ကဗျာဆရာ အယ်ဒီတာ မြန်မာစာ
(စ) ပထမကြိမ် ၁၉၆၄ က ရိုက်တဲ့မူရင်းကို နမူနာပို့တာပါ။ ကျွန်တော်က နေဝင်းသတ်ပုံ မသုံးဘူး။ (တစ်) မသုံးဘူး။ အယ်ဒီတာတွေက ပြောမရဘူး။ အများစုက မြန်မာစာမတတ်။ ဘာဖြစ်သလဲကို ဘာဖြစ်သလည်းလို့ပြင်တယ်။ ငါ့စာ မှားမှား မပြင်နဲ့ပြောတာကိုမရဘူး။ ဒေါ်စု ရဲ့ကြောက်ရွံ စာအုပ်ဘာသာပြန် ဒုကြိမ်ဖတ်တော့ သတ်ပုံမှား ၂၀၀ကျော်။ Dr. Ag. Khin ဘာသာပြန်တာ။ သမိုင်းပါရဂူ။ သဒ္ဒါမှားလဲပါတယ်။ ကိုအောင်ရှင်ကို ပြောထားတယ်။ ဒုကြိမ်ထုတ်ရင် ပြင်လို့။ ဆရာနမူနာ ကြည်ချင်ရင်ပို့မယ်။ မြန်မာစာ ဘီအေ၊ အမ်အေတွေက မူလကတည်းက ညံ့လို့မြန်မာစာယူကြရတာ။ စာပေ ဝါသနာပါလို့ မဟုတ်။ သိန်းနိုင်၊ တင်မိုးတို့လို မဟုတ်။ စာပေဝါသနာပါရင် မြန်မာစာကို ကိုယ့်ဖာသာဖတ်။ မယူနဲ့။ သိပ္ပံ၊ သမိုင်းလေ့လာလို့ တပည့်တွေကို ပြောရတယ်။ (ဆုံး)
အဲတာကြောင့် ဆရာ့ကဗျာကို အယ်ဒီတာမဟုတ်တဲ့ ကျွန်တော်က ပြင်ပြီးတင်ပါရစေ။
မုတ်သုန်လေနှင့် တော်လှန်ရေး အစဉ်အလာ
မုတ်သုန်ဤလေ
နွေကိုနန်းတင်၊ ဆောင်းကိုနှင်၏။
ရွက်ဟောင်းကိုနှင်၊ ရွက်သစ်ဆင်၏။
အစဉ်အလာ ထူးမြတ်စွ။
ဆောင်းကိုဖီဆန်၊ မုတ်သုန်ထန်စဉ်
တရံခါက၊ မတ်တလ၌
ထကြွပုန်ကန်၊ တို့တော်လှန်သော်
ဂျပန်ဖက်ဆစ် ပြေးရခဲ့။
ခါတိုင်းလိုပင်
ပင်လက်ပံလည်း၊ မီးလျှံ မီးတုတ်
ကိုင်ကာဆုပ်၍၊ မုတ်သုန်ရှေ့က
အချက်ပြသည်၊ မတ်လခါတိုင်း ဝတ်မပျက်။
တောမီးကိုထမ်း၊ ရှမ်းတောင်တန်းလည်း
အောင်ဆန်း ဗထူး၊ သတ္တိထူးကို
ချီးကျူးတင်စား၊ နေသည့်လားသို့
ရှေ့ဖျား ရဲရဲနီလျက်။
ထလော့ကြွလော့၊ လှုံ့ဆော်ပြောသို့
ဥဩရဲဘော်၊ ခွန်းဆင့်ကြော်လျှင်
တော်လှန်ခဲ့ကြ၊ မတ်တလကို
မှန်းဆ အားအင်ဝင်မိ၏။
ဥဩ စစ်ချီ၊ သီလော့ သီလော့
ရိုးမ မီးနီ၊ နီလော့ နီလော့
လက်ပံပွင့်နီ၊ နီလော့ နီလော့
မုတ်သုန်လေနီ၊ ချီလော့ ချီလော့
မတ်လ့ မတ်လ့
သတိရ၍၊ သွေးကြွဆူလာ
စာဆိုငါသည်၊ ကဗျာတပုဒ်
ရေးသီထုတ်ခိုက်၊ မုတ်သုန်လေလျှင်
ငါ့ဆံပင်ကို
ဝှေ့ငင်လှုပ်ဆွ၊ ကြက်သီးထပြီ
ထထ သူပုန် အော်မိ၏။ (မောင်စွမ်းရည်)
စာရိုက်တာမှာ လွဲတာရှိရင် ကျွန်တော့်တာဝန်သာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၁၉

Comments
Post a Comment