Breast Cancer (1) ရင်သား-ကင်ဆာ (၁)

1. ဆရာရှင့် ကျွန်မရဲ့ယောင်းမ က ရင်သားကင်ဆာ အဆင့် ၁ လို့ပြောပါတယ်။ ဘယ်လိုကြောင့် ရင်သားကင်ဆာ ဖြစ်ပါသလဲ။ ဘယ်လိုနေထိုင် စားသောက်မှု ပုံစံလုပ်ရပါမလဲရှင်။ ဆရာ ဖြေကြားပေးပါလို့ လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
2. ရင်သားကင်ဆာအကြောင်းသိချင်ပါတယ်ရှင်။ ရောဂါဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြပါသလဲရှင်။ ရင်သားမှာ အကျိတ်ရှိရင် ကင်ဆာကျိတ်လား၊ ရိုးရိုးအကျိတ်လားဆိုတာ ဘယ်လိုခွဲခြားစမ်းသတ်လို့ရပါသလဲရှင်။ ကျေးဖူးပြုပြီး ဖြေပေးပါရှင် အရင်ဖြေခဲ့တာတွေကိုလည်း ကျေးဇူးတင်လျက်ပါ။ ကျွန်မနဲ့နီးစပ်တဲ့သူတွေကို ပြန်မျှဝေပေးနေရလို့ပါ။

ကနေ့ ဖေ့စ်ဘွတ် စာမျက်နှာ မက်ဆေ့ခ်ျကနေမေးတာတွေထဲမှာ အသက်၊ ကျန်းမာရေးနောက်ခံ အချက်အလက်မပါပဲ မေးကြသူတွေများတယ်။

ရင်သား-ကင်ဆာဟာ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဖြစ်နိုင်တယ်။ (စာရင်းဇယား တိတိကျကျ ထားနိုင်ကြတဲ့ နိုင်ငံတွေမှာ ပြောတာပါ။ ကျွန်တော်တို့ တိုင်းပြည်က ညံ့ရမဲ့နေရာတွေမှာ နောက်မကျပါ။) ဘာလို့လာဖြစ်သလဲ အတိအကျ မသိရသေးပါ။ ဖြစ်နိုင်ခြေရှိသူ ဆိုတာလောက်သာ သိသေးတယ်။ ရင်သား-ကင်ဆာ ဖြစ်ရာကနေ တခြားနေရာတွေကို ကူးစက်သွားနိုင်တာမှာ ကင်ဆာ အမျိုးအစား တခုနဲ့တခု မတူကြပါ။ ကိုယ့်ဖါသာစမ်းတာ၊ ဆရာဝန်က စမ်းသပ်တာ၊ Mammography, Ultrasound testing နဲ့ Biopsy တွေနဲ့ ရောဂါ ဟုတ်-မဟုတ်သိတယ်။ ကုသနည်းဟာ အမျိုးအစား၊ အဆင့်၊ ဖြစ်တဲ့နေရာ၊ လူနာအသက်နဲ့ ကျန်းမာရေးတွေအပေါ်မှာ မူတည်တယ်။ "အသက် ၃၅-၄ဝ နှစ်ရှိသူ အမျိုးသမီးတိုင်း Mammogram ရိုက်သင့်တယ်။ အသက် ၄ဝ-၅ဝ နှစ်ရှိသူတွေ ၂ နှစ်တခါ ရိုက်သင့်တယ်။ ၅ဝ ကျော်ရင် နှစ်စဉ်ရိုက်သင့်တယ်" လို့ အမေရိကန် ကင်ဆာ အသင်းကနေ အကြံပြုထားတယ်။

ဘာလို့ဖြစ်ရသလဲ မျိုးဗီဇ နဲ့ ဟော်မုန်းတွေကို လက်ညှိုးထိုးလို့ရတယ်။ ရင်သား-ကင်ဆာဟာ မျိုးဥအိမ်-ကင်ဆာ၊ ယောက်ျား ဆီးကျိတ်-ကင်ဆာတွေလိုဘဲ မိသားစု တခုထဲမှာ တယောက်မက ဖြစ်ကြရတယ်။

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်သမျှကင်ဆာထဲက အဖြစ်အများဆုံး နဲ့ ကင်ဆာကြောင့် သေဆုံးမှုမှာ ဒုတိယအများဆုံး ဖြစ်တယ်။ အမျိုးသမီးတိုင်းကို ဆန်ကာတင် စစ်ဆေးတာ၊ ရောဂါ နာမယ်တပ်နိုင်တာ နဲ့ ကုသမှုတွေမှာ ပိုကောင်းလာလို့ သေဆုံးတာ နည်းလာပြီ။ အသစ်တွေ့လာတဲ့ ရင်သား-ကင်ဆာရှိသူတွေ ၉ဝ% ဟာ ၅ နှစ်မက အသက်ရှင်နိုင်နေပြီဖြစ်ပါတယ်။ ဒါလဲ သူများတိုင်းပြည်တွေမှာပါဘဲ။

အမျိုးအစားတွေ များတယ်။ နေရာတခုထဲမှာရှိတဲ့ Ductal carcinoma in situ (DCIS) ကနေ နေရာအနှံ့ ဖြစ်နေတဲ့ Invasive cancers တွေအထိ ရှိတယ်။ Colloid carcinomas နဲ့ Papillary carcinomas တွေက ကြားကျတယ်။ တခါတလေ မဆိုးတာက ဆိုးတာနဲ့ တွဲဖြစ်နေတာလဲ ရှိတယ်။ ရင်သားတဖက်ထဲသာမက နှစ်ဖက်လုံး ဖြစ်တာလဲ ရှိသလို၊ တဖက်ထဲမှာ တနေရာမက ဖြစ်တာလဲ ရှိတယ်။

ကင်ဆာ ရှိလာပေမဲ့ ဘာမှ လက္ခဏာမပေါ်ဘဲ နေသေးတယ်။ နောက်တော့ အကျိတ်-အခဲ စိမ်းတွေ့လာမယ်။ ရင်သား အရွယ်-ပုံပန်း ပြောင်းလာနိုင်တယ်။ ခွက်ဝင်နေတာမျိုး တွေ့လာ နိုင်တယ်။ နို့သီးထိပ်ဖျား ခွက်ဝင်လာနိုင်တယ်။ နို့ကနေ အရည်တမျိုးမျိုး (သွေး) ထွက်လာနိုင်တယ်။ နို့အရေပြား ခြောက်မယ်၊ နီမြန်းမယ်၊ ဖေါင်းလာမယ်၊ လိမ်မော်ခွံနဲ့ ဆင်တူလာနိုင်တယ်။

• Mammogram ဆိုတဲ့ X-ray ဓါတ်မှန်ရိုက်ရင် လက်နဲ့စမ်းမတွေ့ခင်ကတည်းက အထဲမှာ ဖြစ်နေတာကို သိနိုင်တယ်။ (ကယ်လ်စီယမ်) ကနေ အဖြူရောင်မြင်ရတာကို Microcalcifications ခေါ်တယ်။ ကင်ဆာ ဖြစ်နေတာ၊ ကင်ဆာ မဖြစ်ခင် နဲ့ တခြား အကြောင်းခံကြောင့်လဲ ဓါတ်မှန်မှာ အဲဒါမျိုး ပေါ်နိုင်တယ်။
• Ultrasound (အာလ်ထွာဆောင်း) ရိုက်ရင် အကျိတ်ဟာ ကင်ဆာဖြစ်နိုင်တဲ့ Solid အစိုင်အခဲလား၊ ကင်ဆာ မဟုတ်လောက်တဲ့ Cyst (ဆစ်စ်) အရည်အောင်းနေတာမျိုးလား ခွဲခြားသိနိုင်တယ်။
• MRI ရိုက်ရင် ပုံမှန် (တစ်ရှူး) နဲ့ ပုံမှန်မဟုတ်တဲ့ (တစ်ရှူး) ခွဲသိနိုင်တယ်။
• Biopsy အသားစဖြတ်ယူစစ်ဆေးရင် ကင်ဆာဆိုတာကို သေခြာစေမယ်။ အမျိုးအစားလဲ သိရမယ်။
• အများစုက (ကင်ဆာ-ဆဲလ်) တွေကို အခက်အခဲမရှိ သိနိုင်ပေမဲ့ တခါတလေ ကင်ဆာ-မဟုတ်တဲ့ အကျိတ်က (ဆဲလ်) တွေက Atypical cells or atypical hyperplasia တမျိုးတမည် ဖြစ်နေရင် ခွဲခြားရ ခက်လို့ အတွေ့အကြုံများတဲ့ Pathologist ရောဂါဗေဒ ဆရာဝန်ကို အားကိုးသင့်တယ်။ ရောဂါဗေဒ ဆရာဝန် တဦးကနေ စစ်ဆေးမှတ်ချက် ပေးထားတာကို ပိုသေခြာချင်ရင် တခြားတဦးဆီက ဒုတိယ အကြံဥာဏ် ရယူနိုင်တယ်။ ရင်သား-ကင်ဆာဟာ တခြား အရေးပေါ် ရောဂါတွေလို အချိန်နဲနဲနောက်ကျလို့ သိပ်ပူစရာ မရှိဘူး။
• Hormone receptor tests ဟော်မုန်းအခြေအနေသိဘို့ ဓါတ်ခွဲစမ်းသပ်မှုလဲ လုပ်တယ်။
• Staging ရောဂါအဆင့် သတ်မှတ်မှု လုပ်ရာမှာ Blood tests သွေးစစ်တာနဲ့ တခြား Bone scan, CT scan, Lymph node biopsy စစ်တာတွေပါ လုပ်သေးတယ်။

ရောဂါအဆင့်တွေကို တိတိကျကျသတ်မှတ်ထားတယ်။ နဲနဲပါးပါး မတူတာတော့ ရှိတယ်။ အဆင့် သုညကနေ ၄ အထိ ထားတယ်။ အဆင့် ၃ ကို က၊ ခ၊ ဂ လို့ ထပ်ခွဲသေးတယ်။ ပြန်ဖြစ်သူဆိုတာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ (ဆောရီး)

ဆေးကုရာမှာ Well-coordinated team ဆက်စပ်မှု ကောင်းကောင်းရှိတဲ့ အစုအဖွဲ့နဲ့ လုပ်ရတယ်။ Pathologist ရောဂါဗေဒ-ဆရာဝန်၊ Surgeon ခွဲစိတ်-ဆရာဝန်၊ Radiologist ဓါတ်ရောင်ခြည် အထူးကုဆရာဝန်တွေပါမယ်။ ကုသမှု ရွေးခြယ်ရာမှာ တခြားဆရာဝန်ဆီကနေ အကြံယူချင်ယူပါ။ ဆရာဝန်တွေ အမြင်မတူကြတာ ရှိနိုင်တယ်။ ဒါပေမဲ့ အမှန် နဲ့ အမှား ကွဲပြားကြတာမျိုးတော့ မဟုတ်ဘူး။ အကျိုး-အပြစ် ချိန်ဆရာမှာ မတူကြတာကို ဆိုလိုတာပါ။ ဥပမာ ခွဲစိတ်လို့ Cosmetic appearance အမြင်ဆိုးသွားမလား။ ရုပ်မဆိုးစေချင်တော့ နောက်ထပ် ဖြစ်မှာလေလား ချိန်ဆကြရလို့ပါ။

• ကုသနည်းတွေက တယောက်မှာ သင့်တာက နောက်တယောက်အတွက် သင့်ချင်မှ သင့်မယ်။
• ခွဲစိတ်နည်းထဲမှာ Breast-sparing surgery ရင်သားကို ထုတ်မပြစ်ဘဲ ထားနည်းနဲ့ Mastectomy ရင်သား ထုတ်နည်းတွေ ရှိတယ်။ ထုတ်ပြစ်နည်းမှာလဲ Total mastectomy ရင်သားတခုလုံးနဲ့ တက်စေ့ တချို့ထုတ်နည်း နဲ့ Modified radical mastectomy ရင်သား + ဆိုင်ရာ တက်စေ့ + အောက်ကခံ ကြွက်သားတွေကိုပါ ထုတ်ပြစ်တယ်။
• Standard lymph-node removal ချိုင်းက တက်စေ့တွေကိုပါ တပါတည်းထုတ်ပြစ်တာလုပ်မလား Sentinel node biopsy ဆိုတာလုပ်မလား ချိန်ဆရတယ်။
• Radiation therapy (Radiotherapy) ဓါတ်ကင်နည်းဆိုတာမှာ ၂ နည်းသုံးတယ်။ External radiation therapy နဲ့ Internal radiation therapy တွေဖြစ်တယ်။
• Hormone therapy ဟော်မုန်းပေးနည်းဟာ အမှန်က Anti-hormone treatment ဟော်မုန်း ဆန့်ကျင်တာ ပေးနည်း ဖြစ်ပါတယ်။
• Menopause သွေးမဆုံးသေးသူတွေကို Tamoxifen (Nolvadex) ဆေးပေးတယ်။ တနေ့ ၁ လုံး ၅ နှစ် သောက်ရတယ်။ LH-RH agonist ဆေးကိုလဲ သုံးတယ်။ ဆေး ပေး-မပေး စဉ်းစားရာမှာ Ductal carcinoma in situ (DCIS) ဆိုတဲ့ နေရာတခုလေးမှာ ကွက်ဖြစ်တာဆိုရင် စဉ်းစားရ ခက်တတ်တယ်။
• Surgery to remove ovaries မျိုးဥအိမ်တွေကို ခွဲစိတ်ထုတ်ပြစ်နည်းလဲ လုပ်နိုင်တယ်။ သွေးဆုံးစေလိုက်တာပါ။
• သွေးဆုံးပြီးသူတွေအတွက် Aromatase inhibitor ဆေးနဲ့ Tamoxifen ဆေး ပေးမယ်။
• Chemotherapy ကင်ဆာဆေးမှာ သွေးပြန်ကြေထဲထိုးပေးတာနဲ့ စားဆေး ၂ မျိုးရှိတယ်။ ဆေး အမျိုးအစား ၂ မျိုးတွဲ ပေးတတ်တယ်။
• Targeted therapy ဆေးပေးနည်းလဲ သုံးတယ်။ HER2 ဆိုတာ များနေသူတွေကို Trastuzumab (Herceptin®) ဖြစ်ဖြစ် lapatinib (TYKERB®) ဖြစ်ဖြစ် ပေးမယ်။

သမားရိုးကျ ကုထုံးကတော့ ကင်ဆာနေရာကို ဖြတ်ထုတ်မယ်။ ဆေးပေးတာဖြစ်ဖြစ် ဓါတ်ကင်တာဖြစ်ဖြစ် လုပ်ပေးမယ်။ ခွဲစိတ်တာနဲ့ ဓါတ်ကင်တာက ဖြစ်နေတဲ့နေရာက ကင်ဆာ ဆဲလ်တွေကို သေစေဘို့ဖြစ်ပြီး ဆေးပေးကုသတာကတော့ တခြားနေရာတွေ ရောက်နေမဲ့ ကင်ဆာ ဆဲလ်တွေကို သေစေဘို့ပါ။ ခုနောက်ပိုင်းမှာ မခွဲစိတ်ခင် ဆေးပေးတာကို လုပ်လာကြတယ်။ ပိုကောင်းစေမလား ယူဆလို့ပါ။ ဒီလိုနည်းသစ်ကို ကင်ဆာ အကျိတ် ကြီးတာတွေ အတွက်သာ လုပ်ပါတယ်။

Mastectomy ရင်သားကို ခွဲထုတ်ပြီးတဲ့နောက် Reconstruction ရင်သားအတု ချက်ချင်း လုပ်ပေးနိုင်တယ်။ အလှအပ သိပ်ဂရုစိုက်သူတွေ စိတ်သက်သာရာ ရစေနိုင်တယ်။ ဒါပေမဲ့ တချို့ဟာ Trade-off မသုံးတော့တာတွေ ဖြစ်တယ်။ ဓါတ်ကင်တာပါ ဆက်လုပ်ရသူတွေမှာ အဲလို ချက်ချင်း ရင်သားအတုတပ်ပေးတာ သိပ်မကောင်းဘူး။

ရင်သားထဲက Breast cells (ဆဲလ်) တွေဟာ ကင်ဆာ ဖြစ်လာပေမဲ့ Estrogens နဲ့ Progesterone ဟော်မုန်းတွေနဲ့ ပတ်သက်နိုင်သေးလို့ ဟော်မုန်းနဲ့ ကုလိုရနိုင်တယ်။ ဒါပေမဲ့ ယေဘုယျ ပြောရရင် လူတိုင်းကို Hormone replacement therapy ဟော်မုန်းပေးကုသတာ မလုပ်ပါ။ စဉ်းစာနေဆဲအဆင့်မှာ မပေးဘူး။ ဒါပေမဲ့ နောင်လဲ ပေးမှာ မဟုတ်ဘူးလို့တော့ ကံသေကံမ ပြောမရပါ။

Follow-up care ဆေးကုထားသူတိုင်း ဆရာဝန်နဲ့ ဆက်ပြနေရပါမယ်။ တိုင်းရင်းနည်း၊ (ဟာဗယ်) နည်းတွေထဲက ထိရောက်တယ် ဆိုတာ မတွေ့ဘူးသေးပါ။ မြန်မာလူမျိုးတွေအတွက် ဒီလိုမျိုး ဝေဒနာရကြရင် စိတ်ဓါတ် ခိုင်မာအောင် လုပ်သင့်တယ်။ ကံတရားကိုလဲ အားကိုးသင့်တယ်။ ရောဂါကို စောစောစီးစီး ကြိုတင်သိနိုင်အောင် စီမံမှုမျိုးထားနိုင်တဲ့ တိုင်းပြည်ဘဝ ရောက်ရအောင် လုပ်ကြရပါမယ်။

၇-၁၁-၂ဝ၁၁ နေ့သတင်းအရ ရင်သား-ကင်ဆာအတွက် (မင်မို-ဂရမ်) ရိုက်ပြီး စစ်ဆေးတာ ထင်သလောက် အသက်မကယ်နိုင်လို့ဆိုပါတယ်။

ရင်သား-ကင်ဆာဖြစ်ပြီး ကောင်းသွားသူ အမျိုးသမီးတွေက “ငါ့ကိုကယ်ခဲ့တာ (မင်မို-ဂရမ်) ပါ” လို့ ပြောတတ်ကြတယ်။ (မင်မို-ဂရမ်) ဆိုတာ ရင်သားမှာ ကင်ဆာရှိ-မရှိ စောစောသိဘို့ Breast cancer screening test လူအုပ်စုလိုက် ကြိုတင် ဓါတ်မှန်ရိုက် စစ်ဆေးနည်း ဖြစ်ပါတယ်။

Archives of Internal Medicine ကနေ နောက်ဆုံးထုတ်ပြန်ချက်အရ (မင်မို-ဂရမ်) ကျေးဇူးက ထင်သလောက် မများတာ သိလာရတယ်။ စာရင်းတွေအရ အများဆုံး ၁၃% ကိုသာ ကယ်နိုင်ခဲ့တာတွေ့ရတယ်။ ၈၇% လောက်ကို မကယ်နိုင်ဘူး လို့ Welch of Dartmouth College (၀ဲလ်ခ်ျ-ဒါ့တ်မွန်) ကောလိပ်က Dr. Gilbert ကနေ ပြောပါတယ်။

အမျိုးသမီးတွေက အဲလို အားရှိစရာတွေ ပြောပေးတာ ကောင်းတယ်။ ဒါမှ ကျန်တဲ့ အမျိုးသမီးတွေလဲ ဆေးစစ်ဘို့ လာကြမယ်။ Mammogram technology (မင်ပိုဂရမ်) နည်းပညာကလဲ တိုးတက်လာပါပြီ။ သံသယရှိတာကို စောစော သိစေနိုင်ပြီ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး