ပျောက် နဲ့ ပြောက်


၁။ ဆရာ ကျနော် tb ဆေးသောက်တာရောဂါပြောက်ပီ (ပျောက်ပြီ) ဆရာ နှာခေါင်း တဖက်စီလဲပိတ်နေတယ်ဆရာ ရေချိုးပီးရင် (ပြီးရင်) ချွေးလည်း ထွက်တယ်ဆရာ ဘာဆေးသောက်ရမလည်းဆရာ

အသက် မသိ။ တီဘီဆေး ဘယ်လောက်ကြာသောက် မသိ။ ပျောက်ပြီလို့ ရေးရ။

၂။ ပုံနဲ့ တင်ထာတာတခု တွေ့တယ်။ လူပြောက်ကြော်ငြာခြင်းတဲ့။ (လူပျောက်လို့ ရေးရတယ်။)

၃။ ဆရာမင်္ဂလာပါ။ ကျွန်တော်အသက် ၃၁နှစ်ပါ။ Acyclovir 200mg တနေ့ ၁-၂ ကြိမ် ရက်အကြာကြီးဆိုတာ ဘယ်နှစ်ရက်လောက်လည်းဆရာ။ ၃-၄ လစွဲသောက်ရင်ရော Virus ကပြောက်သွားလားဆရာ။ (ပျောက်လို့ ရေးရတယ်။)

၎။ မင်္ဂလာပါ ဒေါက်တာ ကျနော့် အသက် ၃၂ နှစ်ပါ။ ရောဂါဝေဒနာခံစားနေရတာ ၅နှစ် အထက် ရှိပါပြီ။ ဘယ်လိုကုသရင် ပြောက်နိုင်မလဲ ဒေါက်တာ။ လေးစားလျက် (ပျောက်နိုင်မလဲလို့ရေးရ)

၅။ မင်္ဂလာပါဆရာ ကျွန်မ သားလေး အသက်က ၁နှစ်နဲ့ ၅လပါ။ လည်ပင်းမှာ မိတ်လိုလို အနီအစက်လေးတွေ ပေါက်နေလို့ပါ။ ၁ လလောက်ရှိပါပြီ။ ဆေးလိမ်းလိုက် ပြောက်လိုက် ပြီးရင် ပြန်ပြန် ဖြစ်ပါတယ်။ (ပျောက်လို့ ရေးရတယ်။)

၆။ အခုပြောက်သွားပြီ။ သူ့ဟာသူ ပြောက်တာလားတော့ မသိဘူး။ ဘယ်တော့ပြန်ဖြစ်မလဲပဲ စိတ်ပူနေရတယ်။ (ပျောက်လို့ ရေးရတယ်။)

၇။ ပြောက်ကင်းသူတွေ တဖြန်ပြန်ဖြစ်ကြတယ်ဆို သွေးသွင်းရင်ပြန်ကူးနိုင်ပါသလား (ပျောက်လို့ ရေးရတယ်။)

၈။ အသက် ၃၄ ပါ အိမ်ထောင်မရှိသေးပါဘူး ယောင်္ကျာလေး (ယောက်ျားလေး) ပါ  အသက်၂၄လောက်ကတည်းက ကိုယ်လက်တွေ မသည်ချင် (မသယ်ချင်) သလိုဖြစ်ပြီး မောနေတာပါ အားဆေးတွေသောက်တယ်  အကြောဆေးတွေ သွင်းတယ် မပြောက်ပါဘူး (သွေးတိုး နဲ့ ဆီးချို သိပါသလား။ မပျောက်လို့ ရေးရတယ်။)

ပျောက်
ကျပျောက်သွားသည်
အနာပျောက်ပြီ
နေ့ကွယ် ညပျောက်
နေလုံး ကွယ်ပျောက်ပြီ
ပျောက်ကွယ်သွားသည်
ပျောက်ဆုံးသည်
ပျောက်ပျက်သည်
ပျောက်ခြင်းမလှပျောက်
ပျောက်ပြယ်
ပျောက်ရှသည်
ပျောက်နိုင်သည်
ရောဂါပျောက်ပြီ
သေပျောက်နှုန်း

ပြောက်
ပန်းပြောက်
လက်ခုပ်တပြောက်ပြောက်
နေပြောက်ထိုးသည်
ပြောက်ကျားတပ်
ပြောက်တိပြောက်ကျား
ပြောက်အိုးဖောက်
ပြောက်ပြောက်ကျားကျား

ပျောက်တာတွေ ပြန်တွေ့ပါစေ။ ရောဂါတွေလည်း ပျောက်ပါစေ။ သတ်ပုံအမှားတွေလည်း ပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး