ပြန်တော်မူကြပါ

ဆရာခင်ဗျ တခါတခါ ကိုယ်သိထားတဲ့သတ်ပုံအမှန်က သတ်ပုံအမှားပါလာတဲ့ သတင်းစာကို ဖတ်လိုက်ရတဲ့အခါ ငါသိထားတာမှားများနေပြီလားဟု သံသယဝင်မိပါသည်။ အခုမနက်ပဲ ဆရာတော် ဦးဝိစာရ အကြောင်း စံတော်ချိန် သတင်းစာမှာ ဖတ်ရှုရပါသည်။ သတင်းစာမှာ ပြန်လွန်တော်မှု ပျံလွန်တော်မှု နှစ်မျိုးစလုံးရေးထားပါသည်။ အမှန်ကို သိပါရစေခင်ဗျ။

ဖဆပလ ခေတ်မှာ ဘုန်းကြီးတွေက ဆန္ဒပြကြတယ်။ သာသနာရေးဝန်ကြီးလုပ်သူက ဗုဒ္ဓဘာသာဝင် မဟုတ်ပါ။ လိမ်မာ ပါးနပ်မှုတော့ရှိတယ်။ ဆန္ဒပြနေတဲ့ဘုန်းကြီးတွေဆီ ကိုယ်တိုင်သွားပြီး အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရား။ အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရားလို့ လက်အုပ်ချီပြီး လျှောက်ထားတယ်။

ကြားရသူတွေ မျက်လုံးပြူးကုန်ကြရော။

ရေးတော့အမှန် ဖတ်တော့ အသံထုံးရှိတယ်။ အသံထွက်တူပေမဲ့ အဓိပ္ပါယ်ခြားနားတာတွေလည်းရှိတယ်။ ဘုန်းကြီးတွေ နေရပ်ပြန်ကြွတာ၊ ကျောင်းပြန်ကြွတာမှာ ရရစ်နဲ့ ပြန်ရပြီး ဘဝတပါးပြောင်းတာကို ယပင့်နဲ့ ပျံရတယ်။ အသံထွက်ကတော့ အတူတူ။

အခုချိန်ကာလာက မြန်မာစာကို တန်ဖိုးထားတဲ့သူနည်းပြီး သတ်ပုံသတ်ညွှန်းတတ်သိသူကလည်း နည်းလာတယ်။ ဒါ့ပြင် သတ်ပုံစာအုပ်အလွဲကြီးကို နိုင်ငံတော်မူလုပ်ထားမိလို့ ပိုဆိုးနေတယ်။ မီဒီယာတွေမှာ သတ်ပုံဂရုစိုက်တာ ရှားတယ်။

ယူနီကုဒ် ကီးဘုတ်ရိုက်တတ်ရင် မြန်မာစာတတ်တယ် ထင်နေကြတယ်။ မြန်မာစာတန်ဖိုးမထားသူတွေ ပြန်တော်မူကြပါခင်ဗျား။ ပျံတော်မူကြပါ ခင်ဗျား။ ကန်တော့။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး