My Shan friends ရှမ်းမိတ်ဆွေတွေ

မိတ်ဆွေတယောက်ကနေ သူ့ရှမ်းမိတ်ဆွေတွေနဲ့ အတူစားသောက်ကြတာကိုတင်လို့ အမှတ်ရလာတယ်။

ကျွန်တော် ရောက်ချင်လှပေမယ့် ရှမ်းပြည်ဖက်ကို မရောက်ဖူးသေးပါ။ မန္တလေးဆေးကျောင်းမှာ ရှမ်းသူငယ်ချင်းတွေ ရှိတယ်။ တယောက် အတန်းကြီးတယ်။ သူက စောင်းတီးတာ အင်မတန် တော်တယ်။ ကျွန်တော်နဲ့ရုပ်ချင်းဆင်တယ်လို့ ပြောကြတယ်။ သူ့ရည်းစားဓါတ်ပုံကို ကျွန်တော်က ပုံတူပန်းချီဆွဲပေးဘူးတယ်။

နောက်တယောက် စိုင်းခမ်းလိတ်။ သူက တတန်းငယ်တယ်။ စိုင်းလိတ်လို့ပဲ ခေါ်ကြတယ်။ သူကပဌမနှစ်ဂျူနီယာ၊ ကျွန်တော်က ပဌမနှစ်စီနီယာရောက်မှ အဆောင်နေတော့ ကုတင်ချင်းကပ်လျက်နေခဲ့ရတယ်။ အဲတုံးက စိုင်းလိတ်က ရှမ်းဘောင်းဘီနဲ့ ပုလွေတချောင်းနဲ့၊ ဂီတာခပ်အိုအိုတလက်နဲ့။ သူစပ်တဲ့ ဒို-ရေ-မီ-ဖါ သီချင်းစာရွက်ကို သူ့ကုတင်ပေါ် ချထားရင် နားမလည်တဲ့ကျွန်တော်က ကောက်ယူတော့ကြည့်မိသေးတယ်။ စိုင်းလိတ် နည်းနည်းနေမကောင်းဘူးကြားလို့ ဆုတောင်းပေးနေပါတယ်။

နိုင်ငံရေးထဲရောက်တော့ ထိုင်းဖက်ကို အစည်းအဝေးတက်ဘို့သွားရင် ဆုံရသိရတဲ့ မိတ်ဆွေကြီး ခွန်ကြာနု ကိုလည်း သတိရတယ်။ သူက ပျော်ပျော်နေတတ်တယ်။ အစည်းအဝေးနားချိန်မှာ ရီစရာတွေလာပြောတယ်။ အစည်းအဝေးအပြီး ညနေခင်းမှာ ငါးမျှားတယ်။ ကွယ်လွန်သွားပြီ။

နောက်တယောက်က ကနေဒါမှာနေတဲ့ ယူချင်းသိုက်။ သူက မြန်မာနိုင်ငံ ပဌမဆုံးသမတကြီး စဝ်ရွှေသိုက်ရဲ့ သားအကြီးဆုံး။ ၁၉၆၂ ဗိုလ်နေဝင်းအာဏာသိမ်းတော့ သူ့ညီတယောက်သေရတယ်။ ယူဂျင်းက အင်မတန်ခင်မင်စရာ ကောင်းတယ်။ ဘယ်အစည်းအဝေးတက်တက် ဂျင်းဘောင်းဘီနဲ့ ဘက်ပက်နဲ့လာတယ်။ ကျွန်တော်နဲ့တူတာက ဥရောပမှာလုပ်တဲ့ အစည်းအဝေးတွေကိုလာရင် ငရုပ်သီးပုလင်းလေးတွေ ကိုယ်စီယူလာကြတယ်။ သူလည်းဆုံးသွားပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ