Australia Day သြစတေးလျနေ့

ဇန္နဝါရီလ (၂၆) ရက်ဟာ သြစတေးလျနေ့ဖြစ်ပါတယ်။ ကက်ပတိန် (အာသာ ဖိလစ်) သြတေးလျတိုက်ကို ပဌမဆုံး ရောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ အသစ်ရောက်လာကြသူတွေ နိုင်ငံသားအဖြစ်ရရှိကြတယ်။ အစိုးရနေ ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်တယ်။

သြတေးလျဟာ ဗြိတိသျှကိုလိုနီဘဝကနေစခဲ့တာဖြစ်တယ်။ အစပိုင်းကာလမှာ အကျဉ်းသားတွေကိုပဲ သြတေးလျကို ပို့ပေးတယ်။ ၁၇၈၆ အောက်တိုဘာမှာ (အာသာ ဖိလစ်) နဲ့အတူ သင်္ဘော ၁၁ စင်းပေါ်မှာ လူပေါင်း ၁၅ဝဝ ပါလာခဲ့တယ်။ သူတို့ကို စိုက်ပျိုးရေးလုပ်စေတယ်။ ရောက်ဘို့ (၈) လကြာခဲ့တယ်။ ရက်စွဲကတော့ ၂၆-၁-၁၇၈၈ နေ့ ဖြစ်တယ်။ Australia အမည်ကို ကက်ပတိန် (မက်သယူး ဖလင်ဒါးစ်) ကနေပေးတယ်။

ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်သူတွေ ခိုလှုံနေတဲ့နိုင်ငံကနေ တခြားတိုင်းပြည်တွေကို ခရီးတွေထွက်ကြရတယ်။ ပတ်စ်ပို့တွေကို ရတာရှာသုံးကြရတယ်။ အတုတွေသာဖြစ်လို့ လုံခြုံမှုမရှိပါ။ စစ်အစိုးရရဲ့ နှောင့်ယှက်မှုက အစဉ်တစိုက် ရှိတယ်။ အာစီယန်အုပ်စုထဲကဆိုရင် မြန်မာစစ်အစိုးရက ဖိအားပေးတာကို အတိုင်းအတာတခုထိ လိုက်နာကြတာ များတယ်။ ဖမ်းဆီးခံရတာတွေလည်းရှိတယ်။

အဲတာနဲ့ စင်ပြိုင်အစိုးရအနေနဲ့ အဖွဲ့ဝင်တွေအတွက် စိုးရိမ်လာတယ်။ သြစတေးလျအစိုးရကို မေတ္တာရပ်ခံပြီး သဘောတူညီချက်ရတာနဲ့ ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အမတ်တွေနဲ့ ရုံးမှာတာဝန်ထမ်းနေသူတွေ အားလုံးကို သြစတေးလျကိုပို့ပေးပါတယ်။ သြစတေးလျရောက်ကြသူတွေ ခရီးသွားလက်မှတ်ရတာနဲ့ ထိုင်းကိုပြန်လာပြီး တာဝန်ဆက်ယူကြတယ်။ တချို့လည်း ဟိုမှာသာနေကြတော့တယ်။ အိန္ဒိယမှာနေတဲ့ ကျွန်တော့်ရုံးကတော့ လုံခြုံရေးအရ စိုးရိမ်စရာမရှိလို့ ဒီအစီအစဉ်မှာမပါဘူး။

မြန်မာပြည်ကနေ နိုင်ငံတွေအတော်မျာများကို ရောက်နေသူတွေ များသထက် များလာနေတယ်။ အများစုကတော့ အစီအစဉ်ရှိရှိတဲ့လာနေကြသူတွေဖြစ်တယ်။ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေကို ကြားခံတယ်။ ဂူအမ်ကျွန်းကတဆင့် ခိုးဝင်တဲ့နည်းလည်းလုပ်ကြတယ်။

အမေရိကကိုတော့ ပညာသင်ဆုနဲ့လာသူတွေက ရေတွက်လို့တောင်ရတယ်။ ဗီဇာမဲပေါက်လို့ရောက်ကြသူတွေရှိတယ်။ နိုင်ငံရေးသက်သက်ကြောင့် လာနေသူအရေအတွက်က အတော်ကိုနည်းတယ်။ ဒီအမျိုးအစားသုံးခုကြောင့် အမေရိကကို ရောက်နေသူတွေနဲ့ တခြားအကြောင်းတွေနဲ့ လာနေကြသူတွေကြားမှာ အလွန်ထူးခြားတဲ့ ခြားနားချက်တခုရှိတယ်။ (အိုင်ဒီ) အစစ်နဲ့ အတုဖြစ်ပါတယ်။

အတော်ကိုများများဟာ (အိုင်ဒီ) အတုတွေရလာကြတယ်။ UNHCR ဘောင်ဝင်အောင် ပြောင်းတာလိမ်တာတွေ လုပ်ကြရတယ်။ တိုင်းရင်းသားတခုခုဖြစ်မှ သွားခွင့်ပေးတယ်။ ဒီနေရာမှာ ဗမာနဲ့ ဗုဒ္ဓဘာသာ အသုံးမကျပါ။ မွေးသက္ကရာဇ်ကို မှတ်ထားလို့လွယ်တာကိုသာ လုပ်ထားကြလို့ ရက်တူမှာ မွေးသူတွေ အများကြီး။

ကျွန်တော်တို့အဖြစ်က ပြောင်းပြန်။ ပြည်ပရောက်ကတည်းက နှစ်ပေါင်း ၂ဝ ကျော် (အိုင်ဒီ) အတုတွေနဲ့နေခဲ့ရာက တတိယနိုင်ငံတွေမှာ တရားဝင်အခြေချခွင့်ရမှသာ (အိုင်ဒီ) အစစ်တွေကိုရလာကြတာပါ။ အမေရိကရောက်လို့ရတဲ့ အကျိုးတရားဟာ မိဘတွေပေးထားတဲ့ နာမည်ကို ပြောင်ပြောင်တင်းတင်း စသုံးနိုင်လာတာဖြစ်ပါတယ်။ အိန္ဒိယမှာ ဘယ်လောက်ကြာခဲ့သလဲ မေးလို့ ဖြေရင် မယုံကြဘူး။ ကျွန်တော့်မှာ ကိုယ့်နာမည်ကိုယ်ပြန်ရဘို့ရာ ၂၄ နှစ်တိတိ ကြာခဲ့ပါတယ်။ ကျွန်တော် ညံ့ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၆
၂၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး