Bamboo shoot tuition မျှစ်စားပြီး ကျူရှင်တက်ခဲ့ရခြင်း

ကျွန်တော်က မျှစ်ကို အတော်ကြိုက်ပါတယ်။ ပြည်ပနိုင်ငံရေးလုပ်ရစဉ်က ထိုင်းကို ခဏခဏသွားခဲ့ရတာ အခေါက်တိုင်းမှာ မျှစ်ဝယ်ပြန်ပါတယ်။ မျှစ်စို့ကြီးတွေကို နိုင်သလောက် သယ်လာတယ်။ နယ်စပ်ရောက်တိုင်းလည်း ဝယ်ဖြစ်တယ်။

ကျွန်တော် ပဌမဆုံးအခေါက် ၁၉၉၃ မှာ မာနယ်ပလောကိုသွားတော့ ဖယ်ခုံအမတ် ဦးမားကိုဘန်းက နေရေးထိုင်ရေး စားရေးသောက်တာကို စီမံခန့်ခွဲပါတယ်။ မိုးစိုစိုမှာ ဓါးတိုတချောင်း ခါးထိုးပြီး မျှစ်ချိုးကျွေးပါတယ်။

၁၉၉၅ မာနယ်ပလောကျပြီးနောက် မဲဆောက်မှာအခြေစိုက်ရတယ်။ ထိုင်းဘက်ခရီးသွားတိုင်း သူ့အိမ်မှာသာ တည်းခိုတာ များတယ်။ သူက ကယန်းလူမျိုးပါ။ သူကိုယ်တိုင်ချက်ပြုတ်တဲ့ အမဲသားဟင်း၊ မက်ခါသီးနဲ့ ငရုပ်သီးစိမ်းထောင်းကို ကျွန်တော် မမေ့ပါ။

သူနဲ့ အဲလိုနီးနီးကပ်ကပ်နေထိုင်လုပ်ကိုင်ရလို့ သူ့ဆီက တိုင်းရင်းသားအကြောင်းတွေကို ကောင်းကောင်းသိရှိနားလည်ခွင့် ပိုရစေခဲ့တာ အမြတ်ပါပဲ။ သူက ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လို့ ပြည်ပက တိုင်းရင်းသား အဖွှဲစည်းအားလုံးအပြင် ပြည်တွင်းက တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အကုန်နဲ့ပါ လျို့ဝှက် ဆက်သွယ်ရပါတယ်။ နိုင်ငံရေးဖြစ်ပေါ်မှုတိုင်းမှာ အဲဒီတိုင်းရင်းသားပေါင်းစုံရဲ့ အမြင်တွေ၊ အသံတွေကို အတွင်းကျကျထိ သိခွင့်ရခဲ့ပါတယ်။ မာနယ်ပလောမှာ မျှစ်စားပြီးတက်လာခဲ့တဲ့ ကျူရှင်ကနေသိရတာတွေပါ။

ပြည်တွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သတင်းတွေ ကြားရတယ်။ တချို့က အခုမှ ဝါးစိုက်နေကြတုန်း။

မျှစ်ဆိုတာ ဝါး။ ရခိုင်ရိုးမမှာ တပင်တိုင်ဝါးရှိတယ်လို့ ဖတ်ရတယ်။ မြန်မာစာအဖွဲ့က တစ်ပင်တိုင်တဲ့။ အဲသည်မျှစ်ကိုသာ စားရရင် မျိုမကျလောက်ပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈
၃ဝ-၃-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ