Vaginal Bleeding During Intercourse အတူနေစဉ် သွေးထွက်ခြင်း



တချို့အိမ်ထောင်သည်တွေမှာ ကာကွယ်ဆေးထိုးပြီးပေမယ့် အမျိုးသားနဲ့ အတူနေပြီးစအချိန်မှာ တခါတလေ သွေးဆင်းတာ ကြားဖူးပါတယ်ဆရာ။ အဲဒါကရော ကင်ဆာရဲ့အစလက္ခဏာပဲလားဆရာ။ နောက်ပြီး တချို့အပျိုကြီး အစစ်တွေမှာလဲ သွေးတစ်လလုံးဆင်းလို့ OG တွေက ကင်ဆာလက္ခဏာဆိုပြီး သားအိမ်ထုတ်ခိုင်းတာလဲ အများကြီး တွေ့ဖူးပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲဆရာ။

ဒီလိုပါဆရာ ပထမတစ်ယောက်က သူငယ်ချင်းပါဆရာ။ သူကရာသီလာခါနီးမှာ အမျိုးသားနဲ့အတူနေပြီးတဲ့အခါ သွေးနဲနဲဆင်းတယ်လို့ ပြောတယ်ဆရာ။ ဒါပေမယ့် နောက်ရက်ကျတော့ မဆင်းတော့ဘူးတဲ့။ အဲလိုမျိုး နှစ်ခါလောက် ဖြစ်တော့ သူကြောက်ပြီး OG သွားပြတော့ သားအိမ်ခေါင်းဝက အချွဲကိုယူပြီးစစ်တော့ ကင်ဆာမဟုတ်ဘဲ သားအိမ်ခေါင်း နဲနဲရောင်တာလို့ ပြောပြီးပိုးသတ်ဆေးပဲ ပေးလိုက်တယ်တဲ့။ သူလဲ ကာကွယ်ဆေးပါ ထိုးလိုက်ပါတယ်ဆရာ။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီး နောက်ပိုင်းလဲ တစ်ခါတစ်လေ အဲဒီလိုပဲ သွေးဆင်းတတ်ပါတယ်တဲ့။ ဒါပေမယ့်သူလဲ OG ထပ်မပြချင်တော့ဘူး။ ပြလဲဘာမှမဖြစ်ဘူးပဲ ပြောဦးမယ်ဆိုပြီး မပြပဲနေနေလို့ပါ။ ရေရှည်ဆိုရင် ဘာဖြစ်နိုင်ပါသလဲဆရာ။ သူကရှက်တတ်လို့ပါ။ နောက်တစ်ဦးက သမီးတို့နဲ့ အရာင်းအဝယ်လုပ်တဲ့ အစ်မကြီးပါ။ သူကအပျိုကြီးပါ။ ဒါပေမယ့် အဖြူမကြာခဏဆင်းပြီး တစ်ခါတစ်ခါ လနဲ့ချီပြီးကြာလို့ OG သွားပြတဲ့အခါ သားအိမ်ကင်ဆာလက္ခဏာဆိုပြီး သားအိမ် ထုတ်ခိုင်းလို့ထုတ်လိုက်ရတယ်ဆရာ။ သမီး သိသလောက်တော့သူက အပျိုကြီးအစစ်ပါဆရာ။ ဒါပေမယ့် ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ ဗဟုသုတအနေနဲ့သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဒီမေးခွန်း ၂ မျိုးလုံးကို ဖြစ်တဲ့သူတဦးချင်းရဲ့ ကျန်းမာရေးရာဇဝင်၊ စစ်ဆေးချက်တွေလုပ်ပြီးမှသာ ပြောနိုင်ပါတယ်။ အမျိုးသမီတွေ သွေးဆင်းတာ ပုံမှန်ရက် မဟုတ်တိုင်းတော့ ကင်ဆာလို့ မထင်သင့်သေးပါ။ လူနာတဦးချင်းအတွက် သိချင်ရင်တော့ အချက်အလက်တွေနဲ့ မေးနိုင်ပါတယ်။

သားအိမ်ဝကင်ဆာကို Pap smear test လုပ်မှသိမယ်။ အဲဒီစစ်နည်းကိုလဲ အမျိုးသမီးရဲ့ အရွယ်၊ မိသားစုရာဇဝင်စတာတွေအရ ဘယ်လောက်တခါ စစ်နေရမယ်ဆိုတာကို “Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်” ထုတ်ထားပါတယ်။ အရင်စစ်တာ ဘာမှမတွေ့ပေမဲ့ နောက်စစ်တာမှ တွေ့လာတာမျိုး ရှိနိုင်တယ်။ တသက်လုံး ရောဂါမတွေ့တာလဲ ရှိမယ်။

အဖြူဆင်းတိုင်းလဲ ကင်ဆာတော့မဟုတ်ပါ။ အိမ်ထောင်မကျဘူး၊ အတူမနေဘူးလဲ သားအိမ်ဝကင်ဆာ၊ သားအိမ်ကင်ဆာ၊ မျိုးဥအိမ်ကင်တာတွေဖြစ်နိုင်ပါတယ်။ အသက်ငယ်ငယ်ကတည်း အတူနေဘူးသူ၊ အတူနေဖက်များသူ။ လိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိနေသူတွေမှာ ပိုဖြစ်နိုင်ပါတယ် ဒါပေမဲ့ အပျိုကြီးတွေမှာ လုံးဝမဖြစ်လို့ အာမခံချက်တော့ မရှိပါ။ သားအိမ်ဝကင်ဆာကို မစစ်ဘဲ သွေးဆင်းရက်ပုံမှန်မဟုတ်တာ၊ အတူနေတုံးသွေးဆင်းတာနဲ့ အတူနေစဉ်မှာ မနာသင့်ဘဲ နာတာတွေက သံသယရှိတဲ့ လကဏာတွေဖြစ်ပါတယ်။

Vaginal Bleeding During Sexual Intercourse အတူနေစဉ် မွေးလမ်းက သွေးဆင်းခြင်း ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ -
(၁) Inflammation ရောင်ရမ်းခြင်း
Cervical erosion သားအိမ်ဝရောင်ခြင်း၊ ငယ်ရွယ်သူတွေ၊ တားဆေးစားနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာလဲ ဖြစ်နိုင်တယ်။ အဲလိုအချိန်တွေမှာ သားအိမ်အဝက ပုံမှန်ထက် နုနေလို့ဖြစ်တယ်။ ဖြစ်ရင်လဲ အလိုလိုပျောက်နိုင်သလို လိုအပ်ရင် Freezing နည်းနဲ့ကုသလို့ရတယ်။

 (၂) Atrophic vaginitis ဗဂျိုင်းနား ပါးလွှာခြင်း
သွေးဆုံးပြီးရင် Estrogen ဟော်မုန်းနည်းရာကနေဖြစ်တယ်။ တချို့မှာဖြစ်တတ်တယ်။ သွေးနဲနဲလေးဆင်းတာနဲ့ အတူနေစဉ်နာတာတွေ ဖြစ်တယ်။ ဖြစ်ရင် အတူနေစဉ်မှာ Lubricating gels ဂျဲလ်ကိုသုံးနိုင်တယ်။ Estrogen (အီစထိုဂျင်) ဟော်မုန်းနဲ့ ကုနိုင်တယ်။ ဆေးသောက်နည်း-ဆေးထည့်နည်းသုံးနိုင်တယ်။

(၃) Sexually transmitted diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါတွေ
Chlamydia (ကာလ်မိုင်ဒီးယား) နဲ့ Gonorrhea (ဂိုနိုးရီးယား) တွေကနေ ဖြစ်စေနိုင်တယ်။ ပိုးရှိနေရင်
Vaginal discharge မွေးလမ်းကနေ တခုခုဆင်းတာ၊ Pelvic pain တင်ပါးဆုံရိုးကွင်းထဲကနာတာ၊ Itching ယားတာ၊ Burning ပူလောင်တာတွေခံစားရမယ်။ Antibiotics ပိုးသေဆေးနဲ့ ပျောက်ပါတယ်။ မကုဘဲထားရင် တချိန်မှာ ကလေးမရတာ ဖြစ်လာနိုင်တယ်။ Trichomoniasis (ထရွိင်ကိုမိုနီယေးဆစ်) ရောဂါကနေလဲဖြစ်တယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရောဂါတခုဖြစ်တယ်။ လိင်ကတဆင့်ကူးတယ်။ တခုခုဆင်းမယ်၊ ယားမယ်၊ သွေးဆင်းမယ်။

(၄) Abnormal growths အပိုအဆာတခုခုဖြစ်တာ
Cancer ကင်တာဖြစ်နိုင်သလို၊ Precancerous growths ကင်ဆာမဟုတ်ခင်အဆင့်လဲ ဖြစ်နိုင်တယ်။

(၅) Endometriosis (အင်ဒိုမီထရီယိုးဆစ်) ရောဂါ
သားအိမ် (ဆစ်ရှူး) တွေက သားအိမ်အပြင်မှာဖြစ်နေတာကိုခေါ်တယ်။ အပျိုကြီးတွေ၊ ကလေးမရသေးသူတွေမှာ ပိုဖြစ်တယ်။ ရာသီလာချိန်နဲ့ အတူနေချိန်တွေမှာ နာတာသိသာတယ်။

(၆) Uterine polyps သားအိမ်အသီး
ကင်ဆာမဟုတ်တဲ့ အသားပိုအသီးလေးတွေကနေလဲ သွေးဆင်းတာ ဖြစ်နိုင်တယ်။ သားအိမ်နဲ့ သားအိမ်ဝကနေ ထွက်တယ်။ သူ့အလိုလိုလဲ ပျောက်နိုင်တယ်။ လိုအပ်ရင် ခွဲထုတ်ရမယ်။

အတူနေပြီးသွေးထွက်ခြင်းကိုဖြစ်စေနိုင်တာတွေရှိတယ်။

1.     Inflammation ရောင်ခြင်း၊ Vaginitis, Cervicitis, Cervical erosion သားအိမ်ရောင်ခြင်း၊ ငယ်ရွယ်သူတွေနဲ့ တားဆေးသောက်နေသူတွေမှာ ဖြစ်တတ်တယ်။ အလိုလိုလဲပျောက်သွားနိုင်တယ်။ အေးခဲနည်းနဲ့လဲကုသပေးနိုင်တယ်။

2.     Atrophic vaginitis မွေးလမ်းခြေmက်သွေ့ခြင်း၊ သွေးဆုံးပြီးအမျိုးသမီးတွေမှာဖြစ်တယ်။ estrogen ဟော်မုန်းကို ထည့်ဆေးနဲ့ သောက်ဆေးပေးတယ်။

3.     Sexually transmitted diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါ၊ chlamydia (ကလာမိုင်ဒီးယား) နဲ့ gonorrhea (ဂနိုရီးယား) တွေကနေဖြစ်စေနိုင်တယ်။ ဆိုင်ရာပိုးသေဆေးပေးရင် ပျောက်တယ်။

4.     Trichomoniasis (ထွိုင်ကိုမိုးနပ်စ်) ပိုးဝင်ခြင်း၊ လိင်ကတဆင့်ကူးစက်ရောဂါ၊ အဖြူဆင်းမယ်၊ ယားမယ်။ ပိုးသေဆေးပေးရင် ပျောက်တယ်။

5.     Abnormal growths ကင်ဆာ ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့အသားပို၊ စနစ်တကျဆေးကုရမယ်။ ၆% က ကင်ဆာဖြစ်တယ်။

6.     Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ၊ ကလေးမရနိုသ်သေးတဲ့ အသက်လဲ သိပ်မငယ်တဲ့ အမျိုးသမီးတွေမျာဖြစ်တယ်။ အတူနေရင်လဲ နာမယ်။

7.     Uterine polyps သားအိမ်အသားပို၊ ခွဲစိတ်ကုသရင်ပျောက်တယ်။

8.     Cervical dysplasia ကင်ဆာနဲ့ဆင်တဲ့အဆင့်၊ cervical intraepithelial neoplasia (CIN) ခေါ်တယ်။ စနစ်တကျကုသရမယ်။

9.     Vaginal yeast infection မွေးလမ်း မှိုပိုးဝင်ခြင်း၊ အနံ့ဆိုတဲ့ အဖြူဆင်းမယ်၊ ဒိန်ခဲလိုဆင်းမယ်။ ဆေးကုရင်ပျောက်တယ်။

10.  Fibroid tumors သားအိမ်အကျတ်၊ အဖြစ်နည်းပါ။ ကလေးမရသေးသူတွေမှာပိုဖြစ်တယ်။ ခွဲစိတ်ကုသရင်ပျောက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး