဲမြို့နယ် ကိုယ်စားလှယ်ဟောင်းက ရေးထားတဲ့စာကို ပြန်တင်ပါရစေ။

အရက်ကို အကောက်ခွန် များများတင်လိုက်ရင် လူတွေရဲ့ လူမှုသုက္ခတွေ နည်းမလားဆိုတဲ့အယူအဆ ဟုတ်ပါ့မလားလို့ စောဒကတက်ကြပါတယ်။ ဒီခေတ်မှာ အရက်သောက်တာ မဆန်းတော့ဘူး။ အရက်သောက်နေသူတွေဟာ အရက်ဈေး ဘယ်လောက်ကြီးကြီး ဝယ်သောက်ကြမှာပဲလို့ ၂၇-၉-၂ဝဝ၉ မှာ ထုတ်တဲ့ American Council on Science and Health မှာ အဲလိုရေးခဲ့တာပါ။

အဲလဗတ် အိုင်းစတိုင်းဆေးကျောင်းက ဒေါက်တာ နီဂဲလ် ဘာ့ခ် ကတော့ ဒီလို ဆင်ခြေမျိုးကို သဘောမတူဘူး။ နှစ်ပေါင်း ၃ဝ အတွင်း အရက်ဈေး (အရက်ခွန်) နဲ့ အရက်နဲ့ ဆက်ပြီးဖြစ်စေတဲ့ ရောဂါဖြစ်နှုန်း + သေနှုန်းတွေဟာ အသေအခြာ ဆက်စပ်နေပါတယ်။ ပြောင်ပြန်အချိုးကျနေတယ်။ အရက်ကို အသေအလဲစွဲနေသူဟာ အရက် ဘယ်လောက်ဈေးမြှင့်မြှင့် ဆက်သောက်နေမယ်ဆိုတာမှန်ပေမဲ့ အဲလို အရက်ချိုး (ဂျိုး) ဆိုတာ လူဦးရေအများထဲမှာ နည်းနည်းလေးသာရှိတာပါ။

၁၈ ရာစုထဲ၊ အင်္ဂလန်မှာ (ဂျင်) ကို ပဌမဆုံး အခွန်စည်းကြပ်လိုက်တော့ လူထုကျန်းမာရေးမှာ သိသိသာသာ အကျိုးရစေခဲ့တယ်။ အထူးသဖြင့် မြို့ကြီးတွေနဲ့ အမျိုးသမီးတွေရော ကလေးတွေအတွက်ပါ ပိုကောင်းခဲ့တာပါ။

စာရင်းဇယားဌာနရဲ့ ဖွင့်ဆိုချက်အရ တထိုင်ထဲမှာ ယောက်ျားဆို ၈ ယူနစ်၊ မိန်းမဆို ၆ ယူနစ် ထက် အရက် ပိုသောက်တာကို အရက်စွဲသောက်တာလို့ သတ်မှတ်တယ်။ အဲဒါမျိုး ဗြိတိန်မှာ ယောက်ျား ၂၃%၊ မိန်းမ ၆% ရှိနေတယ်။ ပိုခက်တဲ့ပြဿနာက အသက် ၁၆ နဲ့ ၂၄ နှစ်ကြား လူငယ်တွေဖြစ်နေတယ်။ (ယူကေ) မှာ တခြား ဥရောပ နိုင်ငံတွေထက် မိန်းမတွေ အရက်သောက်တာ ပိုတိုးလာနေလို့ အရက်နဲ့ဆက်ပြီး သေဆုံးမှုလဲ အနှစ် ၂ဝ အတွင်းမှာ ၂ ဆ တိုးလာတယ်။

သုတေသနလုပ်သူတွေကနေ ထောက်ပြတာက စနေ၊ တနင်္ဂနွေနေ့တွေမှာ လမ်းဘေးမယ် သေရတာတွေထဲက ၈ဝ% ဟာ အရက်နဲ့ ဆက်စပ်နေတယ်။ နောက်ပြီး ဆေးရုံ-အရေးပေါ်ဌာနတွေမှာ နဲ့ လူရှုတ်ချိန် မတော်တဆ ဖြစ်မှုတွေထဲက ၄ ပုံ ၃ ပုံလောက်ကလဲ အရက်ကြောင့်ပဲ။

၂၂-၂-၂ဝဝ၈ နေ့သတင်းတခုမှာ အရက်ခွန်တိုးလိုက်ရင် လူ့အသက်တွေ အများကြီးကို ကယ်ရာရောက်မယ်လို့ ဗြိတိန်မှာ လှုံ့ဆော်ခဲ့ကြတယ်။ BMA ကနေပြောတယ် ဘီယာ၊ ဝိုင်နဲ့ အရက်ကို အခွန် ၁ဝ% တိုးလိုက်ရင် အရက်နဲ့ဆက်ပြီး သေဆုံးနေတဲ့ အရေအတွက်ကို လေးပုံတပုံမက ကျဆင်းလိမ့်မယ်။ အစိုးရနဲ့ အရက်ကုမ္ပဏီတွေ နီးစပ်မှုရှိနေတာကိုလဲ ထောက်ပြ ကန့်ကွက်ကြပါတယ်။ အဲလို နိုင်ငံရေးသမားတွေကို အရှုံးသမားခေါင်းဆောင်တွေလို့ ခေါ်လိုက်တယ်။ နာမည်ကြီး အရက်သမား အနုပညာရှင်တွေကိုလဲ ပြစ်တင်တယ်။

၁၃-၁၁-၂ဝဝ၈ နေ့မှာ CNN ကနေ ထုတ်လွှင့်သွားတာတခုက အရက်ဈေးတက်ပေးရင်၊ အသက်သွေးတွေ ကယ်နိုင်မယ်တဲ့။ (အလာစကာ) ပြည်နယ်မှာ အရက်ခွန် တိုးလိုက်တိုင်း၊ တိုးလိုက်တိုင်း၊ အရက်နဲ့ ဆက်ပြီး သေဆုံးရနှုန်းတွေ ကျလာတာကို ၂၈ နှစ်တာ ဆန်းစစ်မှုအရ သိရတယ်။ ၁၉၈၃ တုံးက အရက်ခွန် တိုးလိုက်တော့ အရက်ကြောင့် သေဆုံးနှုန်း ၂၉% လျော့ခဲ့တယ်။ ၂ဝဝ၂ ခုမှာ တိုးပြန်တော့ ၁၁% ကျပြန်တယ်လို့ထုတ်ပြန်လိုက်တယ်။

ဥရောပနိုင်ငံတွေမှာ အရက်ဈေးနှုန်းတွေ အတော်ကြီး ကွာခြားကြတယ်။ ပျမ်းမျှအရက်တပုလင်းဈေးကတော့ -
- Germany ဂျာမနီ = ယူရို 4.0
- Estonia အက်စ်တိုးနီးယား = ယူရို 5.57
- Denmark ဒိန်းမတ် = ယူရို 10.75
- Finland ဖင်လန် = ယူရို 20.09
- Sweden ဆွီဒင် = ယူရို 21.54
- Iceland အိုက်စလန် = ယူရို 28.37
- Norway နော်ဝေ = ယူရို 39.01

စကော့တလန်မှာ အကြမ်းဖက်-ရာဇဝတ်မှုတွေရဲ့ ၄၃% ဟာ အရက်နဲ့ ဆက်စပ်နေတာတွေ့ရတယ်။ နော်ဝေမှာ အရက်ဝယ်ဘို့ရာ အတော်မလွယ်ပါ။ ဘီယာထက်ပြင်းတဲ့ Wine, Whiskey, Brandy ဝယ်ချင်ရင် Vinmonopolet ဆိုတဲ့ဆိုင် လိုက်ရှာဝယ်ရမယ်။ ဒီဆိုင်မျိုးဆိုတာ ပုဇွန်ရောင်းတဲ့ နေရာလိုမှာ သွားဝယ်ရတာကိုက အနှိမ်ခံရသလိုဘဲ။ ၂ဝဝ၁ ဈေးအရ (ဗော်ဒကာ) တပုလင်း ဝယ်ရင် 297 Krone (£30) ပေးရမယ်။ အဲဒီ တန်ဘိုးထဲက 197.12 Krone ဟာ အရက်ခွန် ဖြစ်တယ်။ အရက်တန်ဘိုးက 29.73 သာရှိတယ်၊ ဆိုင်ခွန်က 11.11 ပေးရမယ်၊ အရောင်းခွန်က 57.48 ပါမယ်။ ထုပ်ပိုးခွန်က 1.56 ဖြစ်တယ်။ အခွန်အားလုံး ပေါင်းလိုက်တော့ 199.16 ဆောင်လိုက်ရတယ်ပေါ့။

အိန္ဒိယမှာ အရက်သေစာကို ဖွဲ့စည်းပုံပေါ်လစီ အခြေခံမူမှာကို ထည့်ရေးထားပါတယ်။ အပိုဒ် (၄၇) မှာ လူနေမှု အဆင့်အတန်းနှင့် အာဟာရ မြှင့်တင်ပေးရန်မှာ နိုင်ငံတော်၏ မူလတာဝန် ဖြစ်သည်။ ဆေးဝါးအလို့ငှာ သုံးသည်ကလွဲ ၍ ကျန်းမာရေးကို ထိခိုက်စေနိုင်သော မူးယစ်စေသည့် ဆေးဝါးနှင့် အရည်များအား နိုင်ငံတော်ကတားမြစ်ရမည်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာ အရက်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်။ တိုင်းရင်းသား ဒေသတွေမှာ ပိုများတယ်။ မြို့နေ ယောက်ျားတွေကလဲ နမူနာဘဲ။ အနှစ် ၂ဝ အတွင်း အရက်သောက်သူ ၁၅-၂ဝ% ကနေ ၃ဝဝ% အထိ သိသိသာသာတိုးလာတယ်။ ၅% က အရက်စွဲသူတွေ ဖြစ်နေတယ်။ နည်းတခုအနေနဲ့ အရက်ဝယ်နိုင်တဲ့ အသက်ကို တိုးစေတာ ဖြစ်တယ်။ တချို့ပြည်နယ်တွေမှာ ၁၈ နှစ်ကနေ ၂၅ နှစ်အထိ တိုးတယ်။ ထိရောက်မှုကို လေ့လာတာ မလုပ်ရသေးပါ။ အရက်ခွန်ကလဲ အစိုးရအတွက်ဝင်ငွေ အများကြီးရစေတယ်။ ၁ဝ% အထိရှိတယ်။ နမူနာကတော့ ပန်ဂျပ်မှာ ၃ ပုံ ၁ ပုံမက ရတယ်။

တချို့ပြည်နယ်တွေမှာ ဖွဲ့စည်းပုံပါ လမ်းညွှန်ချက်ကို ထည့်ထားရာကနေ ဖြုတ်လိုက် ကြတယ်။ အရက်ခွန် တိုးတာဟာ အရက်သောက်နေတာကို မလျော့စေဘူး။ သောက်သုံးသူတွေအတွက် စီးပွါးရေးထိခိုက်တယ်။ လာဘ်စားမှု၊ ရာဇဝတ်မှု၊ မှောင်ခို ရောင်းဝယ်မှုတွေ တိုးစေတယ်လို့ ထောက်ပြကြတယ်။ အိန္ဒိယကတချို့နေရာတွေမှာ အခွန်ရအောင် အစိုးရက အရက် ရောင်းခွင့် ပြုပေမဲ့ အစိုးရအခေါ် သူပုန်တွေက အရက်ကိုတားမြစ်တယ်။ သူပုန့်သြဇာက ပိုထိရောက်လို့ တိတ်တိတ်ပုန်းသာ ရောင်းကြသောက်ကြရတယ်။

၁၅-၇-၂ဝ၁ဝ နယူးယော့ခ်ကလာတဲ့ သတင်းတခုမှာ အမေရိကန်တွေဟာ သူတို့ကိုယ်သူတို့ လက်နက်တွေ တပ်ဆင်ထားပြီး နှာဖျားကနေ မီးခိုးထွက်အောင်လုပ်နေကြတယ်လို့ ရေးထားပါတယ်။ ဖက်ဒရယ်အစိုးရကနေ အရက်၊ ဆေးလိပ်၊ လက်နက်ငယ်နဲ့ ကျည်ဆံတွေအပေါ်ကနေ အခွန်ကောက်လို့ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ၁ဝ့၆ ဘီလျန်ရနေလို့ ရေးတာပါ။

လူအများ စားသုံးပစ္စည်းနဲ့ ဝန်ဆောင်မှုတွေခွန်ကို Sin tax အကုသိုလ်အခွန်လို့ ခေါ်တယ်။ (ကင်ဒီ)၊ ဖျော်ရည်၊ အဆီများအစားအစာ၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ လောင်ကစားတွေအပေါ်မှာ ကောက်တဲ့ အခွန်တွေ ဖြစ်တယ်။ ဒီလိုအခွန်မျိုး တိုးတယ်ဆိုတာ စားသုံး-ရောင်းဝယ်မှု နည်းစေအာင် ရည်ရွယ်တာ ဖြစ်ပါတယ်။ အများအကျိုးကိုဖြစ်စေတာ အမှန်ဘဲ။ ရတဲ့အခွန်ငွေကို သုံးတာမှာလဲ ရည်ရွယ်ချက်ကောင်းရှိရမယ်။ ကျန်းမာရေး၊ အားကစားရုံ၊ အရက်၊ မူးယစ်သမားတွေအတွက် နလံထစခန်း၊ စတာမျိုးတွေအတွက် သုံးသင့်တယ်။

• ၂၇-၂-၂ဝဝ၈ ဟောင်ကောင်မှာတော့ အရက်ခွန်တွေ ဖယ်ရှားလိုက်ပါသတဲ့။
• ၂၇-၄-၂ဝဝ၈ သြစတြေးလျမှာ ကျန်းမာရေး ဘက်တော်သားတွေက အရက်ခွန်တိုးတာကို ထောက်ခံလိုက်ကြတယ်။ သူတို့ဆီမှာ ကြိုတင်ဖျော်ထားပြီးသား အရက်ခွန်ကို တလီတာမှာ $39 ကနေ $67 အထိ တိုးလိုက်ပါတယ်။ (PHA) က လူငယ်-လူရွယ် အမျိုးသား-အမျိုးသမီးတွေအပေါ်မှာ သက်ရောက်မှုရှိမယ်လို့ ပြောပါတယ်။
• ၁၂-၅-၂ဝဝ၈ ဗြိတိန်က သတင်းမှာလဲ အတူတူဘဲ။ အရက်ခွန်တိုးတာ အရက်ချိုး(ဂျိုး) တွေ အတွက်ပါတဲ့။
• ၃ဝ-၁၁-၂ဝဝ၈ ဖင်လန်ကလဲ အဲဒီအတိုင်း လိုက်လုပ်တယ်။
• ၁၈-၅-၂ဝဝ၉ အမေရိကန် ဆီးနိတ်မှာ အရက်၊ ဆေးလိပ်နဲ့ ဆိုဒါကို အခွန် တိုးကောက်ပြီး ကျန်းမာရေး-စီမံချက်မှာ သုံးဘို့ အဆိုပြုခဲ့တယ်။
• ၁-၈-၂ဝဝ၉ တရုပ်မှာ အဲလိုလုပ်ရင် အလုပ်သမားတွေက ကြိုက်မယ် မထင်ဘူးတဲ့။

၎-၄-၂ဝ၁၁ ဖိလစ်ပိုင်ပညာရှင်အဖွဲ့ရဲ့ တိုက်တွန်းချက်တခု ထွက်လာတယ်။ အရက်နဲ့ ဆေးလိပ်အပေါ်မှာ Excise taxes စည်းကြပ်ခွန် ၅ဝ% တိုးမြင့်လိုက်ရင် တနှစ်တနှစ်မှာ အစိုးရအတွက် အခွန်ငွေ ဒေါ်လာ ၁့၎ ဘီလျန် တိုးလာမယ်တဲ့။ ကွန်ကရက် ပေါ်လစီနဲ့ဘတ်ဂျက် သုတေသနဌာနကနေ အဲလိုအခွန်တိုးရလာမှာကို ကျန်းမာရေးကဏ္ဍအတွက် သုံးသင့်တယ်လို့ဆိုတယ်။

ဒီအဖွဲ့က ဝင်ငွေနည်း-တိုင်းပြည် ၂၂ နိုင်ငံကို လေ့လာပြီး သုတေသန လုပ်ခဲ့တာပါ။ တပြိုင်နက်ထဲမှာ တိုးရမဲ့ အခွန်ငွေကို ဘယ်နေရာမှာ သုံးမလဲ ဆိုတာလဲ မေးခွန်းဖြစ်တယ်။ အခွန်ရဲ့အမျိုးအစားက တိုးတိုးရနေမှာမျိုး မဟုတ်ဘူး၊ ဆင်းရဲသူတွေက အခွန်ပိုပေးရမယ်၊ လူ့စရိုက်ကလဲ ပြောင်းလဲလာဘို့ မဖြစ်နိုင်ဘူး၊ တိုးတက်ဘို့ အလားအလာရှိတဲ့ စီးပွါးရေးကိုလဲ နှိမ်ရာကျနေတယ်။ ဒါ့ကြောင့် ရလာမဲ့ အခွန်ကို အကျိုးရှိမဲ့နေရာမှာသုံးဘို့ သိပ်အရေးကြီးတယ်။

၆-၄-၂ဝ၁၁ သတင်းအရ အမေရိကားမှာ အရက်နဲ့ဆက်ပြီး သေဆုံးရသူပေါင်း တနှစ်မှာ ၈ သောင်း ၅ ထောင်ရှိတယ်။ အရက်ခွန်နဲ့ ဈေးနှုန်း ပေါ်လစီ ရဲ့ ရောဂါဖြစ်နှုန်း-သေနှုန်ပေါ်မှာ သက်ရောက်မှု၊ စနစ်တကျလေ့လာချက်ကို ထုတ်ပြန်ခဲ့တယ်။ အရက်ခွန်တိုးလိုက်ရင်
• ယာဉ်မတော်တဆ တိုက်လို့ သေဆုံးရမှုကို ၁၁%၊
• HIV အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေ ၆%၊
• အကြမ်းဖက်မှု ၂%၊
• ရာဇဝတ်မှု ၁့၎% ကျဆင်းစေမယ်။
• မူးယစ်ဆေးဝါး သုံးစွဲတာပါ ၆ဝ% နည်းစေတယ်။ ခြုံလိုက်ရင် အရက်ခွန် နှစ်ဆ တိုးလိုက်ရင် အရက်နဲ့ ဆက်နွယ် သေဆုံးမှုကို ၂၄% လျော့နည်းစေမယ်။

ဒဿနိကပညာရှင်နဲ့ နိုင်ငံရေးဘောဂဗေဒ ဘိုးအေဖြစ်သူ Adam Smith ကလဲ ကျန်းမာရေး ဒေါင့်ကနေ ကြည့်တာကို ထောက်ခံပါတယ်။ The Wealth of Nations ထဲမှာ ရေးသွားခဲ့တာက ကျန်းမာရေး၊ ဘဏ္ဍာရေး၊ နီတိအရ နဲ့ ငွေကြေးဆိုင်ရာ ဘက်တွေကနေ ငြင်းဆိုမှုတိုင်းဟာ ပကတိအခြေအနေတွေနဲ့ ထင်ဟပ်ရတယ်။

အရက်ဈေးတင်ပေးရင် ကျန်းမာရေးအတွက်ကောင်းစေမယ်ဆိုတာ သိပ္ပံကနေပြောတာဖြစ်တယ်။ ဖီလော်ဆော်ဖီလို ငြင်းချက်ထုတ်ချင်လဲထုတ်ပေါ့။ ဆေးသိပ္ပံလိုတော့ လာမငြင်းပါနဲ့။

Dr. တင့်ဆွေ
၁၉-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး