မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, January 26, 2017

Australia Day သြစတေးလျနေ့

ဇန္နဝါရီလ (၂၆) ရက်ဟာ သြစတေးလျနေ့ဖြစ်ပါတယ်။ ကက်ပတိန် (အာသာ ဖိလစ်) သြတေးလျတိုက်ကို ပဌမဆုံး ရောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ အသစ်ရောက်လာကြသူတွေ နိုင်ငံသားအဖြစ်ရရှိကြတယ်။ အစိုးရနေ ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်တယ်။

သြတေးလျဟာ ဗြိတိသျှကိုလိုနီဘဝကနေစခဲ့တာဖြစ်တယ်။ အစပိုင်းကာလမှာ အကျဉ်းသားတွေကိုပဲ သြတေးလျကို ပို့ပေးတယ်။ ၁၇၈၆ အောက်တိုဘာမှာ (အာသာ ဖိလစ်) နဲ့အတူ သင်္ဘော ၁၁ စင်းပေါ်မှာ လူပေါင်း ၁၅ဝဝ ပါလာခဲ့တယ်။ သူတို့ကို စိုက်ပျိုးရေးလုပ်စေတယ်။ ရောက်ဘို့ (၈) လကြာခဲ့တယ်။ ရက်စွဲကတော့ ၂၆-၁-၁၇၈၈ နေ့ ဖြစ်တယ်။ Australia အမည်ကို ကက်ပတိန် (မက်သယူး ဖလင်ဒါးစ်) ကနေပေးတယ်။

ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်သူတွေ ခိုလှုံနေတဲ့နိုင်ငံကနေ တခြားတိုင်းပြည်တွေကို ခရီးတွေထွက်ကြရတယ်။ ပတ်စ်ပို့တွေကို ရတာရှာသုံးကြရတယ်။ အတုတွေသာဖြစ်လို့ လုံခြုံမှုမရှိပါ။ စစ်အစိုးရရဲ့ နှောင့်ယှက်မှုက အစဉ်တစိုက် ရှိတယ်။ အာစီယန်အုပ်စုထဲကဆိုရင် မြန်မာစစ်အစိုးရက ဖိအားပေးတာကို အတိုင်းအတာတခုထိ လိုက်နာကြတာ များတယ်။ ဖမ်းဆီးခံရတာတွေလည်းရှိတယ်။

အဲတာနဲ့ NCGUB စင်ပြိုင်အစိုးရအနေနဲ့ အဖွဲ့ဝင်တွေအတွက် စိုးရိမ်လာတယ်။ သြစတေးလျအစိုးရကို မေတ္တာရပ်ခံပြီး သဘောတူညီချက်ရတာနဲ့ ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အမတ်တွေနဲ့ ရုံးမှာတာဝန်ထမ်းနေသူတွေ အားလုံးကို သြစတေးလျကိုပို့ပေးပါတယ်။ သြစတေးလျရောက်ကြသူတွေ ခရီးသွားလက်မှတ်ရတာနဲ့ ထိုင်းကိုပြန်လာပြီး တာဝန်ဆက်ယူကြတယ်။ တချို့လည်း ဟိုမှာသာနေကြတော့တယ်။ အိန္ဒိယမှာနေတဲ့ ကျွန်တော့်ရုံးကတော့ လုံခြုံရေးအရ စိုးရိမ်စရာမရှိလို့ ဒီအစီအစဉ်မှာမပါဘူး။

မြန်မာပြည်ကနေ နိုင်ငံတွေအတော်မျာများကို ရောက်နေသူတွေ များသထက် များလာနေတယ်။ အများစုကတော့ အစီအစဉ်ရှိရှိတဲ့လာနေကြသူတွေဖြစ်တယ်။ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေကို ကြားခံတယ်။ ဂူအမ်ကျွန်းလိုကနေတဆင့် ခိုးဝင်တဲ့နည်းလည်းလုပ်ကြတယ်။

အမေရိကကိုတော့ ပညာသင်ဆုနဲ့လာသူတွေက ရေတွက်လို့တောင်ရတယ်။ ဗီဇာမဲပေါက်လို့ရောက်ကြသူတွေရှိတယ်။ နိုင်ငံရေးသက်သက်ကြောင့် လာနေသူအရေအတွက်က အတော်ကိုနည်းတယ်။ ဒီအမျိုးအစားသုံးခုကြောင့် အမေရိကကို ရောက်နေသူတွေနဲ့ တခြားအကြောင်းတွေနဲ့ လာနေကြသူတွေကြားမှာ အလွန်ထူးခြားတဲ့ ခြားနားချက်တခုရှိတယ်။ (အိုင်ဒီ) အစစ်နဲ့ အတုဖြစ်ပါတယ်။

အခု အတော်ကိုများများဟာ (အိုင်ဒီ) အတုတွေရလာကြတယ်။ UNHCR ဘောင်ဝင်အောင် ပြောင်းတာလိမ်တာတွေ လုပ်ကြရတယ်။ တိုင်းရင်းသာတခုခုဖြစ်မှ သွားခွင့်ပေးတယ်။ ကိုးကွယ်ရာဘာသာကိုလည်း ကြည့်တဲ့အခါကြည့်တယ်။ (ဗ) က အသုံးမကျဘူး။ ဗမာနဲ့ ဗုဒ္ဓဘာသာ။ မွေးသက္ကရာဇ်ကို မှတ်ထားလို့လွယ်တာကိုသာ လုပ်ထားကြတယ်။

ကျွန်တော်တို့မှာတော့ ပြည်ပရောက်ကတည်းက နှစ်ပေါင်း ၂ဝ ကျော် (အိုင်ဒီ) အတုတွေနဲ့နေခဲ့ရာက သြစတေးလျနဲ့ အမေရိကကိုရောက်မှသာ (အိုင်ဒီ) အစစ်တွေကိုရလာကြတာပါ။ ကျွန်တော် အမေရိကရောက်လို့ရတဲ့ အကျိုးတရားဟာ အမေအဖေပေးထားတဲ့ နာမည်ရင်းကို တရားဝင်ပြောင်ပြောင်တင်းတင်း စသုံးနိုင်လာတာဖြစ်ပါတယ်။ အိန္ဒိယမှာ ဘယ်လောက်ကြာခဲ့သလည်းမေးလို့ ဖြေရင် မယုံကြဘူး။ ကျွန်တော့်မှာ ကိုယ့်နာမည်ကိုယ်ပြန်ရဘို့ရာ ၂၄ နှစ်တိတိ ကြာခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၆
၂၆-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.