လယ်စောင့်တဲလေးမှာ နေပါတယ်

လယ်စောင့်တဲလေးအောက်မှာ မေးတာ။ ဆရာမင်္ဂလာပါ။ ဘယ်ရပ်ဌာနေမှာ နေပါသလဲခင်ဗျ။

အင်ဒီယာနာပုလစ်မြို့မှာ ၂ဝ၁၄ ကုန်ခါနီးကစပြီး နေပါတယ်။

လယ်စောင့်တဲလေးကဗျာကို အဓိပ္ပါယ်ဖွင့်ပေးပါလို့လည်း မေးတယ်။ တခါတခါ အဓိပ္ပါယ်ဖွင့်မှ လွဲတာဖြစ်တတ်တယ်။

တောမှာ လယ်တွေ ယာတွေရှိတယ်။ ကိုင်းတွေ ကျွန်းတွေလည်းရှိတယ်။ လယ်မှာ စပါးစိုက်တယ်။ မိုးရေသောက်လယ်က များတယ်။ မိုးရွာရင်ရတဲ့ရေနဲ့ စပါးစိုက်ရတာ။ မိုးဆိုတာက အစိုးမရ။ များတဲ့အခါများ ပါးတဲ့အခါပါး။ လယ်ထဲမှာ ရေပြည့်နေချိန် မိုးရွာပြန်လို့ ရေဖေါက်ထုတ်ရတယ်။ ညဥ့်နက်မှ မိုးသည်းလာလို့ ထသွားရတာလည်းရှိတယ်။ လယ်စောင့်ရတယ်ဆိုတာ အဲတာအတွက်ပါ။ စာခြောက်ဖို့ မဟုတ်။ အသီးအနှံတွေ လာခိုးတဲ့လူစောင့်ဖို့ မဟုတ်။ ကျွဲနွားစားတာစောင့်ဖို့ မဟုတ်။ လယ်ထဲမှာ ရေအမြဲတမ်းရှိလို့ ခြေတံရှည် ဆောက်ရတယ်။

ရေထဲမှာ ကြာပင်တွေ ရှိတယ်။ ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ ပနံတင့်။ ကဇွန်းပင်ကတော့ ရှိမှာသေချာတယ်။ အရိုးနီ အရိုးစိမ်း အရွက်ဖါး ရေကစွန်း။

နောက်အသုံးကျတာတခုက လယ်လုပ်သွားရင်း နားစရာနေရာ။ အိမ်က ထမင်းကြမ်းလာပို့ချိန်မှာ ထိုင်နား စားစရာ နေရာ။ အနီးအနားလယ်တွေက လူတွေနဲ့အတူ ဝိုင်းဖွဲ့ထိုင်ကြပြီး ရပ်ကြောင်း ရွာကြောင်း မိုးလေဝသကြောင်း ပြောဆိုစရာနေရာ။

လယ်ကန်သင်းဘေးမှာ ကတွတ်ပေါက်က ထွက်လာမဲ့ ငါးတို့ ဗုဇွန် (ပုစွန်) လုံးတို့ကို ဗျိုင်းတွေက စောင့်နေကြတယ်။ တချို့ငှက်လေးတွေက လေဆန်မှာ ပျံနေကြတယ်။ လေကလည်း တသုန်သုန်ဖြူးနေတယ်။ အဲလို လယ်တောနံ့ဆိုတာ မြို့တွေမှာ မရှိပါ။ လယ်စောင့်တဲမှာ တံခါးမရှိပါ။ ခနော်ခနဲ့ လှေကားရှိတယ်။ ဓါတ်လှေကား မဟုတ်ပါ။ ပိုင်သူနဲ့ ထိုင်သူတွေက သမ္မာအာဇီဝလုပ်ကြတယ်။

ငယ်ငယ်က လယ်စောင့်တဲလေးမှာ စားရတဲ့ ထမင်းကြမ်းနဲ့ ရေနွေးကြမ်း လွမ်းပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ကဗျာတွေကို သတ်ပုံဖျက်ရေးကြသူတွေလည်း နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၈
၂၂-၁-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ