Nationalization ပြည်သူပိုင်သိမ်းခြင်း

၂-၃-၁၉၆၂ မှာအာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီကနေ ၁-၆-၁၉၆၃ မှာ The Enterprise Nationalization Law စီးပွါးရေးလုပ်ငန်းများနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ထုတ်တယ်။ စက်ရုံတွေ၊ ဘဏ်တွေ၊ သတ္တုတွင်းတွေ၊ သစ်နဲ့ ရာဘာလုပ်ငန်းတွေ အကုန်ကို ပြည်သူပိုင်သိမ်းလိုက်တယ်။ ပုဂ္ဂလိကလုပ်ငန်း စုစုပေါင်း ၁၅ဝဝဝ ဝန်းကျင်ရှိတယ်။ ပုဂ္ဂလိကလုပ်ငန်းအသစ်တွေ လုပ်ခွင့်လည်းပိတ်လိုက်ပါတယ်။

အဲဒီအရင်က မြန်မာနိုင်ငံသားမဟုတ်သူတွေက စီးပွါးရေးလုပ်ငန်းတွေမှာ ပိုင်ဆိုင်ခြယ်လှယ်နေခဲ့တာက အချိုးအစားမမျှပါ။ ဓါတ်ဆီထုတ်လုပ်ရောင်းချရေးမှာ ဗြိတိသျှနဲ့ အမေရိကန်တွေကအုပ်စီးထားခဲ့တာဖြစ်တယ်။ ဥပမာ General Exploration Company နဲ့ East Asiatic Burma Oil ကုမ္ပဏီတွေဖြစ်ကြတယ်။ အစိုးရပိုင် Burma Oil Company (ဘီအိုစီ) ကနေ တာဝန်ယူလိုက်တယ်။

၁၉၆၃ သြဂုတ်လမှာတော့ အခြေခံစက်မှုလုပ်ငန်းတွေကို ဆက်ပြီးပြည်သူပိုင်သိမ်းတယ်။ စတိုးဆိုင်တွေလည်း ပါသွားတယ်။ အဲတာတွေကို အိန္ဒိယနိုင်ငံသားတွေနဲ့ တရုပ်လူမျိုးတွေက အများဆုံးပိုင်ထားခဲ့တာဖြစ်တယ်။ တဆက်တည်းမှာ နိုင်ငံခြားသားတွေကို နေရပ်ပြန်စေတယ်။ အိန္ဒိယနိုင်ငံသားပေါင်း တသိန်းလောက် ပြန်ပို့ခဲ့တယ်။ သတင်းစာထဲမှာ တပါတ်ကို အိန္ဒိယလူမျိုး ၂၅ဝဝ သင်္ဘောကြီးတွေနဲ့ အိန္ဒိယပြန်နေကြတာကို ဖတ်ရတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ စီးပွါးရေးလုပ်တယ်။ ပြည်ပပို့ကုန်သွင်းကုန်တွေကို ကန့်သတ်ပိတ်ပင်လိုက်တယ်။ အရာရာရှားပါလာပြီး မှောင်ခိုလုပ်ငန်းဆိုတာ မြန်မာ့သမိုင်းမှာပေါ်လာပါတော့တယ်။ နိုင်ငံခြားအရံငွေက နည်းနည်းလာတယ်။ ငွေကြေးဖေါင်းပွမှုက တိုးတိုးလာတယ်။ ဆန်တင်ပို့ရမှုက ကျကျလာတယ်။ ၁၉၆၁ တုံးက ဆန်တန်ချိန် ၁၈၄ဝဝဝဝ ကနေ ၁၉၆၇-၆၈ မှာ ၃၅ဝဝဝဝ သာတင်ပို့နိုင်တယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ ၅ နှစ်စီမံကိန်း၊ အနှစ်နှစ်ဆယ်စီမံကန်းတွေချပြီးလုပ်တယ်။ စီးပွါးရေးက သတင်းစာနဲ့ ရေဒီယိုမှာ စီမံကိန်းအားလုံး အောင်မြင်တိုးတက်နေတယ်လို့ပါပေမယ့် ၁၉၈၇ မှာ LDC ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်လာတယ်။ နိုင်ငံခြားအကြွေး ဒေါ်လာ ၄့၉ ဘီလီယန်တင်နေတယ်။ အဲဒီနောက်မှာ ရှစ်လေးလုံးအရေးအခင်းကြီးကနေ (မဆလ) အစိုးရကို အပြီးအပိုင်ဖြုတ်ချလိုက်တယ်။

၁၈-၉-၁၉၈၈ မှာစစ်တပ်ကနေ အာဏာသိမ်းပြန်တယ်။ စီးပွါးရေးလုပ်ငန်းအကြီးစားတွေကို စစ်တပ်ပိုင်နဲ့ ခရိုနီပိုင် လုပ်လိုက်ပါတော့တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကနေ နောက်ထပ်အပြီးအပိုင်ဖြုတ်ချနိုင်ဘို့ တံခါးကြီးကို ဖွင့်ပေးလိုက်ပါပြီ။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး