အဖြုအမည်း ခေတ်
သမိုင်း
ဒေါ်မြမြအေးမွေးနေ့အောက်မှာ ဒေါက်တာသန်းထွန်း လက်ရင်းတပည့်လို့ တယောက်ကရေးတယ်။ ဟုတ်ပါတယ်။
တနှစ်မှာ သမိုင်းမေဂျာ ကျောင်းသူကျောင်းသာတွေ မုံရွာအနောက်ဖက်မှာရှိတဲ့ ဖိုးဝင်းတောင် ခေါ် ဖိုလ်ဝင်တောင်ကို လေ့လာရေးခရီးသွားကြတယ်။ သမိုင်းကျောင်းသူ အက်ဆီးဒင့်ဖြစ်ပါရော။ ချင်းတွင်းမြစ်ကိုဖြတ်ကူးတဲ့ ဇက်မော်တော်ပေါ်မှာ ဆိုင်းဘုတ်ပြုတ်ကျတာက ခေါင်းကို ထိခိုက်မိတယ်။ အဲဒီခေတ်မှာ မက်စင်ဂျာမပြောနဲ့ တယ်လီဖုန်းတောင် နည်းနည်းပါးပါးသာရှိတယ်။ ဒါပေမဲ့ သတင်းက ဆေးမန်းကို ရောက်လာပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ။

ဂေါင်အထိတက်တာ ကောင်းမယ်။ သမိုင်းဌာနမှာ ဒေါက်တာသန်းထွန်းထက်ကြီးသူမရှိ။ ဝ/သ မန်းက ဆရာတွေနေတဲ့ အဆောင်မှာ နေတာလည်း သိထားလို့ တံခါးသွားခေါက်တယ်။ တံခါးတော့ မဟုတ်ပါ။ ကွန်သာယာလို့ ရေးထားတဲ့ တံခါးက ကြေးဝါခြူလုံးကို အသံမြည်အောင် တီးရတာ။

မမှန်ဘူးထင်တာ အမြင်မတော်တာမှန်သမျှ ဘယ်သူ့ကိုမှ ညှာတာပြောလေ့မရှိတဲ့ သမိုင်းပါမောက္ခက ပဉ္စမနှစ် ဆေးကျောင်းသားလေးကိုတော့ နှစ်သိမ့်ပါတယ်။
ကျွန်တော်တို့သမိုင်းဆိုတာက အစစ်။ ခုခေတ်လို လိုသလိုပြင်ရေးတဲ့ ရာဇဝင်ခေတ် မဟုတ်ခဲ့ကြောင်းပါ။ သမိုင်းကို သင်ချင်သူတောင် မရှိသလောက်နည်းနေပြီတဲ့။ လူတိုင်း သမိုင်းကောင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၁-၃-၂၀၁၉

မွေးနေ့
၁၉၇ဝ ခုနှစ်မတိုင်မီကတော့ မန်းတက္ကသိုလ်၊ ခုတော့ သားသမီး မြေးမြစ်တွေက တွဲလွဲခို။
မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် သမိုင်းမေဂျာ သစ္စာဆောင်သူ မတင်တင် ခေါ် မြမြအေး မွေးနေ့ဖြစ်ပါတယ်။ သူ့သူငယ်ချင်းတွေရောပါ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၉
Happy Birthday ပုဂ္ဂိုလ်ရေး
ပါဇင်နယ်လ် ခေါ်တဲ့ ပုဂ္ဂိုလ်ရေးဆိုတာ အလွန်အရေးပါသလို တခါတလေမှာ ပြစ်တင်ကဲ့ရဲ့ခံရပြီး၊ အရေးယူတာပါ ခံရတတ်တယ်။
ကျွန်တော်တင်တဲ့စာတွေကို ဖတ်တဲ့သူ အများဆုံးက ပုဂ္ဂိုလ်ရေးပို့စ်တွေဖြစ်ပါတယ်။ ဇနီးမွေးနေ့ပို့စ်လေး တင်မယ် လုပ်ကတည်းက ကြိုတင်မျှော်လင့်ထားပြီးသား ကွန်မင့်တွေ လာတော့မယ်ဆိုတာ။ ကိုယ့်မွေးနေဆိုလည်း သည်လိုပဲ။ ကျေးဇူး။
ဒေါ်မြမြအေးမွေးနေ့လာ ကွန်မင့်တွေကို လိုက်ခ် ပြန်လုပ်ရတာနဲ့ လိုသေး စာပြန်ရေးတာ ကျွန်တော့်အဖို့ မပင်ပန်းပါ။ သူက သူကိုယ်တိုင်လုပ်တတ်အောင် သင်ယူထားပြီးပြီ။ အခုထိ အဲဒီအလုပ်ကြီး ထိုင်လုပ်နေလေရဲ့။ အဲတာတောင် မြန်မာစာ မရိုက်တတ်သေးလို့ ဘိုလို တိုတိုလေးရေးပါသတဲ့။ ကျွန်တော့်မှာတော့ ညစာကို ကိုယ်တိုင်သာ ခူးခပ်စားရတယ်။ သူက ညစာ တခါခါမှသာစားတာ။ စာရေးနေရင်း မနိုင်တော့ဘူးလို့လည်း လေသံထွက်လာတယ်။
အသိမိတ်ဆွေနဲ့ အမျိုးတွေက များတယ်။ သိတဲ့သူကို ကွန်မင့်ပေးတာ သဘောကျတယ်။ တချို့က ကျွန်တော့်ကို ဘယ်လိုလူရယ်မသိပဲနဲ့ ပခုံးဖက်သူငယ်ချင်းလိုလို၊ လမ်းပေါ်မှာ လမ်းသလားနေသူတယောက်လိုလို၊ ခေါ်ချင်သလို ခေါ်ပြီး၊ ရေးချင်သလို ရေးမေးကြတယ်။ အဲဒီအကျင့် မကောင်းပါ။ ပုဂ္ဂိုလ်ရေးမပါရင် အဆင်မပြေဖြစ်တတ်တယ်။
ပုံကတော့ နယူးဒေလီမှာနေစဉ်က ၂၀၁၄ ခုနှစ် ဒေါ်မြမြအေးမွေးနေ့။ ပုံထဲပါသူတွေ ၅ နှစ်စီအသက်ပိုကြီးလာကြပြီ။
ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၉
အဖြုအမည်း ခေတ်
ကနေ့မွေးနေ့ရှင်ရဲ့ အဖြုအမည်း ခေတ်ကဓါတ်ပုံကို သူ့ဇာတိရွာနေ တူတော်မောင်ကနေ ပို့ပေးပါတယ်။ ဓါတ်ပုံပို့ပေးသူရဲ့အမေကို မတင်တင် ခေါ် မမြမြအေးကနေပေးထားတဲ့ (၉) တန်းကျောင်းသူဘဝ (၁၉၆၃) တုန်းကပုံတဲ့။
အခုပဲ ပြောပြနေတယ်။ သူတို့ကို ဆရာဆရာမတွေက သတ်ပုံတွေ၊ ကဗျာတွေကို သေချာသင်ပေးကြပါသတဲ့။
မြန်မာစာ အဖြူအမည်းခေတ်က ရှင်းတယ်။ ကျောင်းမှာ မှန်တာကိုသာသင်တယ်။ ခုခေတ်မှာ အဖြူနဲ့ အမည်း မသဲကွဲတော့ပါ။ ခေတ်လူတွေကလည်း ရောင်စုံမှ သဘောကျကြတာ။ ပုံကို အက်ဒစ်လုပ်ထားမှာ ကြိုက်ကြတယ်။ မြန်မာစာပါ အက်ဒစ် လုပ်ခံထားရတယ်။အစစ်အမှန်ကို မသိသူကသာ များနေတော့တယ်။
ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၇

Comments
Post a Comment