Life အသက်ရှိပြီဆိုတာ ဘယ်တော့စသလဲ

အသက်ဘယ်တော့စသလဲ။ ဘာသာရေးတွေ၊ ဖီလော်ဆော်ဖီတွေ၊ ကဗျာဆရာတွေရေးတာတွေက အမျိုးမျိုးရှိတယ်။ ဆရာဝန်တွေက အဲလို ဟိုတွေးသည်တွေး မပြောရပါ။

ဆရာဝန်တွေမှာလည်း အသက်လို့ဘယ်တော့သတ်မှတ်သလဲ အပြင်းပွါးတာတော့ရှိတယ်။ ဒါပေမဲ့ ဘယ်ပညာရှင်ကမှ သုက်ပိုးတခုထဲကို အသက်တခုလို့ မယူဆပါ။ အသက်ကို ဖျက်ဆီးတယ်၊ သေစေတယ်ဆိုတာမှာတော့ ငြင်းကြတယ်။ အများဆုံးလက်ခံထားကတော့ သုက်ပိုးနဲ့ မိန်းမမျိုးဥတို့ (တွေ့ဆုံ + ပေါင်းစပ် + ဆဲလ်တွေပွါးများ)၊ ဒိနောက်မှာ သားအိမ်ပြွန်ကနေ သားအိမ်ထဲကို ဆင်းလာ၊ နောက်ဆုံး သားအိမ်အတွင်းနံရံမှာလာပြီး တွယ်ကပ်၊ မြုတ်ဝင်ချိန် ရောက်မှသာ သန္ဓေသားလို့ ခေါ်တယ်။ ဒီအဆင့် ရောက်ဘို့ရာ အတူနေပြီးနောက် အနည်းဆုံး (၆) ရက်ကြာမယ်။ ဒါတောင်မှ နှလုံးခုန်တာကို မသိနိုင်သေးပါ။ ကိုယ်ဝန် ၉-၁ဝ ပါတ်မတိုင်ခင်အထိ စက်နဲ့တောင် နားထောင်မရသေးပါ။

မ-မျိုးဥကိုလဲ အတူတူယူဆနိုင်တယ်။ မ-မျိုးဥက လှုပ်ရှားမှုမရှိပါ။ သုက်ပိုးကသာ လှုပ်ရှား-ကူးခတ်နိုင်တယ်။ သုက်ပိုးရော မျိုးဥပါ အချင်းချင်းမတွေ့ကြရင် အလိုလိုပျက်စီးကြတယ်။ ပယောဂမပါဘဲ ပျက်စီးတာဖြစ်တယ်။ သိတဲ့အတိုင်း အရာရာဟာ စက္ကန့် (စက္ကန့်ထက် တိုချင်တိုမယ်) မှာ ဖြစ်-ကြီး-ပျက် ဖြစ်စဉ်အတိုင်း သံသရာလည် နေကြတယ်။

လူတယောက် သေပြီဆိုတာကို နှလုံးမလုပ်တော့တာနဲ့ အသက်မရှူတော့တာကို သတ်မှတ်ကြတယ်။ ဦးနှောက် အလုပ်ကို သိပ်ထည့်တွက်လေ့မရှိပါ။ အာရုံကြောစနစ်က ကိုယ်ဝန် (၈) ပါတ်ထက်စောမဖြစ်သေးပါ။ မမွေးမချင်း အသက်ရှူပြီလို့ မပြောနိုင်ပါ။ လှုပ်ရှားမှုရှိတာ အသက်လား။ ပြောဘို့ခက်တယ်။ တချက်ကလေးမှ မလှုပ်နိုင်ဘဲ စက်နဲ့ အသက်ဆက်နေတဲ့ လူနာတွေရှိတယ်။

သက်ရှိဆိုတာ အင်္ဂါ စွမ်းဆောင်ရည် ငါးရပ်ရှိရမယ်။
၁။ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားမှုရှိခြင်း၊
၂။ အရာပစ္စည်းတွေနဲ့ စွမ်းအင် (အင်နာဂျီ) ရယူနိုင်ခြင်း၊
၃။ ပတ်ဝန်းကျင်ကိုတုန့်ပြန်နိုင်စွမ်းရှိခြင်း၊
၎။ မျိုးပွါးနိုင်စွမ်းရှိခြင်း နဲ့
၅။ သမမျှတအောင်နေတတ်ခြင်း။

ဒီအခြေခံသဘောနဲ့ ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှုကို ဆက်စပ်လေ့လာပါမယ်။ သူတို့နှစ်ခု တွေ့ဆုံပေါင်းစပ်မှု ဖြစ်တာနဲ့ ငါးမျိုးလုံးအစွမ်းတွေရှိပြီလို့ ဆိုနိုင်တယ်။

ဇီဝဗေဒအလိုအရ ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှု ဖြစ်ပြီဆိုကတည်းက မိခင်လောင်းရဲ့ ကိုယ်ခန္ဓာနဲ့ အတူတူ မဟုတ်တော့ပါ။ ရှင်းအောင်ပြောရရင် လူဆိုတာ ဦးနှောက်နှစ်ခု၊ လက် လေးချောင်း၊ ခြေလေးချာင်း မပါရှိဘူး။ သန္ဓေသားဟာ အာဟာရအတွက် မိခင်ကိုမှီတည်နေမှာပေမဲ့ သူ (မိခင်) ပြုသမျှနုရမဲ့ ဓားစာခံသဘော မဟုတ်ပါ။

၅-၆ ပါတ်ရှိပြီဆိုရင် အထဲက ကလေးဟာ အာဟာရဓါတ်ကို ကျေချက်နေပြီ၊ စွန်ထုတ်မှုတွေလုပ်နေပြီ၊ လှုပ်ရှားနေပြီ၊ ကြီးထွားလာနေပြီ။ ၂၁ ရက်သန္ဓေသားဟာ နှလုံးစခုန်ပြီ။ သူ့ကိုယ်ပိုင် သွေးအမျိုးအစားနဲ့သူရှိပြီ။ မအေနဲ့ တူချင်မှ တူမယ်။ ရက် ၄ဝ ရှိရင် ဦးနှောက်လှိုင်းကို EEG နဲ့စမ်းလို့ရလာပြီ။

ခေတ်ပေါ် မော်လီကူလာ ဇီဝဗေဒအရ အသက်ဆိုတာ ကျားသုက်ပိုးနဲ့ မမျိုးဥ တွေ့ဆုံပေါင်းစပ်မှုဖြစ်ပြီ ဆိုကတည်းကနေ စတယ်။ အရေးပေါ် ကိုယ်ဝန်တားဆေးကနေ သန္ဓေသေစေတာလား၊ တားတာလားငြင်းချက်တွေ အပြန်အလှန်ရှိပါတယ်။

တရားဥပဒေဆိုတာ နိုင်ငံတခုနဲ့တခု မတူပါ။ ဘာသာရေးအကန့်အသတ်တွေလည်း တခုနဲ့တခု မတူပါ။ ဆေးပညာကတော့ ရှိရှိသမျှမှာ အတူတူသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)