Hepatitis C and Pregnancy စီပိုးနှင့် ကိုယ်ဝန်

၁။ မိန်းကလေး အသက် ၂၅ နှစ်။ မွေးကတည်းက G6PD ပါလို့ အသားဝါနေတာ အခုထိပါပဲ။ C ပိုးလည်းရှိနေပါတယ်။ အခု အိမ်ထောင်ပြုသင့် မပြုသင့် အကြံပေးပါအုန်းဆရာ။ အိမ်ထောင်ပြုလိုက်ရင်ကော ဆိုးကျိုးတွေရှိနိုင်လားဆရာ။ ကလေးယူမယ်ဆိုရင်ကော ဘာတွေဖြစ်လာနိုင်သလဲဆရာ။

၂။ ဆရာ ကျမမှာ C ပိုးရှိပါတယ်။ ဆရာ့စာတွေဖတ်ပြီးပါပြီ။ ဒါပေမယ့် ကျမ OG က ကလေးမွေးပြီးရင် မိခင်နို့ မတိုက်စေချင်ဘူး ပြောပါတယ်။ ကျမ စိတ်ညစ်ရပါတယ်။ တကယ်ပဲ ကလေးအတွက် အသင့်တော်ဆုံးက အဲ့နည်းလမ်းပဲ ရှိပါသလား။ မိခင်နို့မတိုက်ရင် ကလေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးတတ်ပါသလား။ မိခင်နဲ့ကလေးကြား သံယောဇဉ် နည်းသွားနိုင်ပါသလား။ မိခင်နို့ကို ၆ လလောက်အထိတိုက်လို့မရဘူးလားလို့ OG ကိုမေးပါတယ်။ မတိုက်တာ အကောင်းဆုံးပါတဲ့။ ကျမ တညလုံးငိုရပါတယ်။ တကယ်ပဲ စီပိုးမိခင်တွေမှာ နို့ချိုတိုက်ကျွေးခွင့် ဆုံးရှုံးရတော့မှာပါလား။ နို့ဘူးတိုက်ရင် တိုက်ရမယ့်စံနှုန်းကို ဆရာ့ဆီက ကူးမှတ်ထားပါတယ်။ ကျေးဇူးပါရှင့်။

စီပိုးနှင့် ကိုယ်ဝန် ဆရာဝန်တွေကြားမှာ အယူအဆမတူခဲ့ကြပါ။ ဆရာ့သဘောကတော့ နို့တိုက်သင့်ပါတယ်။ စီပိုးဟာ သွေးကနေသာ ကူးစက်တာ အများဆုံးပါ။ HIV ရောပါ တွဲရှိနေရင်တော့ နို့တိုက်တာအတွက် ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။ အဲဒီအကြံပြုချက်ဟာ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး CDC နဲ့ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီ တို့ဆီကအတိုင်းဖြစ်ပါတယ်။ ဆေးသုတေသနအရ စီပိုးဟာ နို့ရည်ထဲ မရောက်လာနိုင်ဘူးလို့ ယူဆကြပါတယ်။

အမေရိကမှာ စီပိုးရှိတဲ့ကလေးမိခင်ပေါင်း ၃့၂ သန်းရှိနေတယ်။ နှစ်စဉ် ကလေးပေါင်း ၄ ထောင်ကို စီပိုးကူးစက်နေတယ်။ မိခင်မှာ စီပိုးရှိနေရင် ကလေးကိုကူးစက်စေဘို့ ၃-၅% အလားအလာရှိတယ်။ တကယ်လို့ မိခင်မှာ HIV ရောပါရှိနေရင် အလားအလာက ၂ဝ% ဖြစ်မယ်။ ကံကောင်းတာက စီပိုးရှိနေပေမယ့် ကိုယ်ဝန်ကို အနုတ်သဘောသက်ရောက်မှု မရှိပါ။ ကိုယ်ဝန်သည်ဟာ အရင်ကဖြစ်ဖြစ် ကိုယ်ဝန်နဲ့ဖြစ်ဖြစ် မူးယစ်ဆေးရင်တော့ ပိုဆိုးစေနိုင်တယ်။ ဆေးထိုးအပ်၊ စီပိုးရှိသူနဲ့ လိင်ဆက်ဆံတာ၊ တက်တူးထိုးတာတွေကနေလည်း ကူးစက်လာနိုင်တယ်။

ကိုယ်ဝန်ရှိတိုင်းတော့ ပုံမှန်အားဖြင့် စီပိုးစစ်စရာ မလိုပါ။ မိခင်မှာ စီပိုးရှိရင်တော့ မွေးလာတဲ့ကလေးကို စီပိုးစစ်ရမယ်။ ကလေးမွေးနည်းမှာလည်း ဗိုက်ခွဲမွေးမှသာ ကလေးကိုကူးစက်တာနည်းမယ်ဆိုတာ မမှန်ပါ။ ရိုးရိုးမွေးလို့ရပါတယ်။ အဲလိုပြောနိုင်တာက ၁၉၄၇ ကနေ ၂ဝ၁၂ အထိ အော်ရီဂွန် ကျန်းမာရေးသိပွံ တက္ကသိုလ်ကနေ သုတေသနလုပ်တာ ဖြစ်ပါတယ်။ အဲတာက လေ့လာမှု အရေအတွက်နည်းတယ်လို့ထောက်ပြတာလည်းရှိတယ်။

စီပိးရှိမိခင်မှာ နို့သီးကွဲပြီး သွေးထွက်နေတာရှိရင်လည်း ကလေးစို့လို့ ကလေးကိုကူးမယ်ဆိုတာ မသေချာပါ။ မိခင်ရဲ့ တခြားနေရောတွေကနေထွက်တဲ့သွေးကတော့ ကလေးကိုကူးစက်လာနိုင်တယ်။ ကလေး မွေးကတည်းကနေ ၁၈ လ သားအထိ မိခင်ဆီကနေရတဲ့ အင်တီဘော်ဒီခေါ် ခုခံအားရတယ်။ အဲတာကြောင့် ကလေးကိုဆေးစစ်ရင် စီပိုး အင်တီဘော်ဒီ စစ်တာ မထူးခြားစေပါ။ Viral test သာလုပ်ရမယ်။ ကလေးဆေးစစ်တာ ၂ နှစ်သားမတိုင်ခင် လုပ်သင့်တယ်။ လူကြီးတွေကိုစစ်သလိုပါပဲ။ ကံကောင်းတာနောက်တခုက ကလေးဟာ အပေါင်းပြနေလည်း နောက် ၂ နှစ်နေရင် ကင်းရှင်းသွားနိုင်တာ ၄ဝ% ရှိတယ်။ တချို့ကလေးတွေက ၇ နှစ်သားမှာ ကင်းရှင်းတယ်။

အသည်းရောင်စီပိုးဆေးများနှင့် ကိုယ်ဝန် + နို့တိုက်မိခင်
- Ribavirin ဆေးကို FDA ကနေ Pregnancy category X သတ်မှတ်ထားလို့ ကိုယ်ဝန်မှာ မသုံးရပါ။ ကလေးနို့တိုက်ချိန်မှာလည်း မသုံးသင့်ပါ။
- Telaprevir, Ribavirin, Peginterferon alfa combination therapy ဆေးတွေကို FDA ကနေ Pregnancy category X သတ်မှတ်ထားလို့ ကိုယ်ဝန်မှာ မသုံးရပါ။ ကလေးနို့တိုက်ချိန်မှာလည်း မသုံးသင့်ပါ။
- Sofosbuvir (Sovaldi) ဆေးကနေ ကိုယ်ဝန်ဆောင်ချိန်မှာသုံးလို့ အထဲကကလေးကိုထိခိုက်စေတာ သက်သေမပြနိုင်ပါ။ ဒါပေမယ့် Monotherapy ဒီဆေးတမျိုးတည်းပေးနည်းကိုလည်း မလုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး