Pandemic ကပ်ရောဂါ

ကပ်ရောဂါ အမျိုးမျိုးရှိတယ်။ ရောဂါအမည်အမျိုးမျိုးနဲ့ ကပ်အဆင့် အမျိုးမျိုး။ Endemic နေရာတခုမှာသာ ကွက်ဖြစ်တာ၊ Epidemic တိုင်းပြည်တခုထဲမှာ နေရာအများအပြားဖြစ်တယ်။ Pandemic ဟိုနိုင်ငံသည်နိုင်ငံတွေထိ ပြန့်တာ။

ကျွန်တော်ငယ်ငယ်က ကျောက်ကြီးရောဂါကို အဖျားပိုင်း မီလိုက်တယ်။ ဇောတိ မင်းရွာမှာ ကျောက်ဆေးထိုးဆရာတွေ မရောက်နိုင်သေးချိန်။ လူကြီးတယောက်က ရှောက်ပင်က ရှောက်ဆူးကို ဆေးထိုးအပ်လိုသုံးပြီး ကျောက်ပေါက်နာက အရည်နဲ့ ဆေးထိုးပေးတယ်။ ၁၉၅၀ ကျော်စလောက်က။

တိုက်နယ်ဆရာဝန်ဘဝမှာ ပလိပ်ရောဂါနဲ့ ကြုံရတယ်။ တအိမ်ကို ကြွက်ဆယ်ကောင်စီ ရှင်းစေခိုင်းတယ်။ ကြွက်မြီးတွေ ရေတွက်ရ၊ စာရင်းမှတ်ရတယ်။ မပို့သူတွေကို ဒဏ်ရိုက်တယ်။ ငရဲကြီးတတ်တာကို စာတွေ့သိတယ်။ ၁၉၇၀ ကျော်လောက်က။ နှစ်ကြိမ် လုပ်ခဲ့ရတယ်။ ကန်တော့။

မြို့နယ်ဆရာဝန်ဖြစ်တော့ ကာလဝမ်းရောဂါနဲ့ ကြုံရတယ်။ လူနာကုတင်တွေမလောက်။ ဆေးရုံကြမ်းပြင်မှာ ဖျာတွေနဲ့ ထားရတယ်။ အားနာစရာကောင်းမှန်း သိပါတယ်။ လူနာတွေ လက်တွေရော ခြေထောက်တွေမှာပါ ဆေးသွင်းအပ်တွေနဲ့ ထိုးပေးရတယ်။ တချို့ဆို အတော်ကို ခက်တာ။ နာမယ်။ မတတ်နိုင်။ ၁၉၈၀ ကျော်လောက်က။ ဆောရီး။

ကူးစက်ရောဂါဖြစ်တိုင်း မျက်နှာမလိုက်ရပါ။ လူမရွေးရပါ။ အားမနာရပါ။ ဘာအရေး ညာအရေးတွေ ဘေးချိတ်ထားရတယ်။

ဝူဟန်မြို့ရောက် မြန်မာပြည်ကကျောင်းသူကျောင်းသားတွေသတင်း ပြောနေကြတာ အမျိုးမျိုး။ စောစောက တကြိမ် ရေးတင်ထားတယ်။ ဝူဟန်မြို့ကို အသွားအလာပိတ်ထားတယ်။ မောင်ဖြူလည်း မရ။ မနီလည်း မရ။ သူ့တော့ရစေဆိုရင် တရုပ်အာဏာပိုင်တွေ ညံ့လို့။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ