Academy အကယ်ဒမီ
ပလေတိုခေတ်မတိုင်မီက စိတ်အားထက်သန်သော အက်သင်းမြို့သား လူငယ်များသည် အထက်တန်းပညာရပ်ကို ဆည်းပူးရာ၌ ဒဿနိကပညာရှင်များဖြစ်ကြသည့် ဆိုးဖစ်များကိုသာ အားကိုးအားထား ပြုကြရသည်။ ထိုဆိုးဖစ်များသည်လည်း ဒဿနိကဗေဒနှင့် စကားအပြောအဟော အတတ်ပညာကို တမြို့မှတမြို့သို့ လှည့်လည်ကာ သွန်သင်ပြသကြလေသည်။ အေသင်းမြို့ဆင်ခြေဖုံးရပ်ကွက်များရှိ လူထုအားကစားရုံများ၌ လူငယ်များ ကစားခုန်စား လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ဤလူငယ်များသည် ထိုခရီးသည်ဆရာများ၏ သွန်သင်ပြသမှုကို လက်ခံသင်ယူရန် အမြဲရှိနေလေသည်။ လှပစွာကာရံထားသော ကွင်းများ၌ အားကစားရုံများ၊ ရေချိုးကန်များကို ဆောက်လုပ်ထား၏။ ထို့ပြင် အမိုးရှိသော စင်္ကြံများနှင့် အရိပ်ရှိသော သစ်ပင်အုပ်များသည်လည်း ဆရာနှင့်တပည့် တွေ့ဆုံရာနေရာများ ဖြစ်လာကြလေသည်။
ပလေတိုသည် ဘီစီ ၃၈၇ ခုနှစ်လောက်တွင် ပြန်ရောက်လာသောအခါ ယင်းမြို့ အနောက်မြောက် တမိုင်ခန့်အကွာရှိ အကယ်ဒမီဟူသော အားကစားရုံအနီး အိမ်တအိမ်တွင် နေထိုင်လေသည်။ ထိုအားကစားရုံ၏ မူလပိုင်ရှင်မှာ အကယ်ဒီးမတ်ဆိုသူဖြစ်ရာ ထိုသူ၏အမည်ကိုအစွဲပြု၍ အားကစားရုံကို အကယ်ဒမီဟု ခေါ်လေသည်။
ပလေတိုသည် ကျောင်းသားဦးရေ ကန့်သတ်ထားသော ကျောင်းတကျောင်းကို တည်ထောင်ပြီးလျှင် တပည့်များအား တခါတရံ အကယ်ဒမီဥယျာဉ်၌၎င်း၊ တခါတရံ သူ၏အိမ် သို့မဟုတ် ဥယျာဉ်၌၎င်း၊ ဒဿနိကဗေဒဆိုင်ရာ ပညာများကို ဟောပြောပြသလေသည်။
တခြားဆရာများလည်း ပလေတို၏ အတုကိုယူ၍ တနေရာရာကို ရွေးချယ်ပြီးလျှင် သင်တန်းများ ဆွေးနွေးပွဲများ ပြုလုပ်ကြ၏။ ပလေတို၏ တပည့်များဖြစ်သော အရစ္စတိုတယ်ကလည်း အက်သင်းမြို့ အရှေ့ဖက်ရှိ လိုက်ဆီယမ်တွင် ကျောင်းတကျောင်း တည်ထောင်လေသည်။
စာသာအားလုံးကို မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄ စာမျက်နှာ ၈၅ ကနေကူးယူထားပါတယ်။ သတ်ပုံပြင်မထားပါ။ သတ်ပုံမှန်နဲ့ရေးသားပြီး စစ်မှန်အဖိုးတန်တဲ့အတတ်ပညာတွေ သင်ကြားပို့ချပေးနိုင်တဲ့ အကယ်ဒမီတွေ ပေါ်ပေါက်ပါစေချင်တယ်။ အခုထိတော့ ကျောင်းတကျောင်းမျှမရှိ။ ကျောင်းတစ်ကျောင်းတွေကတော့ တနိုင်ငံလုံးမှာ အပြည့်။
ဒေါက်တာတင့်ဆွေ
၂၃-၃-၂၀၁၉
ဤခရီးသည် ဆရာများအဖို့ မိမိတို့ သွန်သင်ပြသသည့် ပညာရပ်များကို လက်ခံသင်ယူမည့် ပရိသတ် မရှိဟူ၍ မည်သည့်အခါမျှ မရှိခဲ့ချေ။

Comments
Post a Comment