နွေထနောင်း ဆောင်းမန်ကျည်း

ဆရာခင်ဗျ Facebook ပေါ်က မြန်မာစာ Group တခုမှာ အငြင်းပွားနေတာလေးတခု တွေ့လို့ပါဗျ။ နွေထနောင်း ဆောင်းမန်ကျည်းကို။ ကျွန်တော်တို့ အညာမှာတော့ နွေဆိုရင် ထနောင်းရိပ်ကအေးတယ်၊ ဆောင်းရောက်ရင် မန်ကျည်းရိပ်က နွေးတယ်လို့ပဲ အစဉ်အဆက်ကြားခဲ့ရပါတယ်။ ခု ဆရာကြီးတယောက်က မြန်မာစာအဖွဲ့က ထုတ်ထားတဲ့စာအုပ်ထဲမှာ နွေမှာ ထနောင်းရိပ်ကအေးတယ်။ ဆောင်းမှာလည်း မန်ကျည်းရိပ်ကအေးတယ်လို့ဆိုပြီး စာအုပ်နဲ့တကွ ထောက်ပြပါတယ်။ ဆရာ့အမြင်လေး ပြောပေးပါဗျ။

နွေထနောင်း ဆောင်းမန်ကျည်းဆိုတာ အစဉ်အလာဆိုစကားဖြစ်တယ်။ အညာဒေသကလူတွေက ပိုသိကြတယ်။ အသစ်ပင်ရိပ်တိုင်းက အေးစေတယ်။ သစ်ရွက်အစိမ်းရောင် (ကလိုရိုဖီးလ်) တွေက နေရောင်ကိုစုပ်ယူပြီး အင်နာဂျီ ချက်ကြတယ်။ အပူဓါတ်ကို စုပ်ယူပေးလို့ အေးစေတာဖြစ်တယ်။

ထနောင်းနဲ့ ကုက္ကိုပင်တွေကို ထီးနဲ့တူတဲ့အပင်တွေလို့ ခေါ်တယ်။ အရိပ်ခိုကြရတယ်။

မန်ကျည်းပင်ရဲ့ထူးခြားမှုက အရွက်စိပ်တယ်၊ များတယ်။ ဆောင်းရာသီမှာလည်း အရိပ်ခိုတယ်လို့မဟုတ်ပေမဲ့ မန်ကျည်းပင်အောက်မှာ နွေးတယ်လို့ ခံစားရတယ်။ အပူဓါတ်ကိုစုပ်ယူထားတဲ့ အရွက်များလို့လား မသိပါ။ ရုက္ခဗေဒစာထဲ မတွေ့သေး။ လက်တွေ့ကတော့ မှန်တယ်လို့ထင်တယ်။ သိပ္ပံလို အတည်ပြုချက်ရှိရှိ မရှိရှိ၊ အစဉ်အလာဆိုစကားကတော့ နွေထနောင်း ဆောင်းမန်ကျည်း။

တချို့ဆိုစကားတွေ၊ စကားပုံတွေကို ကိုယ့်အထင်နဲ့ အဓိပ္ပါယ်ဖွင့်ကြတာ တချို့က မှားနေတာ မကြာမကြာတွေ့ရတယ်။

တမြန်နှစ်က နွေရာသီ အလည်ပြန်တော့ ထနောင်းပင်တန်းတွေမှာတော့ ကားနဲ့သာသွားရပြီး၊ မုံရွာနဲ့ ညောင်ကန်မှာ မန်ကျည်းပင်တွေအောက် ထိုင်ခဲ့တယ်။ နွေမန်ကျည်းလို့ ရယ်စရာသဘောသာ ရေးပါတယ်။ ဆိုစကားကို ပြောင်းပြန်မလုပ်ပါ။ ပုံထဲကလူရော သစ်ပင်တွေပါ နှစ်နှစ်ပိုအိုကြပြီ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး