လူမျိုးတရုပ်
တရုတ်ပြည်တွင် သမုတ်သည်လျှင်၊ မဟုတ်ရည်ရွှင် အစချီသော ရတုကိုလည်း ထောင်သင်းဆိုခဲ့။ တသီးဦးထုပ်၊ တရုပ်မြင်းကဟူ၍ မြစ်ရတုလျှင် ချီသည့်ရတုတွင် စပ်သည်။ ထိုရတုကိုလည်း ထောင်သင်းဆိုခဲ့။ စာဆိုမပြား၊ သဘောမခြားသင့်လျက် တသတ် ပသတ် စပ်ခဲ့သည်။
ပင်လယ်ဝဲဝုတ်၊ မြစ်သမုတ်သို့၊ တရုတ်ဥတည် ဟူ၍၎င်း၊ ရွှေဆိုင်ငေံဆုပ်၊ တရုပ်ရေတူ ဟူ၍၎င်း၊ ယိုးဒယားမိဖုရား ဧချင်းတွင်ချည်း တသတ်၊ ပသတ် နှစ်ရပ်ရှိခဲ့။ ဤလည်း စာတစောင်မပြား၊ သဘောမခြားပင် ထင်ခဲ့၏။
ထို့ကြောင့် မည်သည်မှာသာ သင့် မသင့် မဆိုကောင်းပြီ။စပ်အင်များရာ ရေးထုံးထင်ရာ သုံးဆောင်သင့်တော့သည်။ (ဧရာဝတီမူ) ဟု ဆိုခဲ့သည်။
ထိုအဆိုအမိန့်တွင် ဆရာတော်သည် တရုပ်ဝေါဟာရ၌ တသတ်လည်းရှိပုံ၊ ပသတ်လည်းရှိပုံတို့ကို ရှေးဦးစွာ တင်ပြသည်။ ထို့နောက် စာဆိုတဦးတည်း၏ စာများ၌ပင် တခါတရံ တသတ်၍ တခါတရံ ပသတ်သည်ကို တွေ့ရကြောင်း သာဓကတင်ပြသည်။ ရှေးဦးစွာ အဆိုပြု၍ ထိုအဆိုကို ခိုင်အောင်ပြုခြင်း ဖြစ်သည်။ ထို့နောက် စပ်အင်များရာ ဖြစ်သင့်သည်ဟု လောကဝတ်ကို ထောက်၍ ဆိုခဲ့သည်။
ဤသို့ဖြင့် ဒုတိယကျော်အောင်စံထားဆရာတော်သည် မြန်မာ့အမွေအနှစ် တခုဟုဆိုအပ်သော ဝါ မြန်မာမှုဟု ဆိုအပ်သော မြန်မာဘာသာစကားတို့၏ သဘာဝဆိုင်ရာ စည်းတို့ကို၎င်း၊ မြန်မာအနက်ကို၎င်း၊ ခြေငံသောအရေးအသားဖြင့် တခဲနက် တင်ပြခဲ့သည်ဖြစ်ရာ၊ ထိုအခါမျိုးကိုလည်း ထိုခေတ်တွင် စာပေသစ်ဟူ၍ပင် ခေါ်ထိုက်သည်ဟု ယူဆပါသည်။
အဲတာက ဆရာဇော်ဂျီရဲ့ ရသစာပေနိဒါန်းထဲမှာ ရှေးကမြန်မာစာပေသစ် (၅) ထဲမှာ ရေးထားတာဖြစ်ပါတယ်။ ရှေးက မြန်မာစာပေသစ်ဂိုဏ်းမှာ လေးဦးပါဝင်တယ်လို့ဆိုပါတယ်။ ဝန်ကြီးပဒေသရာဇာ၊ ဦးကုလား၊ ရှင်ဥက္ကံသမာလာနဲ့ ဒုတိယ ကျော်အောင်စံထားဆရာတော်တို့ ဖြစ်ကြတယ်လို့ တင်ပြထားတယ်။
မြန်မာစာဝေါဟာရတွေမှာ လေးနက်တဲ့နောက်ခံတွေရှိကြတယ်။ တတ်သိနားလည်တဲ့ပညာရှင်တွေက အလေးအနက် ဆွေးနွေး တင်ပြထားကြတယ်။ မြန်မာစာမှာ တချို့စာလုံးတွေမှာ မူကွဲရှိတယ်။ အမိန်နဲ့ ဒါသာရေးစေဆိုတာ ပညာမဟုတ် မလုပ်သင့်ပါ။ ဒီထဲမှာပါလို့ ဒီစာလုံးသာမှန်တယ်ထင်တာ မှားတယ်။
တရုတ်မှန်တယ်။ တရုပ်ကြိုက်တယ်လို့ လာမရေးကြစေလိုပါ။ ဆရာဇော်ဂျီရဲ့ သတ်ပုံကိုပါ လေ့လာကြစေလိုပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၁၀-၂၀၁၉
၂၄-၁-၂၀၂၀
Comments
Post a Comment