HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ

၁၉၈၁ ခုနှစ်က (လော့စ်အင်းဂျလိစ်) က (ဂေး) တယောက်မှာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ နူမိုးနီးယားရောဂါနဲ့ AIDS ရောဂါကို စတွေ့ခဲ့တယ်။ နောက် အမေရိကား၊ အနောက်ဥရောပ၊ အာဖရိကမှာ ဆက်လက် တွေ့လာပြန်တယ်။ ၁၉၈၃ ခုနှစ် ရောက်မှ အမေရိကန် နဲ့ ပြင်သစ်ဆရာဝန်တွေက HIV ပိုးကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ သွေးစစ်နိုင်လာပြီ။ အဲဒီ စစ်ဆေးနည်းကိုဘဲ ကနေ့အထိ သုံးနေတယ်။ မိနစ် (၂ဝ) အကြာမှာ အဖြေရမယ်။

Human Immunodeficiency Virus (HIV) ဆိုတာ လူတွေမှာ ဖြစ်စေတဲ့ ခုခံနိုင်စွမ်းအားနည်းစေမဲ့ Retrovirus (ရီထရို-ဗိုင်းရပ်စ်) ပိုးကို ခေါ်တာဖြစ်တယ်။ ဒီပိုးဝင်လာရင် AIDS ရောဂါကို ရစေနိုင်တယ်။ ဒီပိုးက လူရဲ့ (ဆဲလ်) တွေထဲကို ဝင်ပြီး အစာအာဟာရနှင့် စွမ်းအားတွေကို သုံးစားပြီး ကြီးထွား၊ ပွားများလာကြတယ်။ ဆေးထိုးအပ် မျှသုံးတာ၊ လိင်ဆက်ဆံနည်း အမျိုးမျိုးတွေကြောင့် ကူးစက်မယ်။ မိခင်က မွေးလာမဲ့ ကလေးကိုလဲ ကူးနိုင်တယ်။ အစမှာ ကိုယ်ပူမယ်၊ အန်မယ်၊ ဝမ်းပျက်မယ်၊ ကြွက်သား-အဆစ်တွေနာ၊ ခေါင်းကိုက်၊ တက်စေ့တွေ နာ-ရောင်မယ်၊ လည်ပင်းနာမယ်၊ ကိုယ်အလေးချိန်ကျမယ်၊ (အင်ဖက်ရှင်) တွေ ဝင်လာမယ်၊ Dementia ဥာဏ်ရည်ပါ ကျနိုင်တယ်။

AIDS (Acquired Immune Deficiency Syndrome) ဆိုတာ မွေးရာပါ မဟုတ်ဘဲ တဆင့်ခံရရှိလာတဲ့ ခုခံနိုင်စွမ်းအား နည်းခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေ ဖြစ်တယ်။ ဖြစ်လာရင် ခုခံစွမ်းအားစနစ် ပျက်စီးပြီး၊ ရောဂါပိုးမွှားတွေ ကူးစက်လာတာမှန်သမျှကို ခံနိုင်ရည် မရှိတော့ပါ။ ဝင်လာတဲ့ HIV (ဗိုင်းရပ်စ်) ပိုးက လူရဲ့ သွေးဖြူဥတွေထဲ ဝင်ရောက်၊ ကြီးထွား၊ ပွားများ လာကြတယ်။ သွေးဖြူဥတွေက လူရဲ့ ခုခံစွမ်းအတွက် ရောဂါပိုးတွေ၊ ရောဂါဘယတွေကို တိုက်ဖျက်ပေးနေတာပါ။

၂ဝဝ၂ ခုနှစ်က တကမ္ဘာလုံးမှာ ကူးစက်ရောဂါတွေကြောင့် သေရသူ စုစုပေါင်း ၂၇.၇၆ သန်းထဲမှာ AIDS ကြောင့် ၂.၈ သန်း သေခဲ့လို့ ၄.၉ % ရှိတယ်။ ၉၅ % မှာ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက ဖြစ်တယ်။ အမျိုးသမီးတွေနဲ့ လူငယ်တွေမှာ ပိုပြီး အဖြစ်များနေတယ်။ ကနေ့အထိ ထိရောက်တဲ့ ကုသနိုင်သည့်ဆေး မပေါ်သေး။ ပေါ်သမျှဆေးတွေက ပြင်းပြီး မကောင်းကျိုးတွေလဲ များတယ်။

HIV ကူးစက်နည်း
HIV (ဗိုင်းရပ်စ်) ပိုးစာ ကူးစက်ခံထားရသူရဲ့ သွေး၊ ကျား-မ လိင်လမ်းကြောင်းက ထွက်တဲ့ အရည်၊ မျက်ရည်၊ တံတွေး၊ ဆီး၊ သလိပ် နဲ့ မိခင်နို့ရည်တွေထဲမှာ ပါနေတယ်။ ပိုးက အခြားလူတယောက်ရဲ့ သွေးထဲကို တနည်းနည်းနဲ့  ဝင်ရောက် ကူးစက်တယ်။ မွေးလမ်းကြောင်း၊ ပါးစပ်၊ လိင်အင်္ဂါ (လိင်တံ၊ ဗဂျိုင်းနား)၊ စအို၊ ဆေးထိုးအပ်၊ နို့တိုက်တာ၊ အနာ-ဒဏ်ရာ တွေကတဆင့် ဝင်ရောက် ကူးစက်နိုင်တယ်။

ဒါ့ကြောင့် ကာကွယ်မှု မလုပ်ဘဲ လိင်ဆက်ဆံမှုတွေမှာ အထူးသတိထားရမယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါ STD တခုခုရှိနေရင် ပိုဖြစ်နိုင်တယ်။ ဆေးထိုးအပ်ကို လူတယောက်မက အသုံးမပြုရဘူး။ ထိုးကွင်း-မင်ကြောင်ထိုးတာ၊ လှခြင်လို့ ကွင်းတပ်တာလဲ ကူးနိုင်တယ်။ ကိုယ်ဝန်ဆောင်နေတုံးနဲ့ နို့တိုက်ရင်လဲ မိခင်မနေ ကလေးကို ကူးစက်စေတယ်။ ဒါပေမဲ့ အစားအစာ၊ လေ၊ သာမန်ထိတွေ့မှုတွေကြောင့် ကူးစက်ခြင်း မဖြစ်နိုင်ပါ။

ရောဂါလက္ခဏာများ
• ပထမအဆင့်။ တုပ်ကွေးလို ဖြစ်လာမယ်။ ကိုယ်ပူ၊ ညချွေးထွက်၊ တက်စိရောင်၊ ချမ်း၊ အားယုတ်၊ အလေးချိန်ကျ။ ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါလက္ခဏာတွေ ရှင်းပျောက်သွားမယ်။
• ဒုတိယအဆင့်။ ရောဂါလက္ခဏာမရှိတဲ့ နာတာရှည်အဆင့်၊ ရောဂါလက္ခဏာ မပေါ်ပေမဲ့ ရောဂါပိုး ရှိနေတယ်။ လူကောင်းလိုဘဲ။ သွေးစစ်မှ သိနိုင်တယ်။
• တတိယအဆင့်။ AIDS ဖြစ်ပြီ။ Opportunistic infections အခြေအနေကို အခွင့်ကောင်းယူပြီး အခြားရောဂါတွေ ဝင်လာတော့မယ်။ နူမိုးနီးယား၊ တီဘီ၊ အစာမြိုပြွန်ရောင်၊ မှိုပိုး၊ ရေယုံ၊ ကင်ဆာ။

ကာကွယ်နည်း
• လိင်ဆက်ဆံတဲ့အခါတိုင်း အရည်အသွေးမှီတဲ့ (ကွန်ဒုန်း) သုံးပါ။
• ဆေးထိုးအပ်ကို တဦးထက် ပိုမသုံးရ၊
• မိခင်မှာ ပိုးရှိနေရင် မီးဖွားတာ အထူးဂရုစိုက်ရမယ်။ မိခင်က ကလေးကို နို့မတိုက်ရ။
• သံသယရှိလျှင် စစ်ဆေးပါ။
• STD တခုခုရှိနေရင် ဖိထိရောက်ရောက် ကုသပါ။
• ကျား-မ အတူနေဖက် အရေအတွက် မများသင့်ပါ၊
• အသက်ငယ်ငယ်မှာ လိင်ဆက်ဆံတာ၊ အိမ်ထောင်ပြုတာ ဆင်ခြင်ပါ။
• အပျော်လိုက်တာ ရှောင်ရန်။

ကုသနည်း
• ကာကွယ်ဆေး မရှိသေး၊ ကုသရန် ထိရောက်သည့်ဆေး မရှိသေး၊
• လက်ရှိသုံးနေတဲ့နည်းက Highly Active Antiretroviral Therapy (HAART) ဖြစ်တယ်။
• ဗီတာမင် အမျိုးမျိုးပေးခြင်းဟာ သက်သာစေတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး