ဗိုလ်အောင်ကျော်သို့

မြင်းစီးပုလိပ်
ဦးထိပ်ရိုက်ခွဲ၊ ပုံ၍လဲသည်
သွေးရဲသံရဲလူတယောက်။

လူသာလဲလည်း
မလှဲအလံ၊ လေမှာပျံလျက်
အောင်လံ ဒေါင်းလံ
ခွပ်ဒေါင်းလံ။

လူသာလဲလည်း
မစဲအသံ၊ မိုးမှာညံလျက်
အောင်သံ ဒေါင်းလံ
ဟစ်ကြွေးသံ။
အတွင်းဝန်ရုံးပဲ့တင်ချုန်းစဉ်
အတုံးအရုံး၊ ကျဆုံးသူကျ
မ,သူ မ,နှင့်၊မလှမပ
ဒဏ်ရာရကြ။

မွမွထောင်းထောင်း
သူ့ဦးခေါင်းလျင်
ဖြောင်းဖြောင်းကွဲအက်
သွေးစိုပွက်လည်း
မျက်ရည်မစီး
လက်သီးကျစ်ကျစ်
ထစ်ထစ်အံကြိတ်
အနိုင်စိတ်တည့်
မတိတ်နိုင်သော
သွေးစက်များ။

အောင်ကျော်သေသော်
မြေငလျင်ကြီး
သိမ့်သိမ့်ဟည်း၍
ဝမ်းနည်းစကား
ဆိုသတည်း။

ဤမြေ ကမ္ဘာ
သွက်သွက်ခါသော
မဟာနိမိတ်
အောင်ကျော်စိတ်ကြောင့်
ဖုတ်ပြိတ္တာကောင်
သူ့နန်းဆောင်လည်း
ဖြောင်ဖြောင်ဖြုန်းဖြုန်း
လဲပြိုဆုံးသည်
ဟုန်းဟုန်းမီးတောက်ခဲ့လေပြီ။

သွေးတုံ့သွေးပြန်
သွေးတော်လှန်သည်
သွေးမှန်တစက်ကျခဲ့၍။

လူ့သွေးတစက်
အမှန်ထွက်ကြောင့်
မြေသက်ခဲ့လျင်
ထိုသွေးစင်သည်
အစဉ်လက်တုံ့ပြန်မြဲတည်း။

ဒီဇင်ဘာလ
ဆီးနှင်းကျစဉ်
လွလွပြန့်ကြဲ
နှင်းဆုပ်ထဲမှ
သွေးရဲတစက်
ကျောက်နီလက်သို့
ပြက်ကနဲလျင်
ကျွန်ုပ်မြင်သည်
လုလင်ကိုယ်ထင်ပြချေပြီ။ (တင်မိုး)

၁၃၀၀ပြည့် အရေးတော်ပုံ မန္တလေး အာဇာနည် ၁၇ ဦး ၇၅ နှစ်မြောက် အထိမ်းအမှတ်မဂ္ဂဇင်းမှ

ကဗျာကို သတ်ပုံ မူရင်းအတိုင်း တင်ပေးသူ ကျေးဇူး။ ယခုသော်ကား မြန်မာစာသတ်ပုံကို ဗမာမြင်းစီးပုလိပ်များက ရိုက်ခွဲထားကြပါသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ