ရေစုံမျောနေသော လှေ

သတ်ပုံစာလေးတွေရေးတဲ့အခါ မြန်မာစာကခက်တယ် စသဖြင့် တချို့က ရေးကြတယ်။ တကယ်တော့ သင်္ချာ၊ ပထဝီ၊ သမိုင်းကအစ ဘယ်သာသာရပ်မဆို မသိရင်၊ မသင်ရင်၊ မလေ့လာရင် ခက်တယ်။ မတတ်ပါ။

မြန်မာစာက မိခင်စကား သို့မဟုတ် တရားဝင်ရေးသား ပြောဆိုတဲ့စကားဖြစ်တော့ ခပ်ပေါ့ပေါ့ သဘောထားကြတယ်။

နောက်တချက်က ပိုအရေးကြီးတယ်။ ကျွန်တော်တို့လူမျိုးက ဘယ်အရာမဆို ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့၊ ပြီးစလွယ် လုပ်တတ်ကြ၊ ပြောတတ်ကြတယ်။ အဲတာ မဟာအမှားဖြစ်တယ်။

တိုးတက်တဲ့တိုင်းပြည်တွေမှာ မြက်ရိတ်၊ အမှိုက်သိမ်းတာကအစ စည်းစနစ်နဲ့ တိတိကျကျလိုက်နာကြရတယ်။ စက်ဘီးစီး၊ ကားမောင်းတာကိုလည်း စည်းကမ်းအတိုင်း အတိအကျ လိုက်နာကြရတယ်။

မြန်မာစာမှာ တိကျတဲ့စည်းကမ်းတွေရှိတယ်။ မူကွဲတချို့လည်းရှိတယ်။ အိပ် နဲ့ အိတ် လွဲမရ။ ထုတ် နဲ့ ထုပ် မှားရေးမရ။

မြန်မာစာကို စသင်ကတည်းက သတ်ပုံနဲ့ သဒ္ဒါကိုလိုက်နာခဲ့ရင် မခက်ပါ။ မခက်သင့်ပဲ ပိုခက်နေရတဲ့ တတိယ အကြောင်းခံကတော့ မြင်မြင်သမျှ ဖတ်ရသမျှတွေက အလွဲတွေ အမှားတွေကြောင့်ဖြစ်ပါတယ်။

ဘာကိုမဆို အခြေခံကအစ စည်းစံ၊ စနစ်ကျကြရင် တိုင်းပြည်ပါ တိုးတက်လာပါမယ်။ သင်ပေးသူတွေ ရေးသာသူတွေက မှန်မှသာ မြန်မာစာမှန်လာတယ်။ ဦးစီးဦးဆောင်သူတွေက မှန်ရာကို လုပ်နိုင်ခွင့် ရှိမှသာ တိုင်းပြည်ပါ မှန်လာ တိုးတက်လာမယ်။

နိုင်ငံတော်မူကအစ ပြင်ရမယ်။ စာရေးဆရာတွေ ကဗျာဆရာတွေ မီဒီယာတွေကလည်း ပြင်ရမယ်။ သတ်ပုံပြင် ပြန်ထုတ် စာအုပ်တွေကို အရေးယူသင့်တယ်။ သတ်ပုံပြင်ဒေါင်းလုဒ်စာအုပ်တွေကို ဖြုတ်ပစ်ပြီး၊ အမှန်အတိုင်း ပြန်ရေး တင်သင့်တယ်။

မြန်မာပြည်မှာ မွေးလာ ကြီးလာသူတွေ သူများတိုင်းပြည်တွေရောက်တော့ အစမှာသာခက်ကြတယ်။ တခဏအတွင်း စည်းစနစ်တကျ သွားလာ နေထိုင် လုပ်ကိုင်နိုင်ကြတယ်။ လူမျိုးက ညံ့တာမဟုတ်။

မြန်မာစာနဲ့ တိုင်းပြည်ကို ရေစုံမျောစေချင်ရင်တော့ ဒီစာကို ဘလော့လိုက်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ