ဘုရားစင် ဝေါဟာရ

ဘုရားစင်စာ တင်တိုင်းလာတတ်တဲ့ ကွန်မင့်။ သည်တခါလည်း မလွတ်ပါ။

ဆရာခင်ဗျ ဘုရားသည် စင်မှာနေပါသလား ခင်ဗျာ ဒါမှမဟုတ် အိမ်တွင်ဘုရားရုပ်ပုံတော် ဘုရားဆင်တုတော် ထားရှိရာကို ဘုရားကျောင်းလို့ ခေါ်တာမဟုတ်ပါလား ခင်ဗျ။ ဘုရားထားရှိရာကို ကျောင်းဟု ခေါ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ် ခင်ဗျ ဘုရားရုပ်ပုံတော် ဆင်းတုတော်တွေကို ထားရာကို ဘုရားကျောင်းဟု ခေါ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နတ်ရုပ်ထုများ နတ်ပုံများထားရာကိုတော့ နတ်စင်လို့ခေါ်သင့်ပါတယ် ခင်ဗျ။ နတ်လည်းစင် ဘုရားလည်းစင်ဆိုတာ ခေါ်ဆိုဖို့ သုံးနှုန်းဖို့ ခိုင်းနှိုင်းဖို့ လုံးဝ မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ် ဆရာ။ မြန်မာနိုင်ငံမှာ ရာနှုန်းတော်တော်များများ ဘုရားကျောင်းကို ဘုရားစင်လို့ ခေါ်ဆိုသုံးနှုန်းနေကြတာကို တွေ့ရပါတယ် ခင်ဗျ။ ဘုရားနဲ့ စင်သည် လုံးဝအပ်စပ်မှုမရှိဘူးလို့ထင်ပါတယ် စင်လို့သုံးနှုန်းတဲ့ အခေါ်အဝေါ်တွေကို ကျွန်တော် မှတ်ဖူးတာက ဝက်စင် ကြက်စင် ဗူးစင် သခွားစင်လို့ပဲ သိရပါတယ် ခင်ဗျ။

အသုံး အခေါ်တွေက နေရာမတူရင် မတူတတ်ပါ။ ဘုရားစင်ပြုလုပ်ရောင်းချတဲ့ကြော်ငြာတခုလည်း တွေ့တယ်။

မြတ်စွာဘုရားဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ်ကို ရောက်ခဲ့ပါတယ်။ ကျောင်းတော်ကြီးမှာ မဟုတ်ပါ။ သတ္တဌာနမှာ ခုနစ်ရက်ခုနစ်လီ မဟာဗောဓိညောင်ပင်ကို စူးစိုက်ကြည့်တော်မူခဲ့တယ်။ (၄၉) ရက်တိတိ ဘယ်ကျောင်းမှ မရှိသေးပါ။ အဲဒီနောက်မှာ မိဂဒါဝုန်ကို ခြေလျင်ခရီးကြွတယ်။ လမ်းမှာ ကျောင်းတော်၊ ဇရပ်ရှိတယ်လို့ မဖတ်ဖူးပါ။

မြတ်စွာဘုရားဟာ သံဃာတော်တချို့ကိုအကြောင်းပြုပြီး၊ ပလလဲတောမှာ တပါးတည်း ဝါကပ်တော်မူပါတယ်။ မီးတင်းကုပ်မှာလည်း သီတင်းသုံးဖူးသေးတယ်။ နောက်ဆုံး ကုသိနာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံဝင်ပါတယ်။ ကျောင်းတော်ကြီးတွေမှာ မဟုတ်ပါ။

ကျွန်တော့်သားသမီးတွေ အိမ်ခွဲတိုင်း၊ တပြည်တရွာကို ပြောင်းရွှေ့တိုင်းမှာ ရောက်တဲ့နေရာ ဘုရားစင်အရင်လုပ်လို့ သူတို့အမေက အမြဲမှာလေ့ရှိတယ်။ ကျွန်တော်တသက်မှာ ရွှေရောင် ငွေရောင်တွေနဲ့ ဘုရားကျောင်းဆောင် မရှိဖူးခဲ့ပါ။

ဆွမ်းတော်တင်တာကိုလည်း အမျိုးမျိုးရေးလာကြတယ်။ အခွံခွာရမယ်တဲ့၊ လူစားသလောက်တင်ရမယ်တဲ့ စသဖြင့်။

မည်ကမတ္တဘုရားစင်တောင်မထားသူတွေက ဘုရားအဆုံးအမ ပိုတည်ကြသူတွေရှိနိုင်တယ်။

Utmost Respect ဘုရားစင် https://doctortintswe.blogspot.com/2016/11/utmost-respect.html
ဘုရားစင် https://doctortintswe.blogspot.com/2017/07/blog-post_43.html
ဘုရားစင်မှာ အခွံမခွါ https://doctortintswe.blogspot.com/2017/05/blog-post_89.html
ဘုရားစင် https://doctortintswe.blogspot.com/2018/10/blog-post_889.html
ဘုရားစင် (၂) https://doctortintswe.blogspot.com/2017/03/blog-post_26.html
ဘုရားစင် (၁) https://doctortintswe.blogspot.com/2017/02/blog-post_27.html

ဒေါက်တာတင့်ဆွေ
၂၆-၃-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး