NLD စည်းရုံးရေး (သို့) မေ့ကုန်ကြသူများ

နှစ်လည်ပို့စ်အဖြစ်ပြန်ပေါ်လာလို့ တင်ပါတယ်။ ဆောရီး။

NLD ထဲကလူတွေ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတာထက် မျက်နှာသာရဘို့ ကပ်နေကြသူတွေရှိတယ်လို့ ဝေဖန်ကြပါတယ်။ ကျွန်တော်ကတော့ အပြစ်တင်မစောပါ။ ဝေဖန်တာကိုလည်း မငြင်းသာပါ။ (မဆလ) တုန်းကလည်း ဦးနေဝင်းကို အဲလိုကပ်ဖါးယပ်ဖါးတွေရှိတာပါပဲ။ ပါတီတွင်းပုန်ကန်မှုတောင်ရှိခဲ့တယ်။

NLD ပါတီညီလာခံတုန်းကလည်း ပါတီနေရာအတွက် လုံးပမ်းကြတယ်။ ပြဿနာလည်းရှိခဲ့တယ်။ ဒေါ်စု လွတ်လာပြီး မှာတော့ အခင်းအကျင်းတမျိုးဖြစ်လာတယ်။ လူဟောင်းတချို့ မြင်ကွင်းကပျောက်သွားတယ်။ ပြည်ပမှာ နေသူတွေဟာ အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ဆန္ဒပြရတိုင်း၊ ဟောပြောရတိုင်း၊ ရေးသားရတိုင်း၊ လော်ဘီလုပ်ရတိုင်းမှာ ဒေါ်စုနာမည်မပါတဲ့အခါ မရှိပါ။ ဒါပေမဲ့ ဒေါ်စုလွတ်လာတော့ ဒေါ်စုကနေ ပြည်ပမှာနေရသူတွေကို တခွန်းတပါဒမှ ချီးမွန်းစကားမပြောဘူးလို့ ထောက်ပြကြတယ်။ အဲတာကို ကျွန်တော်က ကိုယ်စားပြုပြီး မဖြေနိုင်ပါ။

ဒေါ်စု ဒေလီကိုလာတုန်းက ကချင်တွေက မကျေနပ်ဘူးဆိုတဲ့အကြောင်းကို သူ့ကစပြောပြီး၊ သဘောမတူတာရှိရင် ဆွေးနွေးသင့်တယ်၊ လာစေချင်တယ်လို့ ကျွန်တော့်လက်ကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ပြီးပြောပါတယ်။ ဒေါ်စုကို ကျွန်တော် ဘယ်သူပါဗျာလို့ မပြောလိုက်ပါ။ ဒေါ်စုကလည်း ကျွန်တော့်ကို မသိလောက်ပါ။ သူ့မှာ ဒိထက်အရေးကြီးတာတွေရှိတယ်။ သူမှာတာကို အဆင်သင့်တိုင်း ပြောပေး ရေးပေးပါတယ်။

ဒေါ်စုနဲ့လူထုနဲ့တွေ့တဲ့ပွဲမှာတော့ အစပျိုးတာနဲ့ အခြေခံပြင်ဆင်မှုတွေသာလုပ်ပေး၊ အိန္ဒိယအစိုးရပိုင်းနဲ့ ဆွေးနွေးတာတွေ လုပ်ပြီး၊ နောက်ပိုင်းအစီအစဉ်တွေမှာ နောက်ကသာနေရမယ်လို့ နိုင်ငံရေးအသိနဲ့ ဆုံးဖြတ်ပါတယ်။ အဲဒီပွဲမှာ ထိုင်စရာနေရာကို ချင်းအမျိုးသားတဦးက ဖယ်ပေးလို့သာ ထိုင်ရပါတယ်။ နိုင်ငံရေးစင်မြင့်ဆိုတာ အဲလိုပဲ။

ဒီလိုအချိန်မျိုးမှာ ဒေါ်စုကို ချစ်ကြသူတွေပိုများတာ သဘာဝပါ။ ဝမ်းသာခဲ့ပါတယ်။ အခုတော့ သူတို့ကလည်း မေ့ကုန်ကြပြီထင်ပါတယ်။ ထိပ်ဆုံးတန်းထိုင်ခဲ့သူ တချို့ဆို ဒေါ်စုမကောင်းကြောင်းတွေ ဖေ့စ်ဘွတ်မှာရေးနေတယ်။ နိုင်ငံရေးစင်မြင့်ဆိုတာ အဲလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၈
၂၈-၁-၂ဝ၂၀
Photo: 16-11-2012 Daw Aung San Suu Kyi visited the Prospect Burma School in New Delhi

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး