တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်

ဆရာခင်ဗျာ။ ဆရာမြို့မငြိမ်းရဲ့ နတ်ရှင်နောင် (နတ်သျှင်နောင်) သီချင်းကို ဦးမျိုးမြင့်လေးနဲ့ ကိုလွှမ်းမိုးတို့ သီဆိုတာ နားဆင်ဖူးပါတယ်။ ဒုတိယအပိုဒ်မှာ ဦးမျိုးမြင့်လေးက မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာတေလို့ သီဆိုထားပြီး ကိုလွှမ်းမိုးက မြင်းကတုတ် ဆင်ကတုတ် ကတုတ်တာတွေလို့ ဆိုထားပါတယ်။ဘယ်ဟာက အမှန်လဲ သိပါရစေ။ နောက်ပြီးရတုအပိုဒ်မှာလည်း စာသား ကွဲလွဲချက် ရှိနေတယ် ဆရာ။

မဖြေခင် ပြောဦးမယ်။ အနုပညာရှင်တွေရဲ့ အနုပညာအမည်၊ စာပေပညာရှင်တွေရဲ့ ကလောအမည်တွေမှာ မောင် မ ကို ဦး ဒေါ် ဒေါက်တာ အဘ အမေ စသည် မထည့်ရပါ။ ခဏခဏတင်ပြထားတယ်။ သူများကို နာမည်ဖျက်ရာကျတယ်။ ဥပမာ ဦးနတ်ရှင်နောင်လို့ ရေးကြည့်ပါလား။ သူကတောင်ငူဘုရင်ဖြစ်လို့ နတ်ရှင်နောင်မင်းတရားကြီးလို့လည်း မရေးသင့်။

ဂန္ထဝင်စာတွေမှာ မူကွဲတချို့တော့ရှိတယ်။ တကယ်တော်တတ်တဲ့ပညာရှင်တွေက စိစစ်ထားတာကို လက်ခံသင့်တယ်။ အွန်လိုင်းမှာ ၉၀% ကျော်က အမှားတွေ။ ပြန်ထုတ်စာအုပ်တွေ ၉၀% လောက်က သတ်ပုံပြင်တွေ။ မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်စာ ကိုယ်သတ်ပုံနဲ့ရေးပေါ့။

နတ်ရှင်နောင်
တေးရေး - မြို့မငြိမ်း
တေးဆို - ပြည်လှဖေ
https://www.facebook.com/52khinthida46/videos/10216470934826948/

http://www.mediafire.com/file/n57lzz1igjj3ep7/

(တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ တို့တပ်ဦးဆီ မျှော်လိုက်ပြန်တော့ တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ)၂

သေပစေ ရင်ကို မြေကတုတ်လို မဆုတ်မတွန့် မရွံ့တဲ့သူတွေ သတ္တိပြောင် ထောင်ထောင်မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ မြင်းသည်တော်တွေ ခြေသည်တော်တွေ၊ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာတွေ၊ အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ

(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂

တိမ်ဦးလေပြည် လွမ်းငွေ့ကိုစေ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ ချစ်တဲ့သူ ဓာတုကလျာဆွေ လွမ်းရတဲ့ ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုရေးလို့ သြော် ကျေးငှက်ကို စေလိုစေ ဖြေလည်းငယ် ပြေပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ။

ပေါ်နွေလလျှင် တောင်ကချိမ့်မြူး မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ် ပျပ်လျက်ပြကာ၊ စိမ်းဝါ မိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည် ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန် ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွ မတတ်သောဝ်။

(ပိတောက်တွေ ရွှေရည်လူးကြမယ့်အနေ ပုလဲငုံ စံပယ်ဖြူ ဖုးခိုက်ဝေဝေ ပန်းမျိုးစုံ ရာသီစုံ ကူးခဲ့ပေါ့လေ ချစ်သူကိုရည်စူး ခူးတဲ့လို့ခြွေ)၂

ကိုယ်တိုင် လှရာရာရွေး ဆင်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်းရက်ရှည်၊ ရောက်မယ် အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ တတွေးတွေး ဆွေးရှာရော့မယ်လေ

(တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂

တိမ်ဦးလေပြည် လွမ်းငွေ့ကိုစေ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ ချစ်တဲ့သူ ဓာတုကလျာဆွေ လွမ်းရတဲ့ ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုရေးလို့ သြော် ကျေးငှက်ကို စေလိုစေ ဖြေလည်းငယ် ပြေပြေပါနိုင်ပဲ စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ။

လေကစား ကြွား (တစ်) လူလူဝေ မဟုတ်။ စစ်ဆင်တွေ (တစ်) သီ (တစ်) တန်း မဟုတ်။ (တစ်) ရွေ့ရွေ့ယူသလေ မဟုတ်။ (တစ်) တွေးတွေး ဆွေးရှာရော့မယ်လေ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး